လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ ခွင့်ပြုချက် ရယူခြင်းမရှိပဲ Battery Pump များ အသုံးပြု၍ တပိုင်တနိုင် စက်သုံးဆီ သိုလှောင်ရောင်းချနေသည့် ဆိုင်ငယ်များအား အရေးယူသွားမည်ဟု ယနေ့ ပြုလုပ်ခဲ့သည့် ဝန်ကြီးဌာန ၏ လစဉ် ပုံမှန်သတင်းစာ ရှင်းလင်းပွဲတွင် ထုတ်ပြန်သည်။
ပန့်သေး (Battery Pump) ဖြင့် စက်သုံးဆီ ရောင်းချခြင်းသည် စံသတ်မှတ်ချက်၊ တည်ဆဲဥပဒေနှင့် အမိန့်၊ လုပ်ထုံးလုပ်နည်းများနှင့် ကိုက်ညီမှုမရှိသဖြင့် ဥပဒေနှင့် အညီ လိုအပ်သလို တားမြစ် အရေးယူ ဆောင်ရွက်မည် ဖြစ်ကြောင်း မြန်မာ့ ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း ညွှန်ကြားရေးမှူး ဦးမြင့်ဇော်ကပြောသည် ။
ညွှန်ကြားရေးမှူး ဦးမြင့်ဇော်က “ အခုလက်ရှိ ပန့် အသေးလေးတွေ က အောက်မှာ ဂါလံ ငါးဆယ်လောက်ဆံ့ တဲ့ သံပီပါ ထဲမှာ ဓာတ်ဆီ ကို ဒီပေပါထဲမှာ ထည့်ပြီး ပန့် ကို လျှပ်စစ်မီးမသုံးပဲ နဲ့ ဘတ္ထရီကို ဘေးမှာချထားပြီး သုံးတယ်။ ဒီစက်သုံးဆီပန့် အသေးလေးတွေမှာ တပ်ဆင်ထားတဲ့ အရာအားလုံးက မီးလောင်ဖို့အတွက် ဖိတ်ခေါ်သလိုဖြစ်နေပါတယ် ” ဟု ရှင်းပြသည်။
ဆက်လက်၍ ၎င်းက “ကျနော်တို့ မီးဘေးနဲ့ပတ်သက်ရင် မလောင်ခင်ကတည်း က ကြိုတင်ကာကွယ်ဖို့လိုပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရ နဲ့ ကြီးကြပ်မှု ကော်မတီ တွေက တဆင့် ပိတ်သိမ်းရန်ဆောင်ရွက်ပါမယ် ၊ ဒီညနေ သူတို့နဲ့လည်း အစည်းအဝေးရှိပါတယ်။ အဲဒီမှာ တခါတည်း ပြောလိုက်ပါမယ်” ဟု ပြောသည်။
ပန့်သေး (Battery Pump) များ အသုံးပြု၍ စက်သုံးဆီသိုလှောင်ခြင်းသည် မီးဘေးအန္တရာယ် ကြီးမားပြီး တည်ဆဲဥပဒေ နှင့် ကိုက်ညီမှုမရှိသဖြင့် ပင်လယ်ရေကြောင်း၊ နယ်စပ်ကုန်သွယ်ရေးဂိတ်များ မှတဆင့် တင်သွင်းခွင့်မပြုရန် နှင့် တင်သွင်းမှုများ စစ်ဆေးတွေ့ရှိပါက တည်ဆဲဥပဒေ၊ အကောက်ခွန် လုပ်ထုံးလုပ်နည်းများ နှင့်အညီ အရေးယူ ဆောင်ရွက်သွားရန် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းခဲ့ကြောင်း သိရသည် ။
၁၉၄၃ ခုနှစ်၊ ရေနံအက်ဥပဒေ ပုဒ်မ ၈ အရ စက်သုံးဆီ ရောင်းချရန် ရည်ရွယ်ပြီး ၆ ဂါလံ ထက်ပိုမို သိုလှောင်ရောင်းချပါက သက်ဆိုင်ရာ ဝန်ကြီးဌာန များတွင် လုပ်ကိုင်ခွင့် လိုင်စင်လျှောက်ထားရမည်ဖြစ်သည်။
