တရုတ်နိုင်ငံက အွန်လိုင်းလောင်းကစားမှုနှင့် ပတ်သက်နေသည့် ဘဏ်အကောင့်များ ပိတ်သိမ်း ရာတွင် မြန်မာ ကုန်သည် များ၏ အကောင့်များပါဝင်နေသောကြောင့် မူဆယ်နယ်စပ် ကုန်သွယ် ရေးတွင် ဆန်တင်ပို့မှု လျော့ကျနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။
ဇွန်လ ၂၃ ရက်နေ့က UMFCCI တွင် ပြုလုပ်သည့် နိုင်ငံတော် ဒုသမ္မတ ၁ နှင့် မြန်မာ့စီးပွားရေး လုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံ ဆွေးနွေးပွဲ(သတ္တမအကြိမ်) အပြီးတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ကုန်သွယ်မှု မြှင့်တင်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်းက မီဒီယာများကို ပြောကြားခြင်း ဖြစ်သည်။
ဦးရန်နိုင်ထွန်းက“ ဘဏ်အကောင့်ပိတ် ခံရတဲ့အတွက် ဒီရက်ပိုင်းထဲမှာ ဆန်က အရင်ကထက် ကားအစီးရေ ၂၀၊ ၃၀ လောက်ကျတယ်။ ကုန်သွယ်မှု သိသိသာသာ မကျသွားပေမယ့် အပိတ်ခံရတဲ့ အကောင့်ထဲမှာ ကုန်ဖိုးပေးချေရမယ့် ငွေတွေ ရှိတယ်။ ဒီငွေစာရင်းကနေ ထုတ်ပြီး ကုန်ပြန်ဝယ်ရမှာတွေလည်း ရှိတယ်။ ဒါကြောင့် ဒီလိုဘဏ်အကောင့်တွေ ပိတ်တဲ့ အတွက် ရေရှည် မှာတော့ အခက်အခဲ ရှိနိုင်တယ်” ဟု ပြောသည်။
မူဆယ်နယ်စပ် ကုန်သွယ်ရေးတခုတည်းသာ လျော့နည်းသွားခြင်းဖြစ်ပြီး ယင်းကုန်သွယ်ရေးမှ တရက်လျှင် ပုံမှန် ကားအစီးရေ ၁၀၀ ခန့် သွားနေရာမှ ယခုရက်ပိုင်းအတွင်း ကားအစီးရေ ၇၀၊ ၈၀ ခန့်သာ တရုတ်သို့ တင်ပို့မှု ရှိနေသည်။
ဆန်တင်ပို့မှု ကျနေသော်လည်း ယခင်နှစ်နှင့် နှိုင်းယှဉ်လျှင် ယခု ဘဏ္ဍာနှစ်တွင် ပင်လယ် ရေကြောင်းနှင့် နယ်စပ် ကုန်သွယ်ရေးမှ ဆန်နှင့် ဆန်ကွဲ စုစုပေါင်းတန်ချိန် ၄ သိန်းကျော် ၊ ပြောင်းတန်ချိန် ၁သိန်း ၈သောင်းကျော် ပိုမို တင်ပို့ထားကြောင်း ၎င်းက ပြောသည်။
လက်ရှိတွင် ဘဏ်အကောင့်များ ပိတ်ထားသော်လည်း နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အကောင့်သစ်များကို တရုတ်နိုင်ငံက နိုင်ငံကူးလက်မှတ် ပတ်စ်ပို့စာအုပ်များ ရှိလျှင် ဘဏ်အကောင့်များ ချက်ချင်း ဖွင့်လှစ်ပေးနေ ကြောင်းလည်း ဆိုသည်။
ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး ၂ ခုစလုံးမှ ယခုဘဏ္ဍာနှစ် လက်ရှိအထိ စုစုပေါင်း ပြည်ပသို့ ဆန်တန်ချိန် ၆ သိန်းမှ ၇ သိန်းခန့် တင်ပို့ထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတိုးအောင်မြင့်က “မူဆယ်နယ်စပ် ကုန်သွယ် ရေး ဇုန်ကနေ တရက်ကို အများဆုံး ကျပ် ၁၅ သန်းကနေ အနည်းဆုံး ၇ သန်း ဝန်းကျင်လောက်အထိ သွားနေတယ်။ ကုန်သွယ်မှုက အခုရက်ထဲမှာတော့ အကြမ်းဖျင်း ၁၀ သန်းဝန်းကျင်လောက် ရှိတယ်။ တက်သွားရင်လည်း ကျပ် ၃၊ ၄ သန်းနဲ့ ကျသွားရင်လည်း ၃၊ ၄သန်းဖြစ်နေတယ်။ ကုန်သည်တွေအနေနဲ့ တော့ ငွေရေးကြေးရေး အခက်အခဲရှိတယ်။ ဒါပေမယ့် ကုန်သွယ်မှုကတော့ အကြီးကြီး ထိခိုက် ပြောင်းလဲတာမျိုး မရှိဘူး” ဟု ပြောသည်။
သို့ဖြစ်သောကြောင့် နောက်ပိုင်းတွင် တရုတ်ယွမ်နှင့် တရားဝင်ငွေကြေး လွဲှပြောင်း နိုင်ရန်အတွက် နှစ်ဖက်ဘဏ်အချင်းချင်း ဆောင်ရွက်နိုင်ရန် ယခင်ကတည်းက စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ဗဟိုဘဏ်သို့ တင်ပြထားမှုများ ရှိခဲ့ကြောင်း သိရသည်။
နယ်စပ်ဆန်ကုန်သည်တဦးက“ ဆန်ကတော့ ဈေးကျနေတာတောင် ကျနော်တို့ မဝယ် ရဲဘူး ဖြစ်နေတယ်။ ဒါကြောင့် ဈေးကွက်က ပျက်နေတယ်။ ပိုက်ဆံကို ချိန်နေရတာ။ ခါတိုင်း ဒီလိုဈေးကျရင် ဝယ်စုနေကျ ဖြစ်တယ်။ အခုတော့ မဝယ်ရဲဘူး ’’ ဟု ၎င်းက ဧရာဝတီ သိုု့ ပြောသည်။
ယခု ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ဇွန်လအလယ်အထိ ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး ၂ ခုစလုံးမှ ကုန်သွယ်မှု စုစုပေါင်းပမာဏမှာ အမေရိကန် ဒေါ်လာ ၆ ဒသမ ၅ ဘီလီယံ ရရှိထားပြီး ယခင် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်နှင့် နှိုင်းယှဉ် လျှင် ကုန်သွယ်မှု ပမာဏမှာ အမေရိကန် ဒေါ်လာ ၁ ဘီလီယံကျော် ပိုမို ရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။