နိုင်ငံခြားခရီးသွားဧည့်သည် ဝင်ရောက်မှုမြင့်တင်ရေး အစီအစဉ်သစ်ဖြစ်သည့် Green Season- မိုးရာသီခရီးသွား အစီအစဉ်ကို ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ ပူးပေါင်းပြီး ယခုလအတွင်း လုပ်ဆောင်သွားမည်ဟု သိရသည်။
ထိုအစီအစဉ်နှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်မှ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးကျော်မင်းဒင်က “ ခရီးသွားဝင်ရောက်မှုများအောင် Green အစီစဉ် လုပ်ဆောင်တာ ဖြစ်ပါတယ်။ ဟိုတယ်အားလုံးဆိုရင် အနည်းဆုံး ၃၀ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်း အထိ သက်သာမှာပါ။ လေကြောင်းလိုင်းတွေလည်း အဓိကနှုန်းထားနဲ့ စပေးနေပြီ။ တချို့ခရီးသွားလုပ်ငန်းရှင်တွေရဲ့ အဖြေမရသေးတဲ့အတွက် ကြာနေတာဖြစ်တယ်။ ဒီဇွန်လထဲမှာပဲ စနိုင်မှာပါ’’ ဟု ဇွန်လ ၇ ရက်က ရန်ကုန်မြို့ Novotel Hotel တွင် ပြုလုပ်သည့် Project MYA /001 Annual Event ပွဲတွင် ပြောသည်။
မြန်မာနိုင်ငံသည် အာဆီယံဒေသတွင်း နိုင်ငံများဖြစ်သည့် ဗီယမ်နမ်၊ ထိုင်းနှင့် စင်ကာပူနိုင်ငံတို့နှင့် နှိုင်းယှဉ်ပါက ဈေးကွက်မြင့်တင်မှု အားနည်းသဖြင့် ပြည်ပခရီးသွားဧည့်သည် ဝင်ရောက်မှု ကျဆင်းနေသောကြောင့် Long time အစီစဉ်တခုအဖြင့် Green Season- မိုးရာသီခရီးသွား အစီစဉ်ကို လုပ်ဆောင်ခြင်း ဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။
“မိုးရာသီ ခရီးသွားကို သုံးသပ်ရရင် သိပ်အားမရဘူး။ ဘာလို့လဲဆိုတော့ ကျနော်တို့ရဲ့ အိမ်နီးချင်း ဗန်ကောက်ကိုပဲကြည့် အဲဒီမှာလည်း မိုးရာသီပဲ၊ ဒါပေမယ့် ဧည့်သည်တွေ လာနေတယ်။ ဗီယမ်နမ်ဆိုလည်း ဒီတိုင်းပဲ။ ဒါပေမယ့် ကျနော်တို့ဆီမှာတော့ ခရီးသွားဝင်ရောက်မှု ကျသွားတယ်။ ဒါကြောင့် မိုးရာသီခရီးသွားအစီစဉ်ကို စလုပ်တာ ဖြစ်တယ်” ဟု ဦးကျော်မင်းဒင်က ဆိုသည်။
ထိုအစီအစဉ်တွင် ခရီးစဉ်ကုန်ကျစရိတ် နူန်းထားများ ဈေးလျော့ပေးခြင်း၊ မြန်မာတနိုင်ငံလုံးရှိ ဟိုတယ်များကို ၃၀ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းအထိ ဈေးလျော့ခြင်းနှင့် လေကြောင်းလိုင်းများ၏ ခရီးစဉ်နူန်းထားများ လျော့ချပေးခြင်းကို ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၊ ဟိုတယ်လုပ်ငန်းရှင်များ၊ ခရီးသွားလာရေး လုပ်ငန်းရှင်များ၊ လေကြောင်းလိုင်းများ၊ ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်မှုရှိသည့် လုပ်ငန်းများအပါအဝင် သက်ဆိုင်ရာအဖွဲ့များနှင့် ဆွေးနွေးညှိနှိုင်းနေကြောင်းနှင့် သဘောတူညီမှုများ ရရှိပါက ယခုလအတွင်း စတင်ဆောင်ရွက်သွားမည် သိရသည်။
မိုးရာသီခရီးသွား အစီစဉ်ကို ယခုနှစ်မှစတင်ပြီး နှစ်ရှည်အစီစဉ်အဖြစ် လုပ်ကိုင်နိုင်ပါက မြန်မာနိုင်ငံရှိ ထင်ရှားသည့် ခရီးသွားနေရာများကို လူသိများလာမည့်အပြင်၊ ပြည်ပခရီးသွား ဝင်ရောက်မှု မြင့်တက်လာနိုင်မည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းရှင် တချို့က သုံးသပ်ပြောဆိုသည်။