ပန့်အသေးများ အသုံးချကာ ရောင်းချနေသည့် စက်သုံးဆီအရောင်းဆိုင်ငယ်များသည် မြို့ပြင် နှင့် ကျေးလက် ဒေသအများစု တွင် ဖွင့်လှစ်ရောင်းချလေ့ရှိပြီး သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရ အဖွဲ့များက ၎င်း စက်သုံးဆီ ဖြန့်ဖြူ ရောင်းချခွင့်လိုင်စင် ခွင့်ပြုထုတ်ပေးရန် ဝန်ကြီးဌာန သို့ သဘောထား မှတ်ချက်များတောင်းခံခဲ့ကြောင်း သိရသည်။
ပျဉ်းမနား မြို့နယ်၊ ဆင်သေကျေးရွာ အနီး တွင် စက်သုံးဆီဆိုင်ငယ် ဖွင့်လှစ်ထားသည့် ကိုဇော်နောင်က အရေးယူမည် ဆိုပါက အခြားအလုပ်အကိုင် အခွင့်အလမ်း တခုခု ဖန်တီး ပေးရန် လိုအပ်သည် ဟု ပြောသည်။
သူက “ ကျနော်တို့ ဆီကိုတော့ စာရောက်တာမျိုး၊ ကြေညာတာမျိုးတွေတော့ မလုပ်သေးဘူး။ ရင်းနှီးထားရတာလည်း မနည်းဘူး၊ မီးမလောင်အောင် ပိတ်တယ်ဆိုတာတော့ မဟုတ်သေးဘူး။ ကျနော်တို့လည်း မီးလောင်ပါစေတော့ ဆိုပြီး ရောင်းနေတာမဟုတ်ဘူး” ဟု ဧရာဝတီသို့ပြောသည်။
အဆိုပါ ဆိုင်ငယ်များအား စပ်တူပူးပေါင်း၍ လုပ်ကိုင်စေခြင်း၊ အရင်းအနှီး ရှာဖွေထူထောင်မှုဖြင့် စက်သုံးဆီ ရောင်းဝယ်ရေး သမဝါယမအသင်း ဖွဲ့စည်းလုပ်ကိုင်စေခြင်း စသည့် သင့်တော်ရာ နည်းလမ်းဖြင့် စံသတ်မှတ်ချက်နှင့် ကိုက်ညီမှုရှိသည့် စက်သုံးဆီအရောင်းဆိုင်များ တိုးချဲ့တည်ဆောက်ဖွင့်လှစ်နိုင်ရေး သက်ဆိုင်ရာ ဒေသအာဏာပိုင်အဖွဲ့အစည်းများသို့ ညွှန်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
စက်သုံးဆီရောင်းချရာတွင် ကားများ ပေါ်သို့ ဆီများတင်ကာ ရွေ့လျား စနစ်ဖြင့်ရောင်းချလာကြသော်လည်း မန္တလေးတိုင်း ဒေသကြီးတွင် အဆိုပါ အရောင်းဆိုင်များကို ခွင့်မပြုရန် ဒေသအစိုးရသို့ အကြောင်းကြားပြီး ဖြစ်ကြောင်းသိရသည်။
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အနေဖြင့် စက်သုံးဆီဆိုင် ရောင်းချဆောင်ရွက်လိုပါက အနည်းဆုံး မြေအကျယ်အဝန်း ၃၂၀၀ စတုရန်းပေပေါ်တွင် သတ်မှတ်ချက်နှင့် ပြည့်စုံကိုက်ညီသည့် စက်သုံးဆီများ ရောင်းချရန်၊ လူနေအိမ်နှင့် နီးသည့်နေရာ နှင့် လျှစ်စစ်ဓာတ်အားလိုင်းများ၏ အောက်တွင် ရောင်းချခြင်းမပြုရန် စသည့် စံသတ်မှတ်ချက်များနှင့် ကိုက်ညီစွာ လုပ်ကိုင်ခွင့် လျှောက်ထားပါက ခွင့်ပြုပေးလျက်ရှိကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်သည်။
ယနေ့အထိ တရားဝင် ရောင်းချခွင့်ပေးထားသည့် စက်သုံးဆီဆိုင်ပေါင်း ၂၀၉၁ ဆိုင်ရှိကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန မှ သိရသည်။