ပြည်တွင်းမှာ အသုံးပြုပြီးသား တပတ်ရစ် (Used) ကားကိုပဲ လက်ရှိမှာ အများဆုံး ဝယ်ယူ စီးနင်း ကြတာကြောင့် တပတ်ရစ်ကား ဝယ်တော့မယ် ဆိုရင် သတိပြုသင့်တဲ့ အချက်လေးတွေကို တင်ပြပါမယ်။
(၁) တနိုင်တပိုင် ရောင်းဝယ်ရေး ဆီက ဝယ်မှာလား၊ အရောင်းပြခန်းကနေ ဝယ်မှာလား
အရောင်းပြခန်း ကနေ ဝယ်ယူတာက အနည်းဆုံး အာမခံ ၃လတော့ ရနိုင်ပါသေးတယ်။ ဝယ်ယူဖို့ လေ့လာချိန်မှာ တွေ့ရတဲ့ ကားနဲ့ ပတ်သတ်တဲ့ ပြစ်ချက်တွေကိုလည်း အရောင်းပြခန်းက တာဝန်ယူပေးကြပါတယ်။ တပိုင်တနိုင် ရောင်းဝယ်ရေး သမားဆီကတော့ အာမခံချက် မရနိုင်ပါဘူး။ ဒါပေမယ့် ဈေးဆစ်လို့ ရမယ်၊ အိမ်အထိ ယူလာပြခိုင်းလိ့ု ရတယ်၊ အားနည်းချက်၊ အားသာချက်တွေ ရှိပေမယ့် အာမခံကောင်းရမယ့် အရောင်းပြခန်းက ကားဝယ်ဖို့ ကောင်းမယ် လို့ ဆိုချင်ပါတယ်။
(၂) မိမိရွေးချယ်ထားတဲ့ ကားရဲ့ ဈေးနှုန်းကို စစ်ဆေးပါ
Used တစီးရဲ့ ဈေးနှုန်းဟာ ပုံသေ မရှိနိုင်ပါဘူး၊ ဆီစားနှုန်း၊ မောင်းနှင်ပြီး ကီလို၊ ဈေးကွက် အနေအထား၊ မော်ဒယ် ခုနှစ်၊ စွမ်းဆောင်ရည်နဲ့ နည်းပညာ ထည့်သွင်း ပါရှိမှု စတာတွေ အပေါ် မူတည်ပြီး မော်ဒယ်ချင်း တူရင်တောင် ဈေးနှုန်းကွာနိုင်ပါတယ်။ ဈေးနှုန်းကို သေချာ လေ့လာဝယ်ပါ။
(၃) ကားရောင်းသူကို မေးခွန်းတွေ မေးပါ
ဆီစားနှုန်း ဘယ်လောက်လဲ၊ မောင်းနှင်ပြီး ကီလိုမီတာ အမှန်၊ ဒီကားကို အရင်က ဘယ်လို သုံးထားသလဲ၊ အကြီးစား ပြင်ဆင်ထားမှု ရှိသလား၊ ကားမှာ ပြန်ထည့် ထားတဲ့ အပိုင်းတွေ ရှိသလား၊ ဘယ်လောက် ထိခိုက်မှု ရှိထားဖူးသလဲ၊ နောက်ဆုံး အကြိမ်က ဘာတွေ ပြင်ဆင် ထားသလဲ၊ ဈေးနှုန်း ညှိနှိုင်းလို့ ရနိုင်သေးလား၊ ကားကို စမ်းမောင်းလို့ ရမလား ဆိုတဲ့ မေးခွန်းတွေ မဖြစ်မနေ မေးထားပါ။
(၄) ကားနဲ့ပတ်သက်ပြီး အတတ်နိုင်ဆုံး စစ်ဆေးပါ
ကားဝယ်ဖို့ လေ့လာနေစဉ်မှာ တွေဝေတာတွေ၊ အားနာတာတွေ ခဏဖယ်ထားပါ။ ကားနဲ့ ပတ်သတ်သမျှ သိလိုသမျှကို အားမနာတမ်း မေးပါ။ အထက်မှာ ပြောထားတဲ့ မေးခွန်းတွေ မေးပါ။ အင်ဂျင်ခန်း၊ အတွင်းခန်း၊ နောက်ဘက်ခန်းတွေ အားလုံး စစ်ဆေးပါ။ စမ်းမောင်းပါ။ အင်ဂျင်ဝိုင်၊ ဂီယာဝိုင်၊ အော်တိုဝိုင်၊ ဘရိတ်ဆီ အားလုံး စစ်ပါ။ ကီလို ၈ သောင်းကနေ ၁ သိန်းခွဲ အတွင်း သုံးထားပြီး မော်ဒယ်တွေ ဆိုရင် သူတို့ရဲ့ သက်တမ်းက ကြာနေပါပြီ ဖြစ်တဲ့ အတွက် မော်ဒယ်တွေရဲ့ အားသာချက်၊ အားနည်းချက်တွေကို အင်တာနက် က တဆင့် ရှာဖွေ လေ့လာပါ။
