ပြီးခဲ့တဲ့ ရက်ပိုင်းက Forbes ကနေ စာရင်းတွေ ရယူပြီး ကမ္ဘာ့ ဝင်ငွေ အကောင်းဆုံး ကုမ္ပဏီ ၅၀ ကို ထုတ် ပြန်နိုင်ခဲ့ပါသေးတယ်။ ဒါပေမယ့် သိတဲ့အတိုင်း ကုမ္ပဏီတခုမှာ ဝင်ငွေ ကောင်းနေရုံနဲ့ အဲဒီ ကုမ္ပဏီက အောင်မြင်တယ်လို့ ပြောလို့ မရသေးဘူး။
အခြား အခွန်တွေ ပေးဆောင်ပြီး အသားတင်အမြတ်ငွေ ကျန်ရှိအပေါ်ကို ကြည့်ပြီးမှ အမြတ်အများဆုံး ရရှိတဲ့ ကုမ္ပဏီလို့ ဆိုနိုင်မှာ မဟုတ်ပါလား။
ဒီလို အသားတင် အမြတ်များမှာလည်း အဲဒီ ကုမ္ပဏီက ရှယ်ယာဈေးတွေ တက်မယ်။ ရင်းနှီးမြှုပ်နှံလိုသူ ပေါမယ်။ ခိုင်မာ လာမှာပေါ့။ ဟုတ်ပါပြီ၊ အခုနှစ်လယ်ပိုင်းထိအောင် အသားတင်အမြတ် အများဆုံးရရှိနေတဲ့ ကုမ္ပဏီတွေက ဘယ်သူတွေ ပါလဲ။
Apple သို့မဟုတ် ငွေထုတ်စက် ပိုင်ဆိုင်သူ
ကမ္ဘာမှာ Apple ကို မီအောင် အသားတင်အမြတ် ရှာဖွေနိုင်တဲ့ ကုမ္ပဏီ မရှိသေးပါဘူး။ ဒါကြောင့် သူ့မှာ ငွေထုတ်စက်ပိုင် ဆိုင်ထားသလားလို့တောင် ယူဆရပါတယ်။ ၂၀၁၆ ခုနှစ် တနှစ်အတွင်းမှာ အသားတင် အမြတ်ငွေ ဒေါ်လာ ၄၅ ဘီလီယံ ရှိပါတယ်။ ဒါဟာ အခြား ဘယ်ကုမ္ပဏီမှ လိုက်မမီတဲ့ အသားတင်အမြတ်ပါ။
Berkshire Hathaway ဆိုရင် အရင်နှစ်က ဒေါ်လာ ဘီလီယံ ၂၄ မြတ်တယ်၊ JPMorgan ကလည်း ၂၄ ဘီလီယံ ကျန် တယ်၊ Wells Fargo ဆိုရင်လည်း ၂၂ ဘီလီယံ ကျန်တယ်၊ Alphabet က ၁၉ ဘီလီယံ၊ Samsung က ၁၉ ဘီလီယံ၊ Toyota က ၁၇ ဘီလီယံ၊ Johnson & Johnson က ၁၆ ဘီလီယံ၊ Walmart က ၁၄ ဘီလီယံစီပဲ အသီးသီး ကျန်ရှိကြ တယ်ဆိုတော့ တွက်သာကြည့်ပါတော့။
အသားတင်အမြတ် အများဆုံး ဒုတိယနေရာရတဲ့ ကုမ္ပဏီတွေရဲ့ ၂ဆ နီးပါး လောက်ထိအောင် Apple က အမြတ်ကျန် နေတာပါ။
စာရင်းတွေ အရ Apple ကို အမီလိုက်နိုင်တဲ့ လုပ်ငန်းရယ် ဆိုလို့ ကမ္ဘာမှာ တရုတ်နိုင်ငံ အခြေစိုက် ICBC လို ဘဏ်ရယ်၊ Agricultural Bank of China ရယ် China Construction Bank လို ဘဏ်တွေပဲ ရှိပါတယ်။ ဒါပေမယ့် သူတို့ကို Apple ရဲ့ ပြိုင်ဘက်အဖြစ် သတ်မှတ်လို့ မရပါဘူး။
