ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ တပ်မတော်ပိုင် သယ်ယူပို့ဆောင်ရေး လေယာဉ် Y-8 ဟာ ပင်လယ်ထဲ ပျက်ကျပြီး အခုချိန်ထိအောင် လေယာဉ်ကို ရှာမတွေ့သေးပေမယ့် လေယာဉ်ပေါ်ပါ ခရီးသည်တွေရဲ့ ရုပ်အလောင်းတွေကို တဦးပြီး တဦး ရှာတွေ့လာနေ ပါတယ်။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် အနေနဲ့တော့ အခု လေယာဉ်ကို မတွေ့တွေ့အောင် ရှာဖွေမယ် ဆိုတဲ့ သတင်းကို လည်း လူမှု ကွန်ယက်တွေမှာ ပျံ့နှံ့နေတာပါ၊ ဒီလို ပျက်ကျ လေယာဉ် ရှာဖွေမှုနဲ့ ပတ်သတ်ပြီး လက်ရှိမှာ မြန်မာ့ ရေတပ်ကနေ Sonarဆိုတဲ့ စနစ်ကို သုံးပြီး ရှာနေတာ တွေ့ရပါတယ်။ အဆိုပါ စနစ် အကြောင်း နည်းနည်းလောက် ပြောပြချင်ပါတယ်။
Sonar စနစ် ဆိုတာ
စနစ်ရဲ့ အရှည်ကောက်ကတော့ Sound Navigation and Ranging ဖြစ်ပါတယ်။ အသံလှိုင်းကို သုံးပြီး မြေပုံစနစ် ဆိုင်ရာ နည်းစနစ်တွေနဲ့ အကွာအဝေးကို တိုင်းတာပြီး တည်နေရာ သတ်မှတ်တဲ့ နည်းပညာ ဖြစ်ပါတယ်။ များသောအားဖြင့်တော့ လူ မရောက်နိုင်တဲ့ နေရာတွေ အတွက် မြေပုံနဲ့ တည်နေရာ အတည်ပြုဖို့ သုံးပါတယ်။ အများဆုံးကတော့ ရေအောက် တည်နေရာတွေ တိုင်းတာ ရှာဖွေဖို့ အတွက်ပါ။ ယေဘုယျ အနေနဲ့တော့ Sonar တပ်ဆင်ထားတဲ့ သင်္ဘောက အခြား ရေအောက်က ရေငုပ်သင်္ဘောနဲ့ ရေမြှုပ်မိုင်းလို အရာတွေကို ခြေရာခံပြီး တည်နေရာ အတည်ပြု စောင့်ကြည့်တာ ဖြစ်ပါတယ်။
Sonar စနစ် ၂ မျိုး ရှိပါတယ်။ Passive Sonar ကတော့ အခြား ယာဉ်တွေကနေ ထုတ်လွှတ်လာတဲ့ အသံလှိုင်းတွေကို ဖမ်းယူပြီး တည်နေရာ အတည်ပြုတဲ့ စနစ် ဖြစ်ပြီး Active Sonar ကတော့ မိမိကနေ အသံ ထုတ်လွှတ်တယ်၊ ပြီးမှာ အခြား အရာဝတ္ထုပေါ်ကို ရိုက်ခတ်ပြီး ပြန်လာတဲ့ အသံလှိုင်းကို ပြန်လည် ဖမ်းယူကာ တည်နေရာ သတ်မှတ်တဲ့ ပုံစံပါ။
အခု Y-8 ရှာဖွေမှုမှာ ဆိုရင် Active Sonar စနစ်ကို သုံးနေတယ်လို့ ယူဆရပါတယ်။ ဘာကြောင့်လဲ ဆိုတော့ Y-8 အနေနဲ့ အသံလှိုင်း ထုတ်လွှတ်လာဖို့ မရှိတော့တာကြောင့် ဖြစ်ပါတယ်။
ဒီနေရာမှာ မှတ်သားစရာ တခုကို ပြောချင်တာက အသံကို သုံးပြီး တည်နေရာ သတ်မှတ်မှုမှာ အများစုက ရေအောက်မှာ Sonar ကို သုံးပြီး ရေပေါ် (လေထု) မှာ Radar ကို သုံးတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် Sonar ကို လေထုမှာလည်း သုံးတာ တွေ့ရပါတယ်။ လေထုဆိုင်ရာ စမ်းသပ်ချက်တွေ အတွက်ပါ။ စစ်ဘက် ရေးရာ အသုံးမှာ Sonar ကို လေထု အတွင်း သုံးတာ မတွေ့ရပါဘူး။ Sonar စနစ်ကနေ ရေအောက်က အသံလှိုင်းကို ဖမ်းယူရာမှာ အရမ်းနိမ့်တဲ့ အသံလှိုင်း (infrasonic) ကနေ အလွန်မြင့်မားတဲ့ ရေအောက် အသံလှိုင်း (ultrasonic) ထိအောင် ဖမ်းယူပြီး အသံထွက်ရာ တည်နေရာကို အတည်ပြုနိုင်တာ တွေ့ရပါတယ်။ ပျမ်းမျှ Sonar စနစ်တွေကတော့ သိရသလောက် ရေနက် မီတာ ၁၀၀၀ ကနေ ၂၀၀၀ အတွင်းရှိ တည်နေရာကို အတည်ပြု ရှာဖွေနိုင်တာ တွေ့ရပါတယ်။
Active Sonar
