စင်္ကာပူနိုင်ငံအခြေစိုက် The Asia Banker က ပေးအပ်သည့် “အနာဂတ်လူငယ် ဘဏ်လုပ်ငန်းရှင်ဆု” (The Promising Young Banker in Myanmar) ကို ကမ္ဘောဇဘဏ်လီမိတက် (KBZ Bank) ဒုတိယအမှုဆောင် အရာရှိချုပ် ဒေါ်နန်းလိုင်းခမ်း ရရှိကြောင်း သိရသည်။
The Asia Banker Leadership Achievement Awards 2017 ဆုချီးမြှင့်ပွဲကို ဇွန်လ ၈ ရက်က စင်္ကာပူနိုင်ငံတွင် ကျင်းပခဲ့ရာ အဆိုပါဆုကို ဒေါ်နန်းလိုင်းခမ်း ရရှိခဲ့ခြင်း ဖြစ်သည်။ အဆိုပါဆုကို ဒေါ်နန်းလိုင်းခမ်းနှင့်အတူအခြား “အနာဂတ်လူငယ် ဘဏ်လုပ်ငန်းရှင်ဆု” များကို အာရှပစိဖိတ်ဒေသရှိ ဘဏ်များမှ ၁၁ ဦးနှင့် မြေထဲပင်လယ်ဒေသရှိ ဘဏ်များမှ၃ ဦး၊ စုစုပေါင်း ၁၄ ဦး ရွေးချယ် ခံရသည်။
“The Promising Young Banker” ဆုအား ဘဏ်လုပ်ငန်းများကို တိုက်ရိုက်ဦးစီးဆောင်ရွက်နေသည့် အသက် ၄၀ နှစ်အောက် လူငယ်လုပ်ငန်းရှင်များထဲမှ ဘဏ်လုပ်ငန်းဆိုင်ရာများကို ထူးချွန်ထက်မြက်စွာ ဦးစီးစွမ်းဆောင်နိုင်မှု၊ အခက်အခဲများကို ကျွမ်းကျင်စွာ ကိုင်တွယ်ဖြေရှင်းနိုင်မှုအပေါ် အဆင့်ဆင့် စိစစ်ရွေးချယ်ချီးမြှင့်ခြင်း ဖြစ်သည်။ ထိုဆုကို စင်္ကာပူအခြေစိုက် The Asia Banker က ၃ နှစ်လျှင် ၁ ကြိမ် ရွေးချယ်ပေးအပ် ချီးမြှင့်ခြင်းဖြစ်ကြောင်း သိရသည်။
ဒေါ်နန်းလိုင်းခမ်းကို အမေရိကန်အခြေစိုက် စီးပွားရေး မဂ္ဂဇင်းဖြစ်သည့် Forbes က အနာဂတ်တွင် စောင့်ကြည့်ရမည့် အာရှတိုက်အတွက် လူငယ်အမျိုးသမီး စီးပွားရေးထူးချွန်လုပ်ငန်းရှင်တစ်ဦးအဖြစ် ၂၀၁၆ ခုနှစ်က ထည့်သွင်းဖော်ပြခဲ့သည်။ အလားတူ ဒေါ်နန်းလိုင်းခမ်းသည် ၂၀၁၅ ခုနှစ်တွင် “နိုင်ငံ့စွမ်းဆောင်ရည်ဆု” နှင့် “အမျိုးသမီး ထူးချွန်စီးပွားရေး လုပ်ငန်းရှင်” ဆုကို လည်းကောင်း၊ ၂၀၁၆ ခုနှစ်တွင် မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်၏ “ထူးချွန် အမျိုးသမီးဂုဏ်ပြုဆု” နှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ “မသန်စွမ်းသူများ အလုပ်အကိုင်အခွင့်အလမ်းဖန်တီးမှု စွမ်းဆောင်ရည်ဆု” ကိုလည်းကောင်း၊ ၂၀၁၇ ခုနှစ်တွင် လူမှုထူးချွန်ဆု-ပထမဆင့်ကို လည်းကောင်း ချီးမြှင့်ခံခဲ့ရသူ ဖြစ်သည်။