တရုတ်နိုင်ငံရှိ ဘဏ်တချို့က ပိတ်ထားခဲ့သော ဘဏ်အကောင့်ပိုင်ရှင် မြန်မာနိုင်ငံသားကုန်သည်များက ၎င်းတို့၏ ဘဏ်အကောင့်များ ပြန်ဖွင့်ပေးရေးအတွက် မူဆယ်မြို့၌ ယနေ့ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။
ဆန္ဒထုတ်ဖော်ရာတွင်ပါဝင်ခဲ့သူ ကုန်သည်တဦးဖြစ်သည့် ဦးသောကြာက “ကုန်သည်တွေရဲ့အကောင့်တွေကို ပိတ်ထားတဲ့ အတွက် နယ်စပ်ကုန်သွယ်ရေး လုံးဝရပ်တန့်နေတယ်။ ပိတ်ခံထားရတဲ့ အကောင့်တွေထဲမှာ တရုတ်ယွမ်ငွေသိန်း ၁,၀၀၀ လောက် ရှိတယ်။ အဲဒီငွေတွေ ထုတ်လို့ရမှပဲ လုပ်ငန်းတွေလည်ပတ်နိုင်မှာပါ” ဟု ဧရာဝတီကို ပြောသည်။
ပိတ်ခံထားရသည့် ဘဏ်အကောင့် ၁၀၀၀ ကျော်ရှိပြီး၊ ပမာဏတန်ဖိုး တရုတ်ယွမ်ငွေ သိန်း ၁ ထောင်ခန့်ရှိသည့်အတွက် မြန်မာငွေနှင့်တွက်ပါက ကျပ်သိန်း သောင်းချီရှိနေကြောင်း၊ ထို့ကြောင့် ပိတ်ထားသည်ဘဏ်အကောင့်များ ပြန်ဖွင့်ပေးပြီး၊ ငွေများကို အမြန်ဆုံးပြန်ထုတ်ယူခွင့်ရရန် ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်ဟု ဦးသောကြာက ဆက်ပြောသည်။
ဆန္ဒပြရာတွင်ပါဝင်ခဲ့သည့် ကုန်သည်ဒေါ်ထွေးကြည်ကလည်း “အမြန်ဆုံးဖွင့်ပေးဖို့ ပြင်ဆင်နေတယ်လို့ ကုန်စည်ဒိုင် တာဝန်ရှိသူတွေက ပြောပါတယ်။ ဒါပေမယ့် ဘယ်တော့ဖွင့်ပေးမယ် ဆိုတာတော့ မပြောဘူး” ဟု ပြောဆိုသည်။
ယနေ့ဆန္ဒဖော်ထုတ်ရာတွင် အကောင့်ပိတ်ခံရသူများအပြင် ဒေသခံများပါ ပူးပေါင်းပါဝင်ခဲ့ကြပြီး တောင်းဆိုချက်ပါ ဗွီနိုင်းပိုစတာများအား ကိုင်ဆောင်၍ လူဦးရေရာချီ ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း ပါဝင်ခဲ့သူကုန်သည်များနှင့် ဒေသခံများက ပြောသည်။
တရုတ် – မြန်မာနယ်စပ် မူဆယ်တွင် လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံသားများ၏ ဘဏ်အကောင့်များကို တရုတ်နိုင်ငံရှိ ဘဏ်တချို့က ယခင်ကလည်း မကြာခဏပိတ်ထားမှုများ ရှိခဲ့သော်လည်း ယခုတကြိမ်တွင် ဘဏ်အကောင့်အများဆုံး ပိတ်ခံရခြင်းဖြစ်ကြောင်းနှင့် ယခုကဲ့သို့ ဆန္ဒထုတ်ဖော်မှုသည်လည်း ပထမဆုံးဖြစ်သည်ဟု ကုန်သည်များက ပြောသည်။
