ဇွန်လမှ ဒီဇင်ဘာအထိသည် မန္တလေးအိမ်ခြံမြေဈေးကွက်၏ ရာသီဖြစ်ရာ ရာသီချိန် အစတွင် ယခင်နှစ်ထက် ပို၍ အရောင်းအဝယ် သွက်လာပြီး အငှားဈေးကွက်သွက်ကာ မြေနေရာအချို့ ဈေးနှုန်းမြင့်တက်ကြောင်း အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းရှင်များထံက သိရသည်။
မန္တလေးမြို့ အတွင်း မြေကွက်ကျယ် ငှားရမ်းအသုံးပြုလိုသူ များသော်လည်း ငှားရမ်းနိုင်သည့် မြေနေရာ နည်းပါးသောကြောင့် အငှား သွက်ကာ ဈေးတက်နေကြောင်း၊ စီပွားရေးလုပ်ငန်းများ လုပ်ကိုင်လိုသူများသည် မြေပိုင်ဝယ်ယူခြင်းထက် နှစ်ရှည်ငှားရမ်းခြင်းကို ပိုမို စိတ်ဝင်စားမှုများလာကြောင်း၊ ငှာရမ်းမှုများတွင် နေရာ၊ အကျယ်အဝန်းနှင့် အကွက်အကွင်း ကောင်းသည့် အပေါ် မှုတည်၍ ကွာခြားချက်ရှိပြီး ၁ လလျှင် ကျပ် ၃ သိန်းမှ ကျပ် ၁၅ သိန်းခန့်အထိ ဈေးရှိကြောင်း၊ လူနေထိုင်မှုများအတွက် တလလျှင် ကျပ် ၅ သောင်းမှ ကျပ် ၂၅၀၀၀၀ ဝန်းကျင် တန်ဖိုးရှိ အိမ်များကို ငှားရမ်းမှု ပို၍များသည်ဟု အိမ်ခြံမြေလုပ်ငန်းရှင်များက သုံးသပ်ပြောပြသည်။
“မြို့တွင်းအချက်အချာ နေရာတွေကို ပိုပြီး အငှားများတယ်၊ အများဆုံး ငှားရမ်းနေတာကတော့ ပြည်ပက စီးပွားရေး လုပ်ငန်းတွေ၊ ပြည်ပကုမ္ပဏီနဲ့ ချိတ်ဆက်လုပ်ကိုင်နေတဲ့ ပြည်တွင်းစီးပွားရေးလုပ်ငန်းကုမ္ပဏီတွေ အများဆုံးပဲ၊ ငှားလိုသူက များနေတယ်၊ ငှားမယ့်နေရာက နည်းနေတော့ ဈေးတွေတက်ကုန်တယ်၊ အရင်က မြေကွက်ကျယ်တွေကို ငှားဖို့ ၁ ဦး၊ ၂ ဦး လောက်ပဲရှိနေရာက အခုအချိန်မှာ ငှားရမ်းခတွေ ပိုပေးပြီး ငှားရမ်းလိုသူက များနေတယ်”ဟု ချမ်းမြသာစည်မြို့နယ်အတွင်းမှ အိမ်ခြံမြေအကျိုးဆောင်ဦးဌေးက ပြောသည်။
အိမ်ခြံမြေ အကျိုးဆောင်များ၏ ပြောပြချက်အရ ယခုနှစ်အတွင်း အိမ်ခြံမြေကဏ္ဍရင်းနှီးမြုပ်နှံမှု၌ နိုင်ငံသားများ ပို၍ များလာကြောင်း၊ ရင်းနှီး မြုပ်နှံလိုသူများ ပြန်လည် အခြေချလာကြသော်လည်း ယခင်ဈေးကွက်ကောင်းစဉ်ကဲ့သို့ အလုံးအရင်းဖြင့် ဝင်ရောက်မြုပ်နှံခြင်း မဟုတ်ကြောင်း သိရသည်။
ချမ်းအေးသာစံမြို့နယ် အတွင်းမှ အိမ်ခြံမြေအကျိုးတော်ဆောင် ဒေါ်ညိုညိုသင်းက “မြေအရောင်းအဝယ်တွေ မြင့်တက်လာတယ်ဆိုတာက ရာသေး မြေကွက်လေးတွေပါ။ အများဆုံးကတော့ မြို့ပြင်ဘက်က ပိုပြီး အဖြစ်များနေတယ်၊ မြို့ရဲ့ အရှေ့တောင်ဘက်အခြမ်းတွေမှာ အများဆုံး ဝယ်ယူနေကြတာတွေ တွေ့ရတယ်၊ ငွေကြေး တတ်နိုင်လို့ပဲဖြစ်ဖြစ်၊ အချက်အချာကျတဲ့ နေရာကနေ ငွေဝိတ်လျှော့ပြီး နေဖို့ပဲဖြစ်ဖြစ် မြို့သစ်ဧရိယာတွေကို စိတ်ဝင်စားမှုများလာပါတယ်” ဟု ပြောသည်။
