စီးပွားရေး

တရုတ်ဘဏ်က ပိတ်ထားသည့် မြန်မာဘဏ်အကောင့် ထက်ဝက်ကျော် ပြန်ဖွင့်ပေး

Want create site? Find Free WordPress Themes and plugins.

တရုတ်နိုင်ငံရှိ ဘဏ်တချို့က ပိတ်ထားသည့် မြန်မာနိုင်ငံသား ကုန်သည်များ၏ အကောင့် ထက်ဝက်နီးပါးအား ဇွန်လ ၂၃ ရက်နေ့ ညနေတွင် ပြန်လည် ဖွင့်ပေးလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ကုန်သွယ်မှု မြင့်တင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်းက “ ဘဏ်အကောင့် တရုတ်ဘက်က ပြန်ဖွင့်ပေးလိုက်တာ ဟုတ်ပါတယ်။ ဘဏ်အကောင့် ၃၀ ကျော်တော့ မကပါဘူး။ ကျနော်တို့ကို တဖက်နိုင်ငံက စာရင်းပေးတာတော့ ဘဏ်အကောင့် ၁၃၄ ခုစာရင်းပေးတယ်။ ဒါပေမယ့် မြေပြင်မှာ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်က ပြောချက်အရတော့ ဘဏ်အကောင့် ၂၀၀ ကျော် ရှိတယ် ပြောပါတယ်။ အဲဒီထဲက တော်တော်များများ ပြန်ဖွင့်ပေးလိုက်ပါပြီ။ ဇွန်လ ၂၃ ညနေ ၆နာရီက ဖွင့်ပေးလိုက်တာဖြစ်ပါတယ်။ တဖက်နိုင်ငံကလည်း အားလုံး စိစစ်ပြီးတဲ့ ဘဏ်အကောင့် အားလုံး ပြန်ဖွင့်ပေးလိုက်ပြီလို့ ကျနော်တို့ကို ပြောထားပါတယ်။ စိစစ်ဆဲ ဘဏ်အကောင့်တွေတော့ ကျန်နေသေးတယ်’’ဟု ဧရာဝတီသို့ ပြောသည်။

မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ အကြား ကုန်သွယ်မှုဆိုင်ရာ ငွေပေးချေမှုကို တရုတ်နိုင်ငံ ရွှေလီမြို့ရှိ Agricultural Bank of Chain Construction Bank နှင့် Industrial and Commercial Bank of Chain ဘဏ်များနှင့် ချိတ်ဆက် ဆောင်ရွက် လျက်ရှိရာ မြန်မာနိုင်ငံသား ပို့ကုန်၊ သွင်းကုန် ကုန်သည်လုပ်ငန်းရှင်များ၏ ဘဏ်အကောင့်များ ယာယီပိတ်သိမ်း ရာတွင် ပါဝင်ခဲ့ခြင်း ဖြစ်သည်။

မူဆယ်ခရိုင် ဒု အုပ်ချုပ်ရေးမှူး ဦးစန်းလွင် က “ပိတ်ထားတဲ့ အကောင့်တွေထဲက ၄၀ ရာခိုင်နှုန်းလောက် ပြန်ဖွင့်ပေးလိုက်ပြီ လို့ အကြောင်းကြားထားပါတယ်၊ အတိအကျ စာရင်းကို မူဆယ် ကုန်သည်ကြီးများ အသင်းက ပြုစုနေဆဲဖြစ်ပေမယ့် ဒီနေ့ တော့ အတိအကျ သိရမှာပါ” ဟု ဧရာဝတီ ကို ပြောသည်။

ဘဏ်အကောင့်ပိတ်ခံခဲ့ရသည့် မူဆယ်မြို့မှ ကုန်သည် တဦး ဖြစ်သူ ဦးသောကြာကလည်း ၎င်းတို့၏ အကောင့်များအား ဇွန်လ ၂၃ ရက်နေ့ ညနေပိုင်းတွင် ပြန်လည် ဖွင့်ပေးလိုက်ခြင်း ဖြစ်ပြီး အကောင့်ထဲမှ ငွေများကိုလည်း ပြန်လည် ထုတ်ယူ နိုင်ပြီ ဖြစ်ကြောင်း ဧရာဝတီ ကို ပြောသည်။