(၅) စာရွက်စာတမ်းတွေ မှန်ကန်ပါစေ
Used ကားဝယ်ရင် အဓိက အကျဆုံးက ဆိုင်ပိုင်မှု အပိုင်းပါ။ စာရွက်စာတမ်း အမှန်တွေလား စစ်ပါ။ ခိုးရာပါ ကားလား စစ်ဆေးပါ။ လိုင်စင်မဲ့ ကားလား စစ်ဆေးပါ။ လိုင်စင်ပါ ဘောင်အမှတ်တွေနဲ့ ကားရဲ့ ဘောင် အမှတ်တွေ တိုက်ဆိုင် စစ်ဆေးတာမျိုး လုပ်ပါ။ အရောင်းပြခန်းက ကားတွေမှာတော့ အခုလို စာရွက်စာတမ်း ခိုင်မာမှု ပိုကောင်းတာ တွေ့ရပါတယ်။
(၆) ကားကို လမ်းကြောင်းအမျိုးမျိုးမှာ စမ်းမောင်းပါ
မိမိ ဝယ်မယ့် မော်ဒယ်ကို ပထမ တဆင့် စမ်းမောင်းခွင့် ရမှ ဝယ်ပါ။ ပြီးရင်တော့ ခရီးတိုလေးတင် စမ်း မမောင်းဘဲ ဖြစ်နိုင်ရင် လမ်းကြောင်း အမျိုးမျိုးမှာ မောင်းကြည့်ပါ၊ ကုန်းဆင်း၊ ကုန်းတက်၊ လမ်းကြမ်း၊ လမ်းကျဉ်း၊ လမ်းဖြောင့်၊ အဝိုင်း၊ ပုံစံ အစုံ စမ်းမောင်းပါ။ စိတ်ကြိုက် ဖြစ်ပါစေ။
(၇) အာမခံကျန်ရှိ ရက်စွဲ စစ်ဆေးပါ
ပြည်တွင်း အနေအထားမှာတော့ လိုင်စင် သက်တမ်း လက်ကျန်ကို ကြည့်ရပါလိမ့်မယ်။ နောက်ထပ် လိုင်စင် သက်တမ်းတိုးဖို့ ဘယ်လောက် လိုသေးသလဲ ကြည့်ပါ။
(၈) စဉ်းစားချိန် ယူပါ
ကားဝယ်ယူမှု အပိုင်းမှာ အများဆုံး မှားတတ်တဲ့ အမှားကတော့ ချက်ချင်း ဝယ်ယူခြင်းပါ။ ကားတွေက ပေါပါတယ်။ အချိန်ပေးပြီး စဉ်းစားပါ၊ စမ်းမောင်း၊ စစ်ဆေးပြီးမှ ဝယ်ယူပါ။ ကားဝယ်ပြီးမှ အမှား ဖြစ်ခဲ့ရင် သင် လက်ခံရမှာပါ။ သင့် အမှား ဖြစ်သွားပါပြီ။ မဝယ်ခင် သေချာ အချိန်ပေး စဉ်းစား ဝယ်ယူပါ။
(၉) Used ကားတစီး ဝယ်တော့မယ်၊ လက်ငင်း ဝယ်မှာလား
အရစ်ကျနဲ့လား။ Used ကာတွေကို ဘယ်ကပဲ ရောင်းရောင်း ဈေးဆစ်ရပါတယ်။ ဈေးဆစ်ပါ၊ အရစ်ကျ အတွက် အတိုးနှုန်း ညှိနှိုင်းဝယ်ယူပါ။ ချက်လက်မှတ်နဲ့ ငွေချေမှုမှာ ရေးသွင်း ပေးချေမှု မှန်ကန်ပါစေ။ ငွေပေးကတ်တွေနဲ့ ကတော့ ဘဏ်ကနေ ငွေအပြောင်းအလွှဲ တာဝန်ယူတာ ဖြစ်လို့ ပိုပြီး စိတ်ချရပါတယ်။
(၁၀) Used မှာ ပြစ်ချက်တွေ ရှိတတ်တယ်၊ ကြိုတင်လက်ခံထားပါ
ကားဟောင်းဟာ ကားသစ် မဟုတ်ဘူး ဆိုတာ လက်ခံထားပါ။ ပြစ်ချက် အနည်းနဲ့ အများ ရှိနေပါတယ်။ ရောင်းသူ ကတော့ အတတ်နိုင်ဆုံး ပြင်ဆင် ရောင်းချတာ ဖြစ်ပေမယ့် မိမိ ဝယ်ယူပြီး အချိန်မှာ အဆိုပါ ပြစ်ချက်တွေ တွေ့လာရပါလိမ့်မယ်။ အာမခံ ရှိရင်တော့ ရောင်းသူကို ချိတ်ဆက်နိုင်တာပေါ့။ မဟုတ်ရင်တော့ ပြစ်ချက် အကြီးအသေး အပေါ်ကို မူတည်ပြီး ပြန်ရောင်းထုတ်ဖို့၊ ပြင်ဆင်ဖို့သာ စဉ်းစားပါတော့။
Ref: www.thenextweb.com