ရန်ကုန်မြစ်အတွင်း ပြေးဆွဲသွားမည့် ရေကြောင်း တက္ကစီ (Water Taxi) ကို ယခု လာမည့် တပတ်အတွင်း ပြေးဆွဲသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က “Water Taxi ပြေးဆွဲဖို့အတွက် တော်တော်များများတော့ ဆိပ်ကမ်းတွေက ပြီးနေပါပြီ။ သင်္ဘောများ ရောက်ရှိရန် ကျန်သေးနေတယ်။ အဲဒီသင်္ဘော အပိုင်းပဲ ရှိတော့တယ်။ ဆရာတို့မှန်းထားတော့ အခု ဇွန်လ တတိယပတ်မှာ ပြေးဆွဲဖို့ ရှိပါတယ်။ အလွန်ဆုံး တပတ် နှစ်ပတ်အတွင်း ပြေးဆွဲမှာဖြစ်ပါတယ်။ သင်္ဘောကတော့ သွင်းထားတုန်းရှိသေးတယ်’’ဟု ပြောသည်။
Water Taxi တွင် ရန်ကုန်မြစ်နှင့် လှိုင်မြစ်တလျောက် လိူင်သာယာမှ ပန်းဆိုးတန်းအထိ ပြေးဆွဲမည့် ခရီးစဉ်တွင် ဆိပ်ကမ်း ၇ ခု နှင့် ငမိုးရိပ်ချောင်း တလျောက်ပြေးဆွဲမည့် ခရီးစဉ်တွင် ဆိပ်ကမ်း ၁၁ ခု ပါဝင်ပြီး ခရီးစဉ် အပိုင်းလိုက် ဖြတ်ကာ လက်မှတ်တစောင်လျှင် ကျပ် ၃၀၀ နူန်းသတ်မှတ်ရန်လျာထားကြောင်း ၎င်းက ပြောသည်။
အဆိုပါ Water Taxi ကို ပြီးခဲ့သည့် မေလအတွင်းပြေးဆွဲရန် လျာထားခဲ့သော်လည်း ဆိပ်ကမ်းများ ပြီးစီးမှု မရှိသေးခြင်းနှင့် သင်္ဘောများ ပြန်လည်တည်ဆောက်ပြင်ဆင်ရန် ကြန့်ကြာနေခြင်းကြောင့် ပြေးဆွဲနိုင်ခြင်း မရှိခဲ့ကြောင်း သိရသည်။
တင့်တင့်မြန်မာ ကုမ္ပဏီမှ တာဝန်ရှိသူတဦးက “ကျနော်တို့ အမြန်ဆုံးပြီးစီးအောင်တော့ လုပ်ဆောင်နေပါတယ်။ ဆိပ်ကမ်းတည်ဆောက်မှုကလည်း အခုလောလောဆယ်မှာ ပျမ်းမျှအားဖြင့် ၇၀ ရာခိုင်နူန်းကျော် ပြီးစီးနေပါပြီ။ အချောသတ်ဖို့ပဲ ကျန်နေတာ ဖြစ်တယ်။ ပြေးဆွဲမယ့် သင်္ဘောတွေကလည်း အခုထိုင်းနိုင်ငံကိုရောက်နေပါပြီ။ ပညာရှင်တွေနဲ့ စိစစ်ပြီး ကျနော်တို့ အမြန်ဆုံး လုပ်ဆောင်နေပါတယ်’’ဟု ပြောသည်။
Water Taxi ပြေးဆွဲရာတွင် လှိုင်မြစ်နှင့် ရန်ကုန် မြစ်ကြောင်း တလျောက် ခရီးသည်ဦးရေ ၅၀ မှ ၁၀၀ ဦး ကြား တင်ဆောင် ပြေးဆွဲနိုင်သော ရေယာဉ်နှင့် ငမိုးရိပ်ချောင်းတလျောက်တွင် ခရီးသည်ဦးရေ ၃၅ မှ ၆၀ ဦး ကြား ပြေးဆွဲနိုင် သော ရေယာဉ်များဖြင့် ပြေးဆွဲသွားမည်ဖြစ်ပြီး မြစ်ကြောင်း ၃ ခုအနက် လိူင်သာယာ- ဗိုလ်တထောင်မြစ်ကြောင်း စတင်ပြေးဆွဲသွားမည်ဖြစ်ကြောင်း တင့်တင့်မြန်မာ ကုမ္ပဏီမှ သိရသည်။
