မြန်မာနိုင်ငံ၏ ထိပ်တန်း ယဉ်ကျေးမှုအမွေအနှစ် ဖြစ်သော ရွှေရောင်တောက်ပသည့် စေတီတော်ကို အပြည့်အ၀ မြင်တွေ့ နေရသော the Esperado Lake View Hotel ဟိုတယ်သည် နှစ်လိုဖွယ်ရာ နေရာတခု ဖြစ်သင့်သည်။ သို့သော် ၎င်းကို လွန်ခဲ့သော ၂ နှစ်က တည်ဆောက်ခဲ့ ပြီးနောက် ထိုကြယ် ၄ ပွင့် အဆင့်ဟိုတယ်၏ အခန်း ထက်ဝက်မှာ ဟာလာ ဟင်းလင်း ဖြစ်နေသည်မှာ လအတန်ကြာရှိပြီဟု ဟိုတယ်မန်နေဂျာ ကိုနီရိုကျော်ဝေက ပြောသည်။ “မြန်မာနိုင်ငံမှာ ဟိုတယ် ငှားရမ်းလိုအား မတွေ့ရသေးဘူး” ဟု သူက ပြောသည်။
ဆယ်စုနှစ် များစွာကြာသော စစ်အုပ်ချုပ်ရေး အပြီး ၂၀၁၁ ခုနှစ်က မြန်မာနိုင်ငံကို ပြင်ပကမ္ဘာသို့ တံခါးဖွင့်လိုက်ချိန် ဗြိတိသျှ ကိုလိုနီဟောင်း ဖြစ်ခဲ့သော မြန်မာနိုင်ငံသည် ကမ္ဘာ့ရေပန်းအစားဆုံး ကမ္ဘာလှည့်ခရီးသွား ဆွဲဆောင်သောနေရာ၊ စွန့်စား ခရီးသွား လာခြင်းအတွက် နေရာသစ် ဖြစ်ရန် အလားအလာ ရှိခဲ့သည်။ စိမ်းလမ်းသော ရှုခင်းနှင့် ရှေးဟောင်းဘုရား ကျောင်းကန်များ ရှိသောကြောင့် ခရီးသွား လုပ်ငန်းသည် အိမ်နီးချင်း ထိုင်းနိုင်ငံကဲ့သို့ပင် ဖွံ့ဖြိုး တိုးတက်ရေးတွင် ကြီးမားသော အခန်းမှ ပါဝင်မည်ဟု နိုင်ငံ၏ စီမံကိန်းရေးဆွဲသူများက မျှော်လင့်ခဲ့ကြသည်။
သို့သော် ထိုသို့ ဖြစ်မလာခဲ့ပေ။ ဆောက်လုပ်ရေး လုပ်ငန်းများ အလွန်အကျွံ လုပ်ကိုင်ခြင်း ကြောင့် မြန်မာနိုင်ငံတွင် အသုံး မပြုရသေးသော ဟိုတယ်ခန်း အရေအတွက် လွန်စွာ များပြားလာကာ ညံ့ဖျင်းစွာ စီမံသော အဆောက်အအုံများကြောင့် ပုဂံ ရှေးဟောင်း ယဉ်ကျေးမှုနယ်မြေနှင့် နုန်းနှင့် အမှိုက်သရိုက်များပြည့်နေသည့် အင်းလေးကန်ကဲ့သို့သော အမျိုးသား ရတနာများကို ပျက်စီးစေခဲ့သည်။
“အတွေ့အကြုံ ကင်းမဲ့ပြီး ရှုပ်ထွေးလှတဲ့ ဒီကဏ္ဍကို ဖွံ့ဖြိုးအောင်လုပ်ဖို့ မြန်မာနိုင်ငံအတွက် ကြီမားတဲ့ စိန်ခေါ်မှုတွေ ရှိနေတယ်” ဟု မြန်မာအစိုးရ၏ ခရီးသွားလုပ်ငန်း အတိုင်ပင်ခံ ပေါလ်ရော်ဂျာ က ပြောသည်။
