စီးပွားရေး

ရွှေအခွန်တံဆိပ်ခေါင်းဝယ်ယူရာတွင် အခက်အခဲရှိနေ

ရွှေထည်ပစ္စည်းများရောင်းဝယ်ရာ၌ အခွန်တံဆိပ်ခေါင်း ကပ်နှိပ်ရန်အတွက် ပြည်တွင်းအခွန်များ ဦးစီးဌာနမှ အခွန်တံဆိပ်ခေါင်း ဝယ်ယူရာတွင် ခက်ခဲမှုများ ရှိနေကြောင်း သိရသည်။

ပြည်တွင်းအခွန်များ ဦးစီးဌာနက ဖြန့်ဝေရောင်းချသည့် ရွှေအခွန်တံဆိပ်ခေါင်း ဝယ်ယူရန်အတွက် ရွှေဆိုင်ပိုင်ရှင်များက ဝယ်ယူမည့် အရေအတွက်အတိုင်း ကျသင့်တန်ဖိုးငွေကို ရှေးဦးစွာဘဏ်များတွင် ငွေသွင်းချလန် ပေးသွင်းရမည်ဖြစ်ပြီး၊ ရရှိလာသည့်ချလန်ဖြင့် အခွန်ရုံး၌ တံဆိပ်ခေါင်း ပြန်လည်ထုတ်ယူနေရကြောင်း ရွှေလုပ်ငန်းရှင်တချို့က ပြောသည်။

ရန်ကုန်မြို့လယ်တွင် ရွှေဆိုင်ဖွင့်လှစ်ရောင်းချနေသည့် တိတ်စိန် ရွှေဆိုင်ပိုင်ရှင် ဦးဇော်အောင်က “ အခု တံဆိပ်ခေါင်းတွေကို အခွန်ရုံးက ရောင်းချပေးတယ်။ ဖြန့်ဝေတဲ့စနစ်က သိပ်မကောင်းဘူး။ တံဆိပ်ခေါင်းဝယ်ဖို့ အခွန်ရုံးကို စာရင်းပေးတော့ ချလန်ထုတ်ပေးတယ်။ ဘဏ်ကိုသွား ချလန်ပြငွေသွင်းပြီး၊ အဲဒီချလန်နဲ့ အခွန်ရုံးတခေါက်ပြန်လာ တံဆိပ်ခေါင်း ထုတ်ယူရတော့ အဆင်မပြေဘူး။ one stop service ရမယ်ဆိုရင် ပိုအဆင်ပြေမယ်’’ ဟု ပြောသည်။

ထို့အပြင် ရွှေဆိုင်ပိုင်ရှင်များက ဝယ်ယူလိုသည့် ပမာဏအတိုင်း ပြည်တွင်းအခွန်များ ဦးစီးဌာနက တပြိုင်တည်း မရောင်းပေးချနိုင်သည့်အတွက် ထပ်ခါထပ်ခါ သွားရောက်ဝယ်ယူနေရကြောင်းနှင့် ထိုအခြေအနေများကြောင့် မိမိတို့ဆိုင်များတွင် ရွှေလာရောက် ဝယ်ယူသူများကိုလည်း အခွန်တံဆိပ် ကပ်နှံပေးနိုင်ခြင်း မရှိကြောင်း ၎င်းတို့က ဆက်ပြောသည်။

မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူးနှင့် ဦးထုံ ရွှေဆိုင်ပိုင်ရှင် ဦးကျော်ဝင်းက “ အခုက အစဖြစ်တဲ့အတွက် အဆင်မပြေကြဘူး။ တံဆိပ်ခေါင်း တခါဝယ်ရင် ကျပ် ၈ သိန်းဖိုးကနေ ကျပ် ၁၀ သိန်းဖိုးအထိ ဝယ်တာကို တကြိမ်တည်း လိုသလောက်မရဘူး။ အခေါက်ခေါက်အခါခါ ပြေးဝယ်ရတယ်။ complain လည်း တက်လို့မရဘူး။

နောက်ပိုင်းမှာ ဘဏ်မှာချလန်မယူရဘဲ အခွန်ရုံးကနေပဲ ဝယ်လို့ရရင် ပိုကောင်းမယ်’’ ဟု ပြောသည်။

ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် ရွှေအခွန်တံဆိပ်ခေါင်းများ စတင်ဖြန့်ဝေပေးနေပြီး အခြား တိုင်းနှင့် ပြည်နယ်များရှိ အခွန်ရုံးများသို့လည်း ဇူလိူင်လ ၁ ရက်မှ စတင်ဖြန့်ေ၀ ပေးမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနက ပြောသည်။

၂၀၁၇ ခုနှစ် ပြည်ထောင်စု အကောက်ခွန် ဥပဒေအရ ဧပြီလ ၁ ရက်မှ စတင်ပြီး ရွှေထည်အခွန် ၁ ရာခိုင်နူန်း ကောက်ခံသွားမည်ဟု ယခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်က ပြည်ထောင်စုလွတ်တော်မှ အတည်ပြုခဲ့ခြင်း ဖြစ်သည်။ ရွှေထည်လက်ဝတ်ရတနာ ဝယ်ယူသူများသည် ဧပြီလ ၁ ရက် စတင်ပြီး အခွန် ၁ ရာခိုင်နူန်းကို တံဆိပ်ခေါင်းကပ် ပေးဆောင်ရမည် ဖြစ်သော်လည်း ပြည်တွင်းအခွန်များ ဦးစီးဌာနက တံဆိပ်ခေါင်း ပြင်ဆင်နေသည့်အတွက် ယခုဇွန်လ ၁ ရက်မှသာ အခွန်စတင်ပေးဆောင် ဝယ်ယူရခြင်း ဖြစ်သည်။

ပြည်တွင်းအခွန်များ ဦးစီးဌာနက ကုန်သွယ်လုပ်ငန်းခွန် အမှတ်တံဆိပ် Commercial Tax Stamp Lael ကျပ် ၁၀၀ မှ ကျပ် ၁၀၀၀၀ တန် တံဆိပ်ခေါင်းများ ရန်ကုန်နှင့် မန္တလေးမြို့တို့ရှိ ှ ရွှေဆိုင်များအား ဖြန့်ဖြူးရောင်းချပေးနေကြောင်း အဆိုပါဌာနက ပြောသည်။

ယခုလပိုင်းအတွင်း ရွှေဈေးကွက်၌ ဝယ်လိုအား နည်းနေကြောင်းနှင့် အကယ်ဒမီ အခေါက်ရွှေ ၁ ကျပ်သားလျှင် ကျပ် ၉၁၀,၅၀၀ နှင့် ကမ္ဘာ့ရွှေတအောင်စလျှင် အမေရိကန်ဒေါ်လာ ၁၂၆၆ ဒေါ်လာဖြင့် ရောင်းဝယ်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းက သိရသည်။

 

 

Loading