လှိုင်သာယာ ဂိတ်အစမှ ဗိုလ်တထောင်အထိ ပြေးဆွဲချိန် ၁ နာရီ မိနစ် ၃၀ ကြာမြင့်မည်ဖြစ်ပြီး လှိုင်သာယာဂိတ်မှ နံနက် ၆ နာရီ မှ စတင်ကာ မိနစ်၂၀ တကြိမ် သဘောမျၤား ပြေးဆွဲမည်ဖြစ်ပြီး နောက်ဆုံး ရေပေါ်တက္ကစီ ကို ညနေ ၆ နာရီ မိနစ် ၃၀ တွင် ဗိုလ်တထောင်ဆိပ်ကမ်းမှ ပြေးဆွဲမည်ရာ နောက်ဆုံး ရေယာဉ်သည် ည ၈ နာရီ တွင် လှိုင်သာယာ သို့ ရောက်ရှိမည်ဖြစ်သည်။
လှိုင်မြစ်လမ်းကြောင်း အတွက် ဆိပ်ကမ်းမှတ်တိုင်များမှာ အင်းစိန် (ကြိုးတံတားအနီး)၊ ဘုရင့်နောင်တံတား၊ FMI အိမ်ယာ၊ လှိုင်ဘူတာရုံလမ်း၊ ကြည့်မြင်တိုင်(ဈေးကြီးတံတား)၊ လသာ (လမ်းသစ်တံတား)၊ ပန်းဆိုးတန်း (နန်းသီတာ)၊ ဗိုလ်တစ်ထောင် တံတားအမှတ် ၄ တို့ ဖြစ်ကြသည်။
Water Taxi ပြေးဆွဲမည့် သင်္ဘောများကို သြစတြေးလျ၊ ဂျော်ဒန်၊ ထိုင်းနိုင်ငံတို့မှ ဝယ်ယူထားခြင်းဖြစ်ပြီး Face-1 အနေဖြင့် သင်္ဘောစင်းရေ ၂၅ စင်းမှ ၃၅ စင်းအကြား ဝယ်ယူထားကြောင်း၊ ပထမအဆင့်အနေဖြင့် လှိုင်မြစ်ကို စတင်ပြေးဆွဲမည် ဖြစ်ပြီး နောက်ပိုင်းတွင် ငမိုးရိပ်ချောင်းစသည်ဖြင့် Plan အဆင့်ဆင့် ဆောင်ရွက်သွားမည် ဖြစ်သည်။ တရက်တာ ထွက်ရှိ မည့် သင်္ဘောအစီးရေနှင့် ဆတူ အရံယာဉ်များလည်း ထားရှိမည်ဟု တင့်တင့်မြန်မာ ကုမ္ပဏီလီမိတက်ထံမှ သိရသည်။
ရေကြောင်း တက္ကစီ (Water Taxi) ပြေးဆွဲခြင်းမှာ ရန်ကုန်မြို့တွင်း ယာဉ်ကြောကျပ်တည်းမှုကို ဖြေလျော့ပေးရန်အတွက် ရည်ရွယ်လုပ်ဆောင်ခြင်း ဖြစ်ပြီး တိုင်းအစိုးရအဖွဲ့က၂၀၁၆ ခုနှစ် နိုဝင်ဘာလ ဒုတိယပတ်တွင် တင်ဒါများ ရောင်းချခဲ့ခြင်း ဖြစ်သည်။
တင်ဒါအောင်မြင်ကာ Water Taxi လုပ်ခွင့် ရရျိသည့် တင့်တင့်မြန်မာကုမ္ပဏီသည် ခရီးသွားလုပ်ငန်းများ အဓိကလုပ်ကိုင်ပြီး ကလော၊ တောင်ကြီးနှင့် စစ်ကိုင်းမြို့များတွင် ကြယ် ၅ ပွင့် ဟိုတယ်အဆင့်ရှိ သတ်မှတ်ထားသော ခရီးသွား သင်္ဘောများနှင့် နိုင်ငံခြားသား ခရီးသွား လုပ်ငန်းများ လုပ်ကိုင်လျက်ရှိသော ကုမ္ပဏီဖြစ်သည်။