တန်ဖိုးနည်းတိုက်ခန်းများကို အရစ်ကျ ဝယ်ယူရာတွင် လက်ရှိ ၁၀ နှစ် အရစ်ကျ ထုတ်ချေးပေးရာမှ ယခုနှစ်အတွင်း ၁၅ နှစ်ခန့်ဖြင့် နှစ်တိုး၍ ထုတ်ချေးပေးမည် ဖြစ်ကြောင်း ဆောက်လုပ်ရေးနှင့် မြို့ပြ အိမ်ရာဖွံ့ဖြိုးရေးဘဏ်၊ အိမ်ရာချေးငွေ ဌာနမှ သိရသည်။
ဆောက်လုပ်ရေးနှင့် မြို့ပြ အိမ်ရာဖွံ့ဖြိုးရေးဘဏ်၊ အိမ်ရာချေးငွေဌာနမှ လက်ထောက်မန်နေဂျာ ဦးလှမျိုးတင့်က “အခုက ကျပ်သိန်းတရာတန် အိမ်ကိုဝယ်ရင် ဝင်ငွေက ကျပ် ၃သိန်းရှိမှဖြစ်မယ်။ ၃ သိန်းအောက် သူတွေအတွက်လည်း စဉ်းစား နေပါတယ်။ နိုင်ငံတော်ကသော်လည်းကောင်း၊ အခြား International အဖွဲ့အစည်း တခုခုကသော်လည်း ချေးငွေရအောင် လုပ်နေပါတယ်။ ဒါတွေရရင် နှစ်ရှည် ပေးနိုင်မှာ ဖြစ်ပါတယ်။ ဆိုလိုတာက အခု ၁ လ ကျပ် ၁ သိန်းနှုန်းနဲ့ ၁၀နှစ် အရစ်ကျ ပေးနေတာကနေ ၁ လ ကျပ် ၄၊ ၅၊ ၆ သောင်းလောက်နဲ့ ၁၅ နှစ်၊ အနှစ် ၃၀ လောက် အထိ ပေးနိုင်ဖို့ ဖြစ်ပါတယ်။ ၁၅ နှစ်ကတော့ ဒီနှစ်ထဲ လုပ်ပေးဖို့ များပါတယ်” ဟု ပြောသည်။
လက်ရှိတွင် နှစ်ရှည်ချေးငွေ ပေး၍ တန်ဖိုးနည်းတိုက်ခန်းများ ရောင်းချနိုင်ရန် ပြည်တွင်း၊ ပြည်ပဘဏ်များနှင့် ချိတ်ဆက် ဆောင်ရွက်နေပြီး လာမည့် ဘဏ္ဍာနှစ်တွင် JICA ထံမှ ချေးငွေ ရရှိရန် လုပ်ဆောင်နေကြောင်း တန်ဖိုးနည်း အိမ်ရာများ အပြင် တန်ဖိုးမြင့်ဖြစ်သော ရတနာနှင်းဆီအိမ်ရာကဲ့သို့ ကျပ်သိန်း ၆၀၀ မှ ကျပ်သိန်း ၁၂၀၀ အထိရှိသော တိုက်ခန်းများ ကိုလည်း ရောင်းချပေးသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
အဆိုပါတန်ဖိုးနည်းနှင့် တန်ဖိုးမြင့်တိုက်ခန်းများကို အရစ်ကျ ဝယ်ယူလိုလျှင် ဆောက်လုပ်ရေးနှင့် မြို့ပြ အိမ်ရာဖွံ့ဖြိုးရေး ဘဏ်တွင် စုဆောင်းငွေစာရင်း ဖွင့်လှစ်ထားရှိရမည် ဖြစ်ပြီး စုဆောင်းငွေ ၃၀ ရာခိုင်နှုန်း ပြည့်မီလျှင် ဘဏ်က ၇၀ ရာခိုင် နှုန်းကို နှစ်ရှည်ချေးငွေစနစ်ဖြင့် ထုတ်ချေးပေးကြောင်း ဆောက်လုပ်ရေးနှင့် မြို့ပြ အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှ မာကက်တင်း ဌာန လက်ထောက်မန်နေဂျာဦးဟိန်းဝေနောင်က ပြောသည်။