မူဆယ်ခရိုင် ဒုအုပ်ချုပ်ရေးမှူး ဦးစန်းလှိုင်က ပိတ်ခံထားရသည့် မြန်မာနိုင်ငံသားများ၏ ဘဏ်အကောင့်များ အမြန်ဆုံး ပြန်လည်ဖွင့်ပေးရန် တရုတ်အစိုးရ အာဏာပိုင်များနှင့် ဘဏ်တာဝန်ရှိများထံ အကြောင်းကြားတောင်းဆိုထားကြောင်းနှင့် ကုန်သည်များက အပိတ်ခံထားရသည် ဘဏ်အကောင့် ၁၀၀၀ ကျော်ဟု ပြောသော်လည်း၊ ၎င်းတို့ရရှိထားသည့် စာရင်းတွင် ၃၀၀ ကျော်သာပါဝင်ကြောင်း ဧရာဝတီကို ပြောသည်။
ဦးစန်းလှိုင်က“ပဲပြောင်းနှမ်းကုန်သည်အသင်းက လာပေးတဲ့စာရင်းမှာတော့ အပိတ်ခံထားရတဲ့ ဘဏ်အကောင့်က ၃၄၁ ဦးပဲရှိတယ်။ အဲဒီအကောင့်တွေထဲက ပြစ်မှုတွေနဲ့ ဆက်စပ်မှု ရှိမရှိဆိုတာကို သေချာစိစစ်နေတယ်။ တကယ်လို့ မဖွင့်ပေးနိုင်သေးတဲ့ အကောင့်တွေအတွက် အကောင့်သစ်တွေ ပြန်ဖွင့်ပေးမယ်လို့ တရုတ်ဘက်ကပြောထားတယ်” ဟု ဆိုသည်။
တရုတ်ဘဏ်တချို့က မြန်မာနိုင်ငံသားများ၏ ဘဏ်အကောင့်များကို ပိတ်ထားရခြင်းသည် မူးယစ်ဆေးဝါးမှု၊ လောင်းကစားမှု၊ ငွေကြေးခဝါချမှုစသည့် အမှုများနှင့် ဆက်စပ်နေသည်ဟုဆိုကာ ပိတ်ထားခြင်းဖြစ်သည်ဟု တရုတ်အာဏာပိုင်များက မြန်မာအာဏာပိုင်များကို အကြောင်းပြချက်ပေးထားသည်ဟုဆိုသည်။
ထိုဘဏ်အကောင့်များကို ဇွန်လ ၁၄ ရက်က စတင်ပိတ်ထားခဲ့ခြင်း ဖြစ်သည်။
လုံးဝပြန်မဖွင့်ပေးသည့် ဘဏ်အကောင့်များမှ ငွေများ ဆုံးရှုံးနိုင်မှုအခြေအနေနှင့် ပတ်သက်ပြီး ဦးစန်းလှိုင်က “အဲဒီငွေတွေ ဆုံးရှုံးသွားမလားဆိုတာတော့ ပြောရခက်တယ်။ ဖြစ်စဉ်အပေါ်မှာပဲ မူတည်မယ်လို့ ထင်ပါတယ်” ဟု ဆိုသည်။
ဘဏ်အကောင့်များ ပိတ်ခံထားရမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ယာယီတာဝန်ခံ Mr.Chen Chen အပါအဝင် တရုတ်သံမှူး Mr. Yang Shouzheng နှင့် မြန်မာနိုင်ငံမှ အစိုးရတာဝန်ရှိသူများ၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ ဇွန်လ ၂၂ ရက်က တွေ့ဆုံဆွေးနွေးခဲ့သော်လည်း တိကျသည့် အဖြေမရခဲ့ကြောင်း သိရသည်။
ဘဏ်အကောင့် ပိတ်ခံထားရသည့် ကုန်သည်များတွင် ဆန်ကုန်သည်၊ သကြားကုန်သည်၊ ပဲမျိူးစုံ ရောင်းဝယ်သည့် ကုန်သည်တို့ ပါဝင်ကြသည်။ ၎င်းတို့သည် အွန်လိုင်းမှပြုလုပ်သည့် လောင်းကစားမှုများနှင့် ဆက်စပ်နေသည်ဟု တရုတ်အာဏာပိုင်များက စွပ်စွဲထားသည်။ နယ်စပ်ကုန်သည်များ၏ ဘဏ်အကောင့်များကို ပိတ်ထားသည့်အတွက် နယ်စပ်ကုန်သွယ်ရေးကဏ္ဍကို များစွာထိခိုက်ကြောင်း ကုန်သည်များက ပြောသည်။