တကယ်ဆိုရင်တော့ Hondaရဲ့ CBR မော်ဒယ်ဆိုတာ ပြည်တွင်းမှာ Yamaha FZ တွေထက် လူကြိုက်များတဲ့ မော်ဒယ်ပါ။ ဒါပေမယ့် ဈေးနှုန်းမြင့်မားမှုကြောင့် လူတိုင်း သိပ်မစီးနိုင်ကြပါဘူး။
အင်ဂျင်ကြီးကြီး စွမ်းဆောင်ရည်မြင့်မြင့် မော်ဒယ်မြင့် CBRတွေက ဈေးနှုန်း သိန်း ၅၀ ကနေ အထက်ရှိလို့ အဝယ်လိုက် နည်းတာ တွေ့ရပါတယ်။ ဒါပေမယ့် အခု ၂၀၁၇ ခုနှစ်ထဲ ရောက်လာချိန်မှာတော့ ကောင်းလာတာ တခုက ၂၀၁၆ ခုနှစ်ထုတ် ဆိုင်ကယ်တွေ ဈေးကျလာတာ ဖြစ်ပြီး ရွေးချယ်နိုင်မှု အားကောင်းလာပါတယ်။
ပြီးတော့ အခု ပြောမယ့် CBR မော်ဒယ်က အင်ဂျင်စနစ်မှာ ၁၅၀ စီစီသုံးပဲ ဖြစ်လို့ စွမ်းဆောင်ရည်က အမြင့်ကြီး မဟုတ်ဘဲ Fighter တန်းဝင် ဖြစ်ပေမယ့် ပုံမှန် အိမ်စီးသာသာ အလှစီး အနေနဲ့ပဲ အဆင်ပြေမှာ ဖြစ်လို့ ဈေးလည်း ချိုလာပါတယ်။
အင်ဂျင်စနစ်က Four Stroke စနစ် ဖြစ်ပြီး တလုံးထိုးပါ။ အရွယ်က ၁၅၀ စီစီ မပြည့်ပါဘူး။ လက်ရှိ ပြည်တွင်းမှာ လူကြိုက် အများဆုံး ၁၂၅ စီစီ အင်ဂျင် အရွယ်ထက် သိပ်မကြီးလို့ စွမ်းဆောင်ရည်လည်း သိပ်မကွာသလို ဆီစားနှုန်းလည်း မကွာပါ ဘူး။ သဘောကျစရာပါ။ မြင်းကောင်ရေ ၁၇.၁ကောင်အား ထွက်ပါတယ်။
ဒီနှုန်းကတော့ ပုံမှန် ၂၅၀ စီစီသုံး အင်ဂျင်တွေရဲ့ စွမ်းအင် ထုတ်လုပ်နိုင်မှုလောက်ထိအောင် ကောင်းလာတာပါ။
လျှပ်စစ်စနစ်နဲ့ အင်ဂျင်ကို စက်နှိုးနိုင်ပါတယ်။ အင်ဂျင်မှာ လေစစ် စနစ် ထည့်မထားတာ တချက်ကိုတော့ သိပ်မကြိုက်ပါ ဘူး၊ ဂီယာချက် ၆ချက် သုံးနိုင်မှာပါ။ ဂီယာစဉ်က 1-N-2-3-4-5-6အတိုင်း ဖြစ်ပါတယ်။ မြေပြင်ကနေ ကိုယ်ထည်က ၁၆ စင်တီမီတာ ကွာပါတယ်။ လမ်းကြမ်းပိုင်း ကောင်းကောင်း သုံးနိုင်မယ့် အနေအထားပါ။
ဆီတိုင်ကီက ၁၂လီတာ ထိအောင် ဆံ့ပါတယ်။ အလေးချိန်က ဆီမပါဘဲ ၁၃၅ ဂရမ် လေးပါတယ်။ ထူးခြားချက်တခုက ရှေ့ ဘက် Suspension စနစ်မှာ Telescopic ပုံမှန်ပဲ ထည့်ထားပေမယ့် နောက်ဘက်မှာ ဟိုက်ဒရောလစ်ပုံစံနဲ့ Monoshock ကို ထည့်ထားတာပဲ ဖြစ်ပါတယ်။
လက်ကိုင်ပိုင်း ပိုမို တည်ငြိမ်ကောင်းမွန်လာစေပါတယ်။ ဘရိတ်စနစ်ကလည်း ရှေ့ရော နောက်ရော ဒေသ အခေါ် လေ ဘရိတ် ခေါ်တဲ့ ဟိုက်ဒရောလစ်နဲ့ လာပါတယ်။ ရှေ့မီးကြီးက မော်ဒယ်ဟောင်းတွေမှာ မီးလုံးတလုံးနဲ့ လာပေမယ့် အခုတော့ Double ပုံစံ ၂လုံး ဖြစ်လာပါတယ်။
ဆီစားနှုန်းမှာ တလီတာကို ပျမ်းမျှ ၃၉ ကီလိုမီတာလောက် စီးနိုင်လာပါတယ်။ ဒါဟာ ၁၂၅ စီစီ အင်ဂျင်တပ် ပုံမှန်အိမ်စီး မော် ဒယ်တွေနဲ့ ဆီစားနှုန်း အတူတူ ဖြစ်လာတာပါ။
ကလပ်လည်း ပျော့တယ်၊ မောင်းနှင်လို့ ကောင်းတယ်၊ အမြန်နှုန်း မြှင့်တင်မောင်းနှင်နိုင်မှုက တနာရီ မိုင် ၆၀ နှုန်းကို ၅စက္ကန့် ဝန်းကျင်လောက်နဲ့ ရောက်အောင် မောင်းနှင်နိုင်တာလည်း တွေ့ရပါတယ်။ စွမ်းဆောင်ရည်နဲ့ ဆီစား၊ ဈေးနှုန်း တွေက လက်ခံနိုင်စရာပါ။
ပြည်တွင်း ဈေးကွက်မှာတော့ Fighter မော်ဒယ်တွေကို မြို့ကြီးတွေမှာ လူငယ်ကြိုက်အဖြစ် အများဆုံး စီးနင်းနေပြီး မန်းနဲ့ အထက် မုံရွာ၊ တောင်ကြီး၊ ပဲခူးနဲ့ တောင်ငူတွေမှာ အများဆုံး လူကြိုက်များနေပါတယ်။
၂၀၁၇ခုနှစ် မော်ဒယ်တွေကတော့ ဈေးကွက်ထဲ ရောက်လာတာ မကြားသေးဘဲ ဈေးမြင့်ပြီး အရင်နှစ် ၂၀၁၆ အသစ် အနေအ ထား မော်ဒယ်တွေကတော့ ၃၅ သိန်းလောက်နဲ့ပဲ ရနိုင်နေတာ တွေ့ရပါတယ်။
အရောင်ပိုင်း ရွေးချယ်နိုင်မှုလည်း အရောင် ငါးရောင်လောက်ထိအောင် ရနိုင်နေသေးလို့ သဘောကျစရာပါ။
အခုနှစ် မော်ဒယ်တွေ ကတော့ အင်ဂျင်အသေးစားတပ် CBRအဝင် သိပ်မတွေ့ရသေးပဲ အင်ဂျင်အကြီးနဲ့ မော်ဒယ်တချို့ ဈေးကွက်ထဲ ရောက် လာနေပြီး သိန်း ၅၀ ကျော်ထိအောင် အရောင် ရွေးချယ်နိုင်မှု နည်းနည်းနဲ့ ဈေးပေါက်နေတာ တွေ့ ရပါတယ်။