အငှားဈေးကွက်တွင် လူနေထိုင်မှုနှင့် ဆိုင်ခန်းဖွင့်လှစ်ရန် ကောင်းမွန်သည့် အဓိကလမ်းမကြီးများပေါ်ရှိ အဆောက်အအုံပါ နေရာများနှင့် ဈေး၊ ကျောင်းနားနီးသော အနီးဝန်းကျင်ရပ်ကွက်များ၊ မန္တလေးမြို့၏ အဓိကလမ်းမကြီးများ ဖြစ်သည့် ၈၄ လမ်း၊ ၃၅ လမ်း၊ ၆၂ လမ်း၊ ၇၈ လမ်း၊ လမ်း ၃၀၊ မနော်ဟရီနှင့် သိပ္ပံလမ်းများရှိ မြေကွက်များ၊ မန္တလေးတက္ကသိုလ် အနီးဝန်းကျင်နှင့် ဆေးတက္ကသိုလ် အနီးဝန်းကျင် ရပ်ကွက်များ၊ ဘူတာကြီးအနီး တိုက်ခန်းများ ဖြစ်သည်။
အခြေခံလူတန်းစားများ အများဆုံး နေထိုင်ရာ ရပ်ကွက်များတွင်လည်း အိမ်အငှားသွက်နေပြီး ငှားရမ်းခ နှုန်းထားများ ယခင်နှစ်ထက် မြင့်တက်နေသလို အရောင်းအဝယ်ပိုင်းတွင်လည်း မြို့တွင်းပိုင်းထက် မြို့သစ်ရပ်ကွက်များ နှင့် ဆင်ခြေဖုံးရပ်ကွက်များရှိ အိမ်ခြံမြေများ ပို၍ အရောင်းအဝယ်ဖြစ်လာပြီး ကျပ်သိန်း ၅၀၀ အောက်မြေကွက်များမှာ ပိုပြီး အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။
“အခုအနေအထားက လူနေထိုင်မှုမရှိတဲ့ရပ်ကွက်တွေထက် လူနေထိုင်ပြီးဖြစ်တဲ့ အိမ်ခြံမြေအကွက်တွေ၊ အဆောက်အအုံတွေနဲ့ ပြည့်စုံပြီး ဖြစ်တဲ့ မြေကွက်တွေကို ပိုပြီး စိတ်ဝင်စားလာကြတယ်၊ အရင်ကတော့ လူနေထိုင်တာမျိုး နည်းပါးတဲ့ ဧရိယာတွေမှာ အရောင်းအဝယ် သွက်ခဲ့စဉ်က ဈေးနှုန်းမျိုးနဲ့ ခုလက်ရှိမှာ စိတ်ဝင်စားသူ နည်းပါးလာတယ်။ အရောင်းအဝယ် အေးနေချိန်မှာ လူနေထိုင်မှု သိပ်သည်းပြီး ဈေးနှုန်းသင့်တင့်တဲ့ အလယ်အလတ်နှုန်းတွေ ဈေးကွက်ပြန်သွက်ရင် ဈေးပိုမာနိုင်တဲ့ အနေအထားရှိနေပါတယ်” ဟု အိမ်ခြံမြေ အကျိုးတော်အသင်းမှ တာဝန်ရှိသူတဦးက ပြောပြသည်။
အိမ်ခြံမြေဈေးနှုန်းများအနေဖြင့် မြို့သစ်ပိုင်းရှိ တတ၊ ထထ၊ ဒဒ အပိုင်းတွင် ကျပ် သိန်း ၅၀၀ နှင့်အထက်၊ ထန်းကိုးပင်အနီး အကွက်များတွင် ကျပ်သိန်း ၈၀၀ မှ ၃၀၀၀ ခန့်၊ မြရည်နန္ဒာ မြို့သစ်အပိုင်းနှင့် ၅၀၊ ၅၁၊ ၅၂ လမ်းအပိုင်းများရှိ မြေကွက်များမှာ ကျပ်သိန်း၈၀၀မှ ၁၅၀၀ အထက် ဈေးပေါက်လျက်ရှိကြောင်း အိမ်ခြံမြေ ဝယ်ရောင်းများက ပြောသည်။
မန္တလေးအိမ်ခြံမြေဈေးကွက် အတွင်း၌ ဈေးကွက်တောင်းဆိုမှုအရ စိတ်ဝင်စားမှု အမြင့်ဆုံး၊ ဈေးနှုန်းအသင့်အတင့်နှင့် လူနေထိုင်မှု များပြား လာသော မြို့သစ်ရပ်ကွက်များ၊ မဟာမြိုင်ရပ်ကွက်၊ ထန်းကိုးပင်၊ မြို့အရှေ့မြောက်ဘက်ခြမ်း ပုသိမ်ကြီးမြို့အနီးရှိ ကျေးရွာမြေများနှင့် မြရည်နန္ဒာ ရပ်ကွက်များတွင် အများဆုံး ဝယ်ယူခြင်းများ ပြန်လည်ဖြစ်လာကြောင်း၊ အဆိုပါမြေများ အဝယ်လိုက်လာရခြင်းမှာ ဈေးနှုန်းများ သင့်တင့်မျှတခြင်းနှင့် မြေဧရိယာကျယ်ဝန်းခြင်းများကြောင့် တနိုင်တပိုင် အခြေခံ လူတန်းစားများ ဝယ်ယူမှု အများဆုံးဟု အိမ်ခြံမြေ အကျိုးတော်ဆောင်များထံမှ သိရသည်။