Active Sonar စနစ် အကြောင်း နည်းနည်း ဆက်ပြောပါမယ်။ ဒီစနစ်မှာ အသံလွှင့်စနစ် Transmitter ရော အသံဖမ်းစနစ် Receiver ပါ ပါရှိပါတယ်။ စနစ် နှစ်ခုလုံးကို တနေရာတည်းမှာ စုစည်း တပ်ဆင်ထားတာပါ။ လျှပ်စစ်အား ကနေ ရယူ ထုတ်လုပ်တဲ့ Ping လို့ ခေါ်တဲ့ အသံလှိုင်းတွေကို ထုတ်လွှတ်ပါတယ်။ အဆိုပါ အသံလှိုင်းတွေကနေ အနီးနားမှာ ရှိတဲ့ အရာဝတ္ထုကို ရိုက်ခတ်ပြီး ပြန်လာတဲ့ ပဲ့တင်သံကို Receiver ကနေ ပြန်လည် ဖမ်းယူပြီး အဆိုပါ ပဲ့တင်သံ အပေါ်ကို မူတည်ကာ တည်နေရာကို အတည်ပြု ပေးတာ ဖြစ်ပါတယ်။
Sonar စနစ်ကို ဗဟိုထားပြီး စက်ဝန်းပုံစံ အဝန်းအတွင်းရှိ အရာဝတ္ထု တည်နေရာတွေကို သိနိုင်ပါတယ်။ ဒီနေရာမှာ Transmitter ကနေ အသံလှိုင်း ကြီးကြီး ထုတ်ပေးနိုင်လေလေ ပဲ့တင်သံ များများ ပြန်လာနိုင်လေလေ ဖြစ်ပြီး အဝန်းကြီးကြီး အတွင်းက အရာဝတ္ထုတွေကို တည်နေရာ ရှာနိုင်လေလေ ဖြစ်ပါတယ်။
ဒါပေမယ့် အသံလှိုင်းကြောင့် ရေအောက်မှာ ရှိတဲ့ ငါး၊ ပုဇွန်နဲ့ ရေနေသတ္တဝါတွေရဲ့ ရွေ့လျားသွားလာမှု၊ မွေးဖွားကြီးပြင်းမှု၊ အစာရှာဖွေ စားသောက်မှုတွေကို အနှောင့်အယှက်ဖြစ်စေပါတယ်။ ၂၀၁၂ ခုနှစ် အမေရိကန်ရေတပ်က စမ်းသပ်မှုကြောင့် ရေနေသတ္တဝါတွေအပေါ် အကျိုးသက်ရောက်မှုတွေ ဖြစ်ခဲ့ကြောင်း အမျိုးသား သဘာဝအရင်းအမြစ်များ ကာကွယ်ရေး ကောင်စီ National Resources Defense Council (NRDC) က ဖော်ပြဖူးပါတယ်။
Sonar ကို ဘယ်လို တပ်ဆင်သုံးနိုင်သလဲ
ဒီစနစ်ကို အများစု သုံးတာက စစ်ဘက်ဆိုင်ရာတွေမှာ ပါ။ စစ်သင်္ဘောတွေမှာ အခြား ရေပေါ်၊ ရေအောက် သင်္ဘောတွေရဲ့ တည်နေရာကို သိဖို့ သုံးပါတယ်၊ ခေတ်သစ် တော်ပီဒိုလို ဖျက်ဗုံးတွေမှာ Sonar စနစ် ထည့်လာပါတယ်၊ ဒါကြောင့် ပိုမို တိကျတဲ့ ပစ်မှတ်ကို ရှာဖွေ ပစ်ခတ်လာနိုင်ပါတယ်၊ မိုင်းတွေမှာလည်း Sonar စနစ် သုံးလာကြပြီး ချိန်ကိုက်မိုင်းတွေမှာ ထည့်သွင်းမှု များပါတယ်။
သင်္ဘောတွေရဲ့ မြေပုံပြစနစ်မှာ Sonar စနစ်ကို ထည့်သွင်းလာပြီး အခြေစိုက် စခန်း ကနေ သတင်း ရယူနိုင်မှု မရှိသည့် တိုင်အောင် မိမိရဲ့ တည်နေရာရော အခြား ယာဉ်နဲ့ နီးစပ်မှု တည်နေရာပါ သိနိုင်လာပါတယ်။ ရဟတ်ယာဉ်တွေမှာလည်း Sonar စနစ်ကို ထည့်သွင်းလာကြပါတယ်။ ရေငုပ်သင်္ဘောတွေရဲ့ ဆက်သွယ်ရေးနဲ့ မြေပုံစနစ်မှာလည်း Sonar ကို ထည့်သွင်းတာ တွေ့ရပါတယ်။
Sonar စနစ် မြန်မာ့ရေတပ် ရောက်ရှိလာပုံ
၂၀၁၅ ခုနှစ် ဧပြီ ၃၀ရက် ရက်စွဲနဲ့ AMDR ရဲ့ ဖော်ပြချက် အရ အိန္ဒိယ ရေတပ်အတွက် ဖန်တီးထားတဲ့ Sonar စနစ်ကို မြန်မာ့ ရေတပ်မှာလည်း သုံးနိုင်အောင် ပေးခဲ့တယ်လို့ သိရပါတယ်။ ဒီစနစ်ကို အိန္ဒိယ အခြေစိုက် Defense Research and Development Organisation (DRDO) ကနေ အိန္ဒိယ ရေတပ်မှာ သုံးဖို့ ဖန်တီးခဲ့တာပါ။ အိန္ဒိယ အခြေစိုက် Bharat Electronics Limited (BEL) ဖြစ်ပြီး မြန်မာ့ရေတပ်မှာ သုံးဖို့ တင်ပို့ခဲ့တာပါ။