စီးပွားရေး

ဒီဇိုင်းဆန်းဆန်းနဲ့ Honda Zoomer X ဆိုင်ကယ်

ပြည်တွင်း ဆိုင်ကယ်လောကမှာတော့ Scooter တွေ ခေတ်စားလာခဲ့တာ ဆယ်စုနှစ်တစုထဲ ရောက်လာခဲ့ပါပြီ။

အရင်ကတော့ Auto ဂီယာနဲ့ ဆိုင်ကယ်တွေကိုပဲ အများဆုံး အသုံးပြုကြပေမယ့် အမျိုးသမီးဆိုင်ကယ်မောင်းနှင်သူတွေရဲ့ စိတ်ကြိုက်ဖြစ်တဲ့ Scooter တွေက မောင်းနှင်ရ လွယ်ကူခြင်းနဲ့အတူ နောက်ပိုင်းမှာ စွမ်းဆောင်ရည် ကောင်းမွန်လာလို့ လူ ကြိုက်များလာပါတယ်။

အခု ပြောပြမယ့် မော်ဒယ်ကတော့ Scooter တန်းဝင်ပဲ ဖြစ်ပေမယ့် လူကြိုက်များပြီး မြင်နေကျဖြစ်မယ့် Click နဲ့ Fino လို ရုပ်ထွက်တွေနဲ့ မဟုတ်ဘဲ Sport ဆန်တဲ့ ရုပ်ထွက်မျိုးနဲ့ ဖန်တီးထားတဲ့ Honda ရဲ့မော်ဒယ် Zoomer X ဆိုင်ကယ်ပဲ ဖြစ်ပါ တယ်။

တလုံးထိုး အင်ဂျင်ကို တပ်ဆင်ထားပါတယ်၊ဂီယာ 4-Stroke ဖြစ်လို့ အင်ဂျင်သံလည်း တည်ငြိမ်သလို မီးခိုးထုတ်လွှတ်မှု လည်း မရှိသလောက်ပါဘဲ။

အင်ဂျင်က လည်ပတ်အား တမိနစ် အပတ်ရေ ၆၅၀၀ မှာတင် ရုန်းအား ၆.၃ပေါင်-ပေ ထွက်ရှိပြီး မြင်းကောင်ရေ ၈.၂၃ ကောင်အား ထုတ်လုပ်ပေးနိုင်ပါတယ်။

အင်ဂျင်ရဲ့အမြင့်ဆုံး လည်ပတ်နိုင်စွမ်းအားက တမိနစ် အပတ်ရေ ၈၃၅၀ ထိ အောင် ဖြစ်လို့ အခြားတန်းတူ Scooter မော် ဒယ်တွေထက် မြန်နှုန်းမြင့် မောင်းနှင်နိုင်ပါလိမ့်မယ်။

PGM-FI စနစ်နဲ့ ဆီပို့စနစ်ကို သုံးထားပြီး ဆီစားနှုန်း ချိုသာပါတယ်။ ရေတိုင်ကီလို အင်ဂျင်အအေးခံစနစ် သီးသန့် ထည့် မထားပေမယ့် ပုံမှန် ခရီးဝေးမောင်းနှင်နိုင်မှုလည်း ရှိပြီး မိုင် ၃၀ မောင်း၊ တခါ အနားပေးပုံစံနဲ့ သွားမယ်ဆိုရင် စိတ်ကြိုက် ခရီးမောင်းနှင်နိုင်ဖို့ ရှိပါတယ်။

ဂီယာကတော့ Auto နဲ့ သွားပါတယ်၊ Scooter ဖြစ်လို့ အားသာချက်ကတော့ ဂီယာချက် ပြောင်းလဲ မောင်းနှင်စရာ မလိုဘဲ လီဗာကနေပဲ အတင်အချ လုပ်ပြီး ထိန်းချုပ် မောင်းနှင်နိုင်မှာ ဖြစ်လို့ သဘောကျစရာပါ။

လမ်းကြမ်းပိုင်းနဲ့ ဝန်တင်ဆောင်ချင်သူတွေ အတွက်တော့ ဒီလောက်ကြီး အဆင်မပြေချင်ပေမယ့် မြို့တွင်းသုံးနဲ့ အမျိုးသမီး ဆိုင်ကယ်စီးနင်းသူတွေအတွက်တော့ အကောင်းဆုံး မော်ဒယ်တခုပါပဲ။

ထူးခြားချက်က ပုံမှန် ချိန်းကြိုးပုံစံ နောက်ဘီးနဲ့ အင်ဂျင်ကို ချိတ်ဆက်လည်ပတ်စေခြင်မျိုး မဟုတ်ဘဲ Belt နဲ့ သွားပါ တယ်။ ဘီးရဲ့ရုန်းအားကို ပိုမို ကောင်းမွန်လာစေပါတယ်။

ကိုယ်ထည်ပိုင်းက သံမဏိဦးစားပေး ကိုယ်ထည်ဘောင်ကို သုံးထားပါတယ်။ ရှေ့ဘက် Suspension စနစ်က Upside Down Fork ဖြစ်ပြီး နောက်ဘက်ကတော့ Swingram စနစ်ကို တချောင်းတည်း ထည့်ထားပြီး monoshock ဒီဇိုင်းနဲ့ ဖြစ်ပါတယ်။

ရှေ့ဘရိတ်ကတော့ နောက်ပိုင်း တပ်ဆင် ထုတ်လုပ်မှု များလာတဲ့ ဟိုက်ဒရောလစ်ဘရိတ်နဲ့ ဖြစ်ပြီး နောက်ဘရိတ်က တော့ Drum နဲ့လာပါတယ်။ အားပြု အသုံးပြုရမယ့် နောက်ဘရိတ်ကို Drum ထားတာ သဘောကျမိပါတယ်။

ထိုင်ခုံတန်းမှာတော့ တယောက်စာအတွက်ပဲ ဖန်တီးထားတာ ဖြစ်ပြီး ထိုင်ခုံတန်း တိုနေတာ တခုကိုတော့ သိပ်မကြိုက်မိ ပါဘူး။

Start စနစ်က လျှပ်စစ်မော်တာနဲ့ပါ။ အရောင်ပိုင်း အနက်နဲ့ အစိမ်းလောက်ပဲ အဝင်များပြီး တောင်ကြီး၊ မြစ်ကြီးနား စတဲ့ နယ်ဘက်တွေမှာ အစီးများနေတာ တွေ့ရပါတယ်။

အခုနှစ် ၂၀၁၇ မော်ဒယ် တချို့ မန်းဈေးကွက်မှာ ရနိုင်နေပြီ ဖြစ်ပေမယ့် ဈေးနှုန်း သိန်း ၃၀နား ကပ်နေလို့ လူကြိုက်နည်း တယ်လု့ိ သိရပါတယ်။ လက်ရှိ စီးနင်းမှု အများဆုံးကတော့ ၂၀၁၆ခုနှစ် မော်ဒယ်တွေ ဖြစ်ပြီး ဈေးနှုန်း ၂၁သိန်းခန့် ရှိနေ ပါတယ်။

 

Loading