မြန်မာနိုင်ငံဆိုင်ရာ အစ္စရေးသံရုံးနှင့် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် (MCF) တို့ ပူးပေါင်းပြုလုပ်တဲ့ စွန့်ဦးတီထွင်လူငယ်များအတွက် Startup Israel 2017 ပြိုင်ပွဲကို ဇွန်လ ၁၄ ရက်နေ့မှ စတင်ကာ လျှောက်လွှာများ လျှောက်ထားနိုင်ပြီလို့ သိရပါတယ်။
မြန်မာနိုင်ငံရဲ့ IT နည်းပညာကဏ္ဍ ပိုမို ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် စွန့်ဦးတီထွင် လူငယ်များရဲ့ အရည်အသွေးများ ပြသနိုင်စေရန်၊ လူငယ်များကို မြေတောင်မြှောက်ပေးရန် စတဲ့ ရည်ရွယ်ချက်များနဲ့ ကျင်းပခြင်းဖြစ်တယ်လို့ သိရပါတယ်။
“ကျမတို့ရဲ့ ရည်ရွယ်ချက်က ICT နည်းပညာကို အသုံးပြုပြီး IT Industry က စိတ်ဝင်စားတဲ့ စွန့်ဦးတီထွင် လူငယ်တွေ၊ စိတ်ကူး အကြံဉာဏ်ကောင်းတွေ အကောင်အထည်ဖော်လိုတဲ့ လူငယ်တွေကို မြေတောင်မြှောက်ပေးလိုတယ်။ တိုင်းပြည်ရဲ့ ICT Industry ကဏ္ဍကို မြှင့်တင်ပေးဖို့နဲ့ နိုင်ငံတကာဈေးကွက်ကို ထိုးဖောက်နိုင်တဲ့ ICT ထွက်ကုန်တွေ ပေါ်ထွက်လာစေလိုတဲ့ ရည်ရွယ်ချက်နဲ့ ပြုလုပ်ရခြင်းဖြစ်တယ်” လို့ ပြိုင်ပွဲကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်သန်းသန်းတင့်က ပြောပါတယ်။
သတင်းအချက်အလက်နှင့် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့်လည်း အစ္စရေးမြန်မာ နှစ်နိုင်ငံဆက်ဆံရေး ပိုမိုကျယ်ပြန့် ရင်းနှီးလာစေရန် ရည်ရွယ်တယ်လို့ သိရပါတယ်။ Startup Israel 2017 ပြိုင်ပွဲ စာနယ်ဇင်းတွေ့ဆုံပွဲမှာ ပြိုင်ပွဲကျင်းပရေး သဘောတူလက်မှတ် မြန်မာ – အစ္စရေး နှစ်နိုင်ငံ ရေးထိုးခဲ့ကြပါတယ်။
အဆိုပါ Startup Israel 2017 ပြိုင်ပွဲကို စိတ်ဝင်စားပြီး လျှောက်ထားလိုသူများအနေနဲ့ အသက် ၂၅ နှစ်မှ ၄၀ နှစ်အတွင်း၊ ပြိုင်ပွဲဝင်နေသည့်ကာလအတွင်း ကုမ္ပဏီကြီးတခုရဲ့ လက်အောက်ခံ ကုမ္ပဏီ မဟုတ်ဘဲ ကုမ္ပဏီ မှတ်ပုံတင်ကာလ ၃ နှစ်ထက် မပိုသော ကုမ္ပဏီများမှ ကုမ္ပဏီတည်ထောင်သူ (သို့မဟုတ်) CEO, MD, GM များဝင်ရောက် ယှဉ်ပြိုင်နိုင်တယ်လို့ သိရပါတယ်။
ပြိုင်ပွဲဝင်များဟာ “Social Entrepreneurship” နဲ့ “Urban Innovation” စတဲ့ ခေါင်းစဉ် ၂ ခု အောက်မှာ ကြိုက်နှစ်သက်ရာခေါင်းစဉ်ကို ရွေးချယ်ပြီး နေထိုင်မှုအဆင့်အတန်း (Quality of Life) ကို အထောက်အကူပြု တိုးတက်ရေးနှင့် ဆိုင်သော Application များ၊ မြို့ပြဖွံ့ဖြိုးတိုးတက်မှုနှင့် ဆိုင်သော ဆန်းသစ်တီထွင် Application များ ယှဉ်ပြိုင်နိုင်တယ်လို့ သိရပါတယ်။
“တင်သွင်းလာတဲ့ ပြိုင်ပွဲဝင် Project တွေကို ဆုရွေးချယ်အစီအစဉ်အနေနဲ့ ပဏာမ စစ်ဆေးမယ်။ ပဏာမအဆင့် ရွေးချယ်ခံရတဲ့ Project တွေက လိုအပ်တာတွေ ပြင်ဆင်ပြီး သတ်မှတ်ထားတဲ့ နောက်ဆုံးရက်ကို ပို့ပေးရမယ်။ နောက်ဆုံးအဆင့်မှ Project တင်သွင်းသူအားလုံးကို လူတွေ့ Presentation ပြုလုပ်ပြီး ပထမ၊ ဒုတိယ၊ တတိယ ရွေးချယ်မှာ ဖြစ်ပါတယ်” လို့ ပြိုင်ပွဲကျင်းပရေး ကော်မတီက ဆိုပါတယ်။
ဆုများအနေနဲ့ ပထမဆု ရရှိသူဟာ အစ္စရေးနိုင်ငံရဲ့ အထောက်အပံ့နဲ့ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ အစ္စရေးနိုင်ငံမှာ ကျင်းပမယ့် DLD Isarel 2017 ပွဲကို ရက်သတ္တပတ် တက်ရောက်ခွင့်ရရှိမှာဖြစ်ပြီး ဒုတိယဆုအဖြစ် အမေရိကန်ဒေါ်လာ ၄၀၀၊ တတိယအဖြစ် ဒေါ်လာ ၂၀၀ တို့ ချီးမြှင့်သွားမယ်လို့ သိရပါတယ်။
ပြိုင်ပွဲဝင်လျှောက်လွှာများကို mcf.org.mm မှာ ဒေါင်းလုဒ်ဆွဲပြီး သို့မဟုတ် အီးမေးလ် လိပ်စာ [email protected] ကို ဆက်သွယ်ပြီး ရယူနိုင်ပါတယ်။
Project တင်သွင်းလိုတဲ့ ပြိုင်ပွဲဝင်များအနေနဲ့ ပြိုင်ပွဲလျှောက်လွှာနဲ့ Project အကြောင်း ရှင်းလင်း တင်ပြထားတဲ့ Video Presentation ၅ မိနစ်ကို ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်၊ နောက်ဆုံးထားပြီး မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ်ရုံးခန်းကို ပေးပို့နိုင်တယ်လို့ သိရပါတယ်။