မြန်မာနိုင်ငံသည် အထီးကျန် ဘဝမှ လွန်မြောက်လာခဲ့ပြီး နောက် အပြောင်းအလဲများ လျင်မြန်စွာ ဖြစ်ပေါ်ခဲ့သည်။ နိုင်ငံရေး အကျဉ်းသားဟောင်း နိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ဒီမိုကရေစီနည်းကျ ရွေးချယ်ခံ အဖွဲ့သည် လူမျိုးစု ပဋိပက္ခများ အဆုံးသတ်ပြီး စီးပွားရေး ဖွင့်ပေးရန် ကတိများဖြင့် လွန်ခဲ့သော နှစ်က အစိုးရ ဖွဲ့စည်းနိုင်ခဲ့သည်။
မကြာသေးမီ နှစ်များ အတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာကာ ပထမဆုံး အနောက်တိုင်း အသင့်စား စားသောက်ဆိုင်များ၊ ကိုကာကိုလာ ၏ ပထမဆုံး ပုလင်းသွင်းစက်ရုံ နှင့် ဆဲလ်ဖုန်း ဝန်ဆောင်မှုများ ပေါ်ပေါက်လာခဲ့ သည်ဟု နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့၏ အဆိုအရ သိရသည်။
သို့သော် နိုင်ငံသည် ကမ္ဘာ့အဆင်းရဲဆုံး ဖြစ်နေသေးပြီး စစ်တပ်က အာဏာကို စိုးမိုးချယ်လှယ်နေဆဲ ဖြစ်ကာ လူမျိုးစု ပဋိပက္ခများ ဆက်လက် ဖြစ်ပေါ်နေဆဲ ဖြစ်သည်။ စစ်တပ်နှင့်ရဲ တပ်ဖွဲ့သည် ရိုဟင်ဂျာ မွတ်စလင်များကို သတ်ဖြတ် ခဲ့ဖွယ်ရှိပြီး လွန်ခဲ့သောနှစ်က လက်နက်ကိုင် တိုက်ခိုက်ခံရမှုကို နှိမ်နှင်းမှုအတွင်း လူ ၉၀၀၀၀ နီးပါးကို နေအိမ်စွန့်ခွာ ထွက်ပြေးစေသည်ဟု ကုလသမဂ္ဂက ဖေဖော်ဝါရီလက ကြေညာသည်။ အစိုးရ အကြံပေးတဦးမှာလည်း ဇန်နဝါရီလက မြန်မာနိုင်ငံတကာ လေဆိပ်ပြင်ပတွင် ပစ်သတ်ခံရသည်။
“နိုင်ငံမြောက်ပိုင်းမှာ လုံခြုံတဲ့ ခရီးသွားလာမှု လုပ်လို့ မရဘဲ သတင်းဆိုးတွေ အများကြီးလည်း ထွက်နေတယ်” ဟု ပြည်ထောင်စု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအသင်း ဥက္ကဋ္ဌ ဦးသက်လွင်တိုး က ပြောသည်။
ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဝန်ကြီးဌာနသည် ၂၀၁၃ ခုနှစ်က ခရီးသွားလုပ်ငန်း မဟာစီမံချက် ကို ရေးဆွဲခဲ့ပြီး ၂၀၂၀ တွင် ဧည့်သည် ၇ သန်းခွဲအထိ စွဲဆောင်နိုင်ရန် ရည်မှန်းထားသည်။ ထို အရေအတွက်မှာ စစ်အုပ်ချုပ်ရေး နှောင်းပိုင်း နှစ်များက အရေအတွက်ထက် ၁၀ ဆ ခန့် ပိုမိုမြင့်မားသော အရေအတွက်ဖြစ်သည်။ ထိုစီမံချက်က ဝင်ငွေ ဒေါ်လာ ၁၀ ဒသမ ၂ ဘီလီယံ ရမည်ဟု ရည်မှန်းကာ လက်ရှိတွင် ကမ္ဘာ့ဘဏ်က ဒေါ်လာ ၆၃ ဘီလီယံ တန်ကြေးရှိသည်ဟု ခန့်မှန်းထားသည့် မြန်မာ့စီးပွားရေး တိုးတက်အောင် မောင်းနှင်ပေးမည် ဖြစ်သည်။
ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဝန်ကြီးဌာန သိန်းနှင့် ချီသော နေ့ချင်းပြန် လာရောက်သူများကို ကမ္ဘာ လှည့်ခရီးသည် စာရင်းတွင် ထည့်သွင်းထားသည် ဟူသော စွပ်စွဲချက်များ ထွက်ပေါ်လာပြီးနောက် ဟိုတယ်/ခရီးက အဆိုပါ စာရင်းများကို ပြန်လည် လျှော့ချလိုက်ရသဖြင့် ယခုအခါ ထိုရည်မှန်းချက်များမှာ စိတ်ကူးယဉ်ခြင်း သက်သက် ဖြစ်သွားသည်။
စာရင်းသစ်အရ မြန်မာနိုင်ငံသို့ လည်ပတ်ခြင်းမှာ ၂၀၁၆ ခုနှစ်တွင် ယခင်နှစ်က ၄ ဒသမ ၇ သန်းရှိရာမှ ၂ ဒသမ ၉ သန်းသို့ ကျဆင်းကာ ၃၈ ရာခိုင်နှုန်း လျော့ကျသွားသည်။ (ယုံကြည်အားထားနိုင်ခြင်း မရှိသော စာရင်းအင်း အချက်အလက်များ သည် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ပိုင်နက်မှ ထွက်လာတတ်သည်။ လွန်ခဲ့သော ဒီဇင်ဘာလကလည်း မြန်မာနိုင်ငံ၏ ဘဏ်လုပ်ငန်း ဆိုင်ရာ စာရင်း အချက်အလက်များ၏ အရည်အသွေးနှင့် ပတ်သက်ပြီး ကမ္ဘာ့ဘဏ်က မေးခွန်းထုတ်ခဲ့သေးသည်။) ခရီးသွား လုပ်ငန်း ဝန်ကြီးဌာနသည် ရုံးချိန်အတွင်း ဖုန်းဆက်မေးမြန်းခြင်းနှင့် အီးမေးလ်ပေးပို့ မေးမြန်းခြင်းတို့ကို ပြန်လည် ဖြေကြားခြင်း မရှိပေ။
“စာရင်း အချက်အလက်တွေကို ရည်ရွယ်ချက်နဲ့ ချဲ့ကား ထားတယ် ဆိုတာ လူတိုင်းသိနေတဲ့ လျှို့ဝှက်ချက်ပဲ” ဟု နိုင်ငံ၏ အကြီးဆုံး မြို့ ရန်ကုန်ရှိ Rose Garden Hotel ဟိုတယ် အထွေထွေမန်နေဂျာ အလက်ဇန်ဒါး ရှီဘဲယ်က ပြောသည်။
ရွှေခေတ်ကြုံမှ ထလုပ်တတ်သည့် စိတ်ဓာတ်ကြောင့် အဆောက်အအုံများကို အလွန်အကျွံ အလျင်အမြန် တည်ဆောက်ခဲ့ သည် ဟု အစိုးရ၏ အကြံပေး ရော်ဂျာက ပြောသည်။ ၂၀၁၅ ခုနှစ်မှ ၅ နှစ်တာ ကာလအတွင်း ဟိုတယ် အရေအတွက် ၂ ဆ တိုးပြီး ၁၃၀၀ အထိ ရှိလာသည်။ ထိုကာလအတွင်း ပြည်ပစီးပွားရေး လုပ်ငန်းများက ဟိုတယ်လုပ်ငန်း ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၂ ဒသမ ၃ ဘီလီယံ မြှုပ်နှံရန် သဘောတူခဲ့သည်ဟု