၂၀၁၇-၁၈ ၂နှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီးရှိ အိုးအိမ်နှင့် ချိတ်ဆက်ပြီး အခန်းပေါင်း ၈ထောင်ခန့်ကို ဆောက်လုပ် ရေးနှင့် မြို့ပြ အိမ်ရာဖွံ့ဖြိုးရေးဘဏ်က အိမ်ရာချေးငွေ အရစ်ကျ ချေးငွေထုတ်ချေးကာ ရောင်းချပေးနေပြီး လိူင်သာယာ၊ ရွှေလင်ဗန်း၊ ဒဂုံဆိပ်ကမ်း၊ ယုဇနနှင့် သန်လျင်မြို့နယ်များရှိ အိမ်ရာများ ဖြစ်ကြောင်း သိရသည်။
ဦးဟိန်းဝေနောင်က “အခုက လိူင်သာယာရွှေလင်ဗန်းရယ်၊ ကနောင်ရယ်၊ ယုဇနရယ် ၃ နေရာကို အရစ်ကျ ရောင်းချပြီး ပါပြီ။ တန်ဖိုးနည်းက ကျပ်သိန်း ၁၀၀ ဝန်းကျင်ပဲရှိပါတယ်။ ၁၀ နှစ်အရစ်ကျနဲ့ ရောင်းချပေးထားပါတယ်” ဟု ပြောသည်။
ဦးလှမျိုးတင့်ကလည်း “ဒီတိုက်ခန်း ၈ထောင်က ၂နှစ်အတွင်းဖြစ်တယ်။ အခုက ၁ နှစ်ထဲရောက်နေပြီ။ ဆောက်လုပ်တဲ့ တိုက်ခန်း ပြီးစီးမှုအပေါ် မူတည်ပြီးတော့ အသုတ်လိုက် ရောင်းချမှာ ဖြစ်တယ်။ အခုချိန်ထိ ရောင်းချထားတာ တိုက်ခန်း ပေါင်း ၁ထောင် ကျော် ရှိပါပြီ” ဟု ပြောသည်။
ထိုသို့ တန်ဖိုးသင့် အိမ်ရာတိုက်ခန်းများ အရစ်ကျစနစ်ဖြင့် ဝယ်ယူရာတွင် ဘဏ်အတိုးနှုန်း မြင့်မားနေသည့် အခြေအနေ များကို အစိုးရက ဘဏ်လုပ်ငန်းများနှင့် ချိတ်ဆက်ပြီး အတိုးနှုန်း လျော့ကျစေမည့် အစီအစဉ်မျိုး ဆောင်ရွက်ပေးသင့် ကြောင်း အိမ်ခြံမြေရောင်းချသူများနှင့် ဝယ်ယူသူများက အကြံပြု ပြောဆိုမှုများ ရှိခဲ့သည်။
မြန်မာနိုင်ငံ၏ အပ်ငွေအတိုးနှုန်းမှာ ၈ ဒသမ ၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအထိ ရှိနေပြီး လက်ရှိတွင် ဆောက်လုပ်ရေးနှင့် မြို့ပြ အိမ်ရာဖွံ့ဖြိုးရေးဘဏ်သည် ငွေပမာဏအားဖြင့် ၁၀ ဘီလီယံ၊ လူဦးရေအားဖြင့် ၁၄၀၀ ခန့်ကို တန်ဖိုးနည်း အိမ်ရာ များ အရစ်ကျ ရောင်းချပေးထားကြောင်း သိရသည်။
ယင်းဘဏ်သည် နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပုသိမ်နှင့် မကွေးတိုင်း တို့တွင်လည်း ဘဏ်ခွဲများ ဖွင့်လှစ်ထားရှိ နေကြောင်း သိရသည်။