ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်းများ (Community Based Tourism-CBT) လုပ်ကိုင်ရာတွင် သက်ဆိုင်ရာအဖွဲ့အစည်း၏ ခွင့်ပြုချက်ရရှိမှု မရှင်းလင်းခြင်း၊ ကျွမ်းကျင်လုပ်သား ရှားပါးခြင်းနှင့် နိုင်ငံခြားသား ညအိပ်လက်ခံမှု ကန့်သတ်ခြင်းတို့က အဓိက အဟန့်အတား ဖြစ်နေကြောင်း CBT လုပ်ငန်း လုပ်ကိုင်သူများက ပြောသည်။
တနိုင်ငံလုံးတွင် CBT အဖွဲပေါင်း ၂၇ ဖွဲ့ ရှိနေပြီး၊ လက်ရှိတွင် CBT ဧရိယာအဖြစ် ကရင်ပြည်နယ်ရှိ သံတောင်ကြီးဒေသ၊ ကချင်ပြည်နယ်ရှိ အင်းတော်ကြီးဒေသ၊ ရှမ်းပြည်နယ်ရှိ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကယားပြည်နယ် တခုလုံး၊ မကွေးတိုင်း မြိုင်မြို့နယ်နှင့် ဧရာဝတီ မြစ်ကမ်းတလျှောက်ရှိ လင်းပိုင်များကျက်စားရာ ဒေသများကို အစိုးရက တရားဝင် သတ်မှတ်ပေးထားကြောင်း CBT လုပ်ငန်း လုပ်ကိုင်သူများက ပြောသည်။
ထို့အပြင် ခရီးသွားဒေသသစ် တိုးချဲ့မှုအဖြစ် မြိတ်ကျွန်းစုဒေသနှင့် လမ်ပိကျွန်း၊ ရှမ်းပြည်နယ် ဓနုဒေသ၊ ဧရာဝတီတိုင်းရှိ ငရုတ်ကောင်းဒေသ၊ ရခိုင်ပြည်နယ် ဂွခရီးစဉ်၊ ချင်းပြည်နယ် ကန်ပက်လက်ဒေသတို့ ပါဝင်ကြောင်း ၎င်းတို့က ဆက်ပြောသည်။
ထိုဒေသများသို့ သွားရောက်လည်ပတ်မည့် နိုင်ငံခြားခရီးသွားကို မြန်မာနာမည်ဖြင့် ရေးထားသည့် Guest House များတွင် လက်ခံခွင့်မပြုသည့်အပြင်၊ ၎င်းတို့တည်းခိုရန် လက်ခံမည့် ဒေသခံများနေအိမ်၊ တည်းခိုဆောင်များ ဖွင့်လှစ်ရန် လိုင်စင်လိုအပ်သည်ဟု ညွှန်ကြားထားကြောင်း CBT လုပ်ငန်းလုပ်ကိုင်သူများက ပြောသည်။
ထိုသို့လုပ်ငန်းလိုင်စင် လျှောက်ထားသော်လည်း သက်ဆိုင်ရာ ပြည်နယ်၊ တိုင်းအစိုးရတို့၏ သဘောတူခွင့်ပြုမှုနှင့် မပြီးဘဲ၊ ဗဟိုအစိုးရနှင့် ဟိုတယ်နှင့် ခရီသွားဝန်ကြီးဌာနသို့ပါ ခွင့်ပြုချက်တောင်းခံရန် အဆင့်ဆင့်ညွှန်ကြားမှုများက CBT လုပ်ငန်း လုပ်ကိုင်သူများအတွက် ကြန့်ကြာပြီး အခက်အခဲဖြစ်စေသည်ဟု ၎င်းတို့က ဆိုသည်။
ထိုအခြေအနေနှင့် ပတ်သက်ပြီး MCRB ၏ ညွှန်ကြားရေးမှူး Ms. Vicky Bowman က “ CBT လုပ်ငန်းတွေကို အစိုးရက Top-down လုပ်နေရင် မအောင်မြင်နိုင်ဘူး။ bottom up with the market လုပ်မှ အောင်မြင်နိုင်မယ်။ အစိုးရက အလွယ်ဆုံးဖြစ်အောင် ကူညီပေးရမယ်။ အထူးသဖြင့် communication ကိစ္စ၊ ရေမီးကိစ္စ၊ တည်းခိုခန်းကိစ္စတွေ ကူညီပေးရမယ်။ အဲဒါတွေ အဆင်မပြေရင် ပြဿနာရှိနိုင်တယ်” ဟု ပြောသည်။
မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) ၊ Myanmar Responsible Tourism Institute (MRTI) နှင့် ဟန်းဆိုင်ဒယ် ဖောင်ဒေးရှင်း (HSF) တို့ ပူးပေါင်းပြီး ဒုတိယအကြိမ် နိုင်ငံလုံးဆိုင်ရာ ပြည်သူလူထုနှင့် ခရီးသွားလုပ်ငန်း ဆွေးနွေးပွဲကို နေပြည်တော်၌ ဇွန်လ ၁၃ ရက်နှင့် ၁၄ ရက်တွင် ကျင်းပခဲ့ခြင်း ဖြစ်သည်။
မကွေးတိုင်း မြိုင်မြို့နယ်နှင့် ပခုက္ကူမြို့နယ်တို့ရှိ CBT လုပ်ငန်းများသို့ လာရောက်လည်ပတ်ကြသည့် နိုင်ငံခြားသား ခရီးသွားဧည့်သည်မှာ ၂၀၁၆ ခုနှစ်တွင် ၈၃၀ ဦး၊ ယခု ၂၀၁၇ ခုနှစ် ဇွန်လအထိ ၃၃၀ ဦး ရှိပြီး၊ အများစုမှာ အင်္ဂလန်၊ ကနေဒါ၊ အမေရိကန်၊ သြစတေးလျနှင့် ဆွမ်ဇာလန် နိုင်ငံသားများဖြစ်ကြောင်း မြိုင်မြို့နယ်တွင် CBT လုပ်ငန်း လုပ်ကိုင်နေသည့် ဦးအောင်မင်းနိုင်က ပြောသည်။
“လည်ပတ်စရာက မြိုင်မှာပဲဖြစ်ဖြစ်၊ ပခုက္ကူမှာပဲဖြစ်ဖြစ် အဓိက က ကျေးလက်ရဲ့သဘာဝ၊ ယဉ်ကျေးမှုထုံးတမ်း အစဉ်အလာတွေနဲ့ ဒေသခံလူတွေဆီပဲ ဖြစ်တယ်။ ကျေးလက်မှာ နေထိုင်သူတွေရဲ့ ရိုးသားမှု၊ သူတို့ရဲ့ ရှိတာနဲ့ ရောင့်ရဲတင်းတိမ်တတ်မှု ဆိုတာတွေနဲ့ ထိတွေခံစားဖို့အတွက် အဓိကဖန်တီးထားတာပါ” ဟု ၎င်းက ဆိုသည်။
အလားတူ ကရင်ပြည်နယ် သံတောင်ကြီးဒေသသည် ပြည်တွင်းပြည်ပခရီးသွားများ စိတ်ဝင်စား သွားရောက်လည်ပတ် ကြသော်လည်း ငြိမ်းချမ်းရေးမရသေးဘဲ အပစ်ရပ်ဒေသအဖြစ် တည်ရှိနေသဖြင့် CBT လုပ်ငန်းများအတွက် စိန်ခေါ်မှုများ ရှိနေကြောင်း သံတောင်ကြီးဒေသ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေး ဥက္ကဌ စောဘိုသာက ပြောသည်။
“ ဒီဒေသမှာ လုံခြုံရေးအရ အစိုးရတပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေရှိနေလို့ သွားလာမှု အတားအဆီး တချို့ ရှိနေတယ်။ နိုင်ငံခြားသားတွေက သံတောင်ကြီးရဲ့ သဘာဝကို စိတ်ဝင်စားတယ်။ ရာသီဥတုကို ကြိုက်နှစ်သက်တယ်”ဟု စောဘိုသာက ဆိုသည်။
သံတောင်ကြီးဒေသ ခရီးသွားလုပ်ငန်းများ ဖော်ထုတ်ခြင်းကို အစိုးရ၊ ကရင်အမျိုးသား အစည်းအရုံး (KNU) နှင့် NGOs များ ပူးပေါင်းပြီး ၂၀၁၄ ခုနှစ် ဒီဇင်ဘာလတွင် စတင်ခဲ့ခြင်းဖြစ်သည်။ ထိုဒေသသို့ လာရောက်လည်ပတ်သူ ၁ နှစ်လျှင် ၃ သိန်း ဝန်းကျင်အထိရှိကြောင်း ၎င်းက ဆက်ပြောသည်။