ဝန်ကြီးဌာန၏ နောက်ဆုံး ထုတ်ပြန်သောကိန်း ဂဏန်းများ အရ သိရသည်။ ပြင်သစ်နိုင်ငံမှ ဟိုတယ်စီမံခန့်ခွဲရေးလုပ်ငန်း Accor SA နှင့် အမေရိကန် အခြေစိုက် Hilton Worldwide Holdings Inc တို့သည် မြန်မာနိုင်ငံရှိ အနောက်တိုင်း ဟိုတယ်လုပ်ငန်းများတွင် ပါဝင်ကြသည်။
Hilton ၏ မြန်မာနိုင်ငံရှိ ဟိုတယ် ၂ ခု တွင် ၂၀၁၄ ခုနှစ် စတင် ဖွင့်လှစ်ချိန်မှ စပြီး နှစ်စဉ် အခန်းငှားရနှုန်းနှင့် အမြတ်မှာ ကိန်းဂဏန်း နှစ်လုံးနှုန်းဖြင့် တိုးတက်နေသည်ဟု Hilton ၏ အာရှ ပိစိဖိတ်ဒေသဆိုင်ရာအကြီးအကဲ မာတင်ရခ် ၏ အီးမေးလ်တွင် ကိန်းဂဏန်း မဖော်ပြဘဲ ဖြေကြားထားသည်။ ထိုလုပ်ငန်းသည် မြန်မာနိုင်ငံတွင် နောက်ထပ် ဟိုတယ် ၃ လုံး တည်ဆောက်ရန် စီစဉ်ထားသည်ဟုလည်း သူက ဖော်ပြသည်။ Accor လုပ်ငန်းကမူ အီးမေးလ်ဖြင့် မေးမြန်းခြင်းကို ပြန်လည် ဖြေကြားခြင်း မရှိခဲ့ပေ။
အလွန်အကျွံ တည်ဆောက်ခြင်း အထောက်အထားသည် အထူးသဖြင့် နေပြည်တော်တွင် အထင်ရှားဆုံး တွေ့ရသည်။ ယခင် စစ်အစိုးရသည် ၂၀၀၀ ခုနှစ်များ အတွင်း ချက်ချင်း တည်ဆောက်ပြီး ကိုလိုနီခေတ် ရန်ကုန်မှ ပြောင်းခဲ့သည့် မြို့တော်နေပြည်တော်သည် လူသူကင်းမဲ့သော ၁၄ လမ်းသွား လမ်းမကြီးများ၊ ပိတ်ထားသော ဆိုင်ခန်းများ ဖြင့် တစ္ဆေ မြို့ကြီး ဖြစ်နေကာ အများအားဖြင့် အသုံး မပြုရသေးသော ဟိုတယ် ခန်း ၅၀၀၀ ခန့်ရှိနေသည်ဟု ပြည်ထောင်စု မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းအသင်း၏ အဆိုအရ သိရသည်။ ထိုမြို့တော် ဇိမ်ခံဟိုတယ်များအနက် တခုမှ တည်းခို နေထိုင်သူတဦးကို Trip Advisor က လွန်ခဲ့သော ဆောင်းရာသီက မေးမြန်းခဲ့ရာ ထိုဟိုတယ်များတွင် တည်းခို နေကြသူများမှာ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့များ အတွက် အလုပ်လုပ်နေသော အထီးကျန်ဆန်သည့် အတိုင်ပင်ခံများသာ ဖြစ်သည် ဟု ပြန်လည် ဖြေကြားခဲ့သည်။