အကြောင်းကတော့ Appleက ပြည်သူပိုင်ကုမ္ပဏီ ဖြစ်ပြီး အဆိုပါ ဘဏ်တွေကတော့ နိုင်ငံပိုင်ဘဏ်တွေ ဖြစ်နေလို့ပါ။ ဒါ အပြင် Apple ရဲ့ အသားတင်အမြတ်ကျန်ရှိမှုဟာ နာမည်ကျော် အချိုရည် ကိုကာကိုလာ ကုမ္ပဏီရဲ့ ဝင်ငွေ ၄၁.၅ ဘီလီယံ ထက်ရော လူမှု ကွန်ရက်စနစ် Facebook ရဲ့ ဝင်ငွေ ၂၇.၆ ဘီလီယံထက်ပါ ပိုများနေတာ ဖြစ်ပါတယ်။
ရာခိုင်နှုန်းအရ ဘယ် ကုမ္ပဏီက အသားတင် အမြတ်ကျန်မှုနှုန်း အမြင့်ဆုံးလဲ
ဒါဆိုရင် ပြီးခဲ့တဲ့ ၂၀၁၆ခုနှစ် အတွင်း Apple က ဝင်ငွေ ဘယ်လောက် ရှိခဲ့ပါသလဲ၊ ဒီအတွက် အဖြေကတော့ တနှစ် အတွင်း စုစုပေါင်း ဒေါ်လာ ၂၁၇ ဘီလီယံ ရှိခဲ့ပြီး အဆိုပါ ဝင်ငွေထဲက အသားတင်အမြတ်ကျန်နှုန်း ၂၁ ရာခိုင်နှုန်းထိအောင် မြင့်မားခဲ့ သလို စုစုပေါင်း အသားတင် အမြတ်ကျန်ငွေ ၄၅ဘီလီယံ ရခဲ့တာပါ။
ဒါဟာ ဝင်ငွေထဲကနေ အမြတ်ကျန်နှုန်း အများဆုံး ဖြစ်အောင်လည်း ရှာဖွေနိုင်တဲ့ ကုမ္ပဏီ ဖြစ်လာပါတယ်။ ဘာကြောင့်လဲ ဆိုတော့ Walmart ကုမ္ပဏီဆိုရင် အရင်နှစ်က ဝင်ငွေ ၄၈၅ ဘီလီယံထိအောင် ရှိခဲ့တာပါ။ ဒါပေမယ့် အသားတင်အမြတ် ကျန် နှုန်းကတော့ ၂.၈ ရာခိုင် နှုန်းပဲ ရှိပြီး စုစုပေါင်း အသားတင် အမြတ် ၁၄ ဘီလီယံပဲ ကျန်ခဲ့ပါတယ်။
ပြီးတော့ အခုနှစ်ပိုင်းမှာမှ အောင်မြင်လာတဲ့ Amazon လို ကုမ္ပဏီကလည်း ဝင်ငွေရဲ့ ၁.၇ ရာခိုင်နှုန်းပဲ အသားတင် အမြတ် ကျန်ခဲ့တာ တွေ့ရပါတယ်။
ဒါဆိုရင်တော့ ကျနော်တို့ ကောင်းကောင်း နားလည်လိုက်တာ တခုက Apple အနေနဲ့ ဘာကြောင့် အောင်မြင်နေသလဲဆို ရင် ဝင်ငွေရအောင် ရှာတတ်မှုတင် မဟုတ်ဘဲ အသားတင် အမြတ်ကျန်ရှိအောင်ပါ လုပ်ဆောင်နိုင်နေခြင်းကြောင့် ဖြစ်ပြီး ကုမ္ပဏီတခုအနေနဲ့ ဝင်ငွေ ရရှိနေတိုင်း အသားတင်အမြတ် ကျန်ရှိမှု မြင့်မား မလာနိုင်ဘူး ဆိုတာလည်းသိလိုက်ရပါတယ်။
Ref: www.businessinsider.com