စင်ကာပူ ဘတ်စ်ကား ထုတ်လုပ်ရေး လုပ်ငန်း SC Auto သည် လုပ်ငန်းချဲ့ထွင်ရန် ကြိုးပမ်းသည့်အနေဖြင့် မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် ဒေါ်လာ သန်း ၃၀ တန် စက်ရုံ ထူထောင်မည် ဟု တနင်္လာနေ့က ကြေညာသည်။
စတုရန်းမီတာ ၁၆၀၀၀ ကျယ်ဝန်းသော ထိုစက်ရုံသည် လာမည့်နှစ် စတုတ္ထ သုံးလ ပတ်အတွင်း စတင်ထုတ်လုပ်နိုင်ရန် စီစဉ်ထားပြီး SC Auto ၏ ထုတ်လုပ်နိုင်စွမ်းကို ၄ ဆ တိုးလာစေမည် ဖြစ်ကာ မြန်မာနိုင်ငံနှင့် ဒေသတွင်းမှ ကြီးထွားလာ သော ဝယ်လိုအားကို ဖြည့်ဆည်းပေးနိုင်မည် ဖြစ်သည် ဟု ထိုလုပ်ငန်း၏ ထုတ်ပြန် ကြေညာချက်တွင် ဖော်ပြထားသည်။
ထို ကြေညာချက်မှာ ကြာသာပတေးနေ့က စင်္ကာပူတွင် ကျင်းပသော ၆ ကြိမ်မြောက် စင်္ကာပူ-မြန်မာ ဝန်ကြီးအဆင့် ပူးတွဲ ကော်မတီ အစည်းအဝေး အပြီးတွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ ထိုစက်ရုံသည် SC Auto ၏ အနှစ် ၂၀ ကြာ ပြည်တွင်း ထုတ်လုပ်မှုကို အာရုံစိုက် လုပ်ဆောင်ခဲ့ပြီးနောက် ပထမဆုံး ပြည်ပသို့ တိုးချဲ့လာခြင်း ဖြစ်သည်။
SC Auto ၏ ဥက္ကဌ Tan Siow Chua က “မြန်မာနိုင်ငံရဲ့ အများပြည်သူ သယ်ယူပို့ဆောင်ရေး လိုအပ်ချက်၊ ထွန်းသစ်စ အရှေ့တောင် အာရှနိုင်ငံတွေနဲ့ နီးကပ်မှု၊ မြေနေရာ ရရှိမှုနဲ့ နှိုင်းယျဉ်ချက် အားဖြင့် လုပ်အားခ ဈေးသက်သာခြင်း ဆိုတဲ့ အချက်ကြောင့် မြန်မာနိုင်ငံဟာ ကျနော်တို့ရဲ့ ပထမဆုံး ပြည်ပလုပ်ငန်း အနေနဲ့ အကောင်းဆုံးနေရာ ဖြစ်ပါတယ်” ဟု စင်ကာပူသတင်းစာ The Straits Times သို့ ဆက်ပြောသည်။
စင်္ကာပူနိုင်ငံတွင် လုပ်ငန်း ဆောင်ရွက်နေသည်မှာ ကြာမြင့်လှပြီ ဖြစ်သော ထိုလုပ်ငန်းသည် မြန်မာနိုင်ငံသို့လည်း ဘတ်စ်ကားများ တင်ပို့နေသည်။ စက်ရုံသစ် တည်ဆောက်လိုက်ခြင်း ကြောင့် SC Auto သည် ၎င်း၏ ဖောက်သည်များနှင့် ပိုမို နီးကပ်လာပြီး ၎င်းတပို့၏ လိုအပ်ချက်များကို ပိုမိုလျင်မြန်စွာ တုံ့ပြန် ဆောင်ရွက်နိုင်မည် ဟု ၎င်းတို့၏ ကြေညာချက် တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် ပထမ ၁ နှစ်အတွင်း ဘတ်စ်ကား အစီး ၁၀၀ ကျော် ထုတ်လုပ်ရန် စီစဉ်ထားသည်။ SC Auto သည် စက်ရုံသစ်၏ ထုတ်လုပ်မှု စွမ်းရည်မြင့်မားရေး အတွက် စက်ရုပ်ဖြင့် ဂဟေဆက်ခြင်း အတွက်လည်း ရင်းနှီးမြှုပ်နှံမည် ဖြစ်သည်။