မြိုတော်၏ ပြင်ပ အခြားနေရာများတွင်လည်း ဟိုတယ်များမှာ ဟာလာဟင်းလင်း ဖြစ်နေသည်။ လွန်ခဲ့သော နှစ်က တနိုင်ငံလုံး အတွက် ဟိုတယ်ခန်း ငှားရန်းနိုင်မှုနှုန်းမှာ နွေရာသီတွင် ၄၀ ရာခိုင်နှုန်း အောက်သာ ရှိသည်ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အသင်း၏ စာရင်းများ အရ သိရသည်။ ခရီးသွားလာမှု အမြင့်ဆုံး ကာလဖြစ်သော နိုဝင်ဘာမှ မတ်လ အတွင်းတွင်လည်း သိပ်မကောင်းလှဘဲ ၅၀ ရာခိုင်နှုန်းခန့်သာ ရှိသည်။
ရန်ကုန် အပါအဝင် ကမ္ဘာလှည့် ခရီးသည်များ အဓိက လည်ပတ်သော နေရာများတွင် ဟိုတယ် စီမံကိန်းများကို ကန့်သတ်သွားတော့မည်ဟု ခရီးသွားလာရေး ဝန်ကြီးဌာနက စက်တင်ဘာလက ကြေညာသည်။
သို့သော် မြို့ပြလေကြောင်း ဦးစီးဌာနသည် ရန်ကုန်နိုင်ငံတကာ လေဆိပ်ကို တိုးချဲ့ရန် ပြင်ဆင်နေပြီး ဘာလီ ကဲ့သို့သော နေရာများသို့ လာရောက်လည်ပတ်သည့် အရေအတွက် ဖြစ်သော နှစ်စဉ် ခရီးသည် သန်း ၂၀ နောက်နှစ်မှ စတင်ကာ လက်ခံနိုင်ရန် လုပ်ဆောင်နေသည်။ တချိန်တည်းမှာပင် ကနဦးကာလ အတွင်း နှစ်စဉ် ခရီးသည် ၁၂ သန်း လက်ခံနိုင်သော ၃၇ မိုင်မျှ အကွာအဝေးတွင် ဒုတိယမြောက် နိုင်ငံတကာ လေဆိပ်တခုကို တည်ဆောက်ရန် စီစဉ်နေသည်။
အိမ်နီးချင်း ထိုင်းနိုင်ငံ၏ အောင်မြင်မှုအရ ကြည့်လျှင် တိုးတက်အောင် လုပ်ရန်များစွာ အလားအလာရှိသည်။ ထိုင်းနိုင်ငံ သည် ယခုနှစ်တွင် ခရီးသည် ၃၄ ဒသမ ၅ သန်း လက်ခံမည်ဟု မျှော်လင့်ထားပြီး ခရီးသွားလုပ်ငန်းသည် ဒေါ်လာ ၃၉၅ ဘီလီယံ တန်ကြေးရှိ နိုင်ငံစီးပွားရေး၏ ၁၁ ရာခိုင်နှုန်းခန့် ရှိသည်ဟု တရားဝင်ထုတ်ပြန်သည့် အချက်အလက်များ အရ သိရသည်။ (မြန်မာနိုင်ငံ၏ စီးပွားရေးတွင် ခရီးသွား လုပ်ငန်းသည် ၄ ရာခိုင်နှုန်းခန့်သာ ပါဝင်သည်ဟု နောက်ဆုံး ထုတ်ပြန်သော စာရင်းများတွင် ဖော်ပြသည်။)
ကြီးကြပ်ကွပ်ကဲမှုမဲ့ တည်ဆောက်မှုများသည် မြန်မာနိုင်ငံ၏ ဂေဟစနစ်ကို ထိခိုက်နိုင်စေကာ ခရီးသွားလုပ်ငန်း မတိုးတက်မီမှာပင် နိုင်ငံ၏ ဆွဲဆောင်မှုကို လျှော့နည်းစေနိုင်သည်ဟု တက်ကြွလှုပ်ရှားသူ အိုလီဗာအက်ဆာ စိုးသက် က ပြောသည်။
သူသည် အနောက်ဘက်ကမ်း အုန်းပင်တန်းမှ ငပလီကမ်းခြေရှိ အသေးစား ဟိုတယ်တခု၏ ပိုင်ရှင်ဖြစ်ပြီး သူက ဆောက်လုပ်ရေး လုပ်ငန်းများသည် အနီးရှိ ဆောက်လုပ်ရေး စိမံကိန်းများ အတွက် ကမ်းခြေမှ သဲများကို ထရပ်ကားများ ဖြင့် သယ်ယူနေသည်ဟု သူက ပြောသည်။ ထိုသို့ သဲထုတ်ယူခြင်းကို အာဏာပိုင်များကလည်း ဥပဒေအရ အရေးယူခြင်း မရှိကြပေ။ “သူတို့က လက်ပိုက်ကြည့်နေ ကြတယ်” ဟု သူက ဆက်ပြောသည်။
ရေပြင်ပေါ်တွင် ခြေတန်ရှည် အိမ်များဖြင့် နေထိုင်ကြသော ရိုးရာ တံငါရွာများ ရှိရာ ကျော်ကြားသော ကမ္ဘာလှည့် ခရီးသည် ဆွဲဆောင်ရာ အင်းလေးကန်တွင်မူ ကျယ်ပြန့်သော ကန်စပ်မှ သစ်တောများကို လမ်းအသစ် တခုနှင့် အဆောက်အအုံများ တည်ဆောက်ရန် မြေတူးစက်ကြီးများဖြင့် ၂၀၁၂ ခုနှစ်က လှဲချခဲ့ပြီး ယခုအခါတွင် မြေတိုက်စားမှုကြောင့် ရေလမ်းကြောင်း တစိတ်တပိုင်း ပိတ်ဆို့နေပြီ ဖြစ်သည်။ “ဒီကန်ကြီး တကယ် ကွယ်ပျောက်သွားနိုင်တဲ့ အန္တရာယ် ရှိနေတယ်” ဟု အင်းလေးကန်ရှိ နော်ဝေး သဘာဝပတ်ဝန်းကျင် အဖွဲ့ ဒါရိုက်တာ အော်စကာ ဟော့ဂျောဒန် က ပြောသည်။
ထို အဖြစ်ဆိုး အားလုံးကို ၂၀၁၁ ခုနှစ်မှ စတင်ခဲ့သည့် အလျင်စလို တည်ဆောက်မှုများ အပေါ် အပြစ် မတင်နိုင်ပေ။ မြန်မာနိုင်ငံ၏ စစ်အာဏာရှင် စနစ်ဟောင်းကလည်း ၁၈ ကျင်းရှိ ဂေါက်ကွင်း တခုနှင့် ဟိုတယ် ဒါဇင်ပေါင်းများစွာကို ၁၀ ရာစုက ဘုရားကျောင်းကန် အများအပြားရှိရာ ရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ ပုဂံ၏ အလယ်တွင် တည်ဆောက်ခဲ့သည်။ ၂၀၁၆ ခုနှစ်က ငလျှင်ဒဏ်ကြောင့်လည်း အပျက်အစီးများကို ဆိုးရွားစေကာ ထို ရှေးဟောင်းနယ်မြေတွင် ဟိုတယ်များလည်း ဆက်လက် တည်ဆောက်နေဆဲ ဖြစ်သည်။
“လက်ရှိ အစိုးရက ဒီပြဿနာတွေ၊ မြန်မာ့ ခရီးသွား လုပ်ငန်းရဲ့ အမှတ်တံဆိပ် ထိခိုက်စေတာကို ကောင်းကောင်း သတိထားမိတယ်။ ဒါပေမယ့် ခရီးသွားလုပ်ငန်းက မြန်မာနိုင်ငံ အတွက် အလားအလာ အလွန်ကောင်းတယ်” ဟု အစိုးရ၏ စီးပွားရေး အကြံပေး ဆစ်ဒနီရှိ မက်ကာရီ တက္ကသိုလ် ပါမောက္ခ ရှောင်တန်နဲ က ပြောသည်။
(www.bloomberg.com တွင် ဖော်ပြထားသော Philip Heijmans ၏ Myanmar’s Tourism Destination Dreams Fade Amid Empty Hotels ကို ဘာသာပြန်သည်။)