ဦးသောကြာ က “ကျနော့်အကောင့်လည်း ပြန်ပွင့်ပြီ၊ ကျနော့်သူငယ်ချင်း ကုန်သည်တွေထဲကလည်း ၂၀၀ လောက် ပိတ်ခံ ထားရတာ ၁၀၀ လောက်တော့ ပြန်ပွင့်ပြီ၊ ငွေတွေလည်း ထုတ်လို့ရပြီ၊ တချို့အကောင့်တွေမှာဆိုရင် ပိတ်ထားတဲ့ ကာလ မှာ အတိုးတောင် ထည့်ပေးထားတယ်လို့ ပြောကြတယ်” ဟု ဆိုသည်။

ပိတ်ထားသည် အကောင့်များအား ပြန်ဖွင့်ပေးရန်အတွက် အပိတ်ခံထားရသည့် ကုန်သည်များ၊ ဒေသခံများ အပါအဝင် ရာ ချီ၍ မူဆယ်မြို့၌ ဇွန်လ ၂၃ ရက်နေ့က ဆန္ဒထုတ်ဖော်ခဲ့ကြသေးသည်။ သို့သော် အကောင့်များ ပြန်ဖွင့်ပေးခြင်းသည် ဆန္ဒ ပြမှုကြောင့် မဟုတ်ကြောင်း၊ မြန်မာနိုင်ငံ အစိုးရ၏ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ သမ္မတရုံး ဝန်ကြီးဌာန နှင့်သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ တာဝန် ရှိသူများသည် တရုတ် အစိုးရ အာဏာပိုင်များနှင့် ဆွေးနွေး ညှိနှိုင်းမှုကြောင့် ဖြစ်သည်ဟု အာဏာပိုင် အဖွဲ့က ပြောသည်။

ဘဏ်အကောင့်များအား အမြန်ဆုံး ပြန်လည် ဖွင့်ပေးခြင်းသည် နယ်စပ်ကုန်သွယ်ရေး ထိခိုက်မှုများ မဖြစ်ပေါ်စေရန် အ တွက် တရုတ်က လုပ်ဆောင်ပေးခြင်း ဖြစ်ကြောင်း မူဆယ်ခရိုင် ဒု အုပ်ချုပ်ရေးမှူး ဦးစန်းလွင်က ရှင်းပြသည်။

မူဆယ် နယ်စပ်တွင် လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံသားများ၏ ဘဏ်အကောင့်များအား ယခင်ကလည်း မကြာခဏ ပိတ်ထားမှုများရှိခဲ့ကြောင်း၊ သို့သော် ယခုတကြိမ်တွင် အကောင့်အများဆုံး ပိတ်ခံရခြင်း ဖြစ်သည်ဟု ကုန်သည်များ က ပြောသည်။

အကောင့် ၁၀၀၀ ကျော် အပိတ်ခံထားရသည်ဟု ကုန်သည်များက ပြောသော်လည်း မူဆယ် အာဏာပိုင်များကမူ ၎င်းတို့ ရရှိထားသည့် စာရင်းတွင် ၃၀၀ ကျော်သာ ပါဝင်သည်ဟု ပြောသည်။

မြန်မာနိုင်ငံသားများ၏ ဘဏ်အကောင့်များအား ပိတ်ထားရခြင်းသည် မူးယစ်ဆေးဝါးမှု၊ လောင်းကစားမှု၊ ငွေကြေး ခဝါချမှု စသည့် အမှုများနှင့် ဆက်စပ်နေသည်ဟုဆိုကာ ပိတ်ထားသည်ဟု မြန်မာအာဏာပိုင်များကို တရုတ်အာဏာပိုင်များက အ ကြောင်းပြချက် ပေးထားပြီး ထိုအကောင့်များအား ဇွန်လ ၁၄ ရက်နေ့က ပိတ်ထားခြင်း ဖြစ်သည်။

အကောင့်ပိတ်ခံထားရသည့် မြန်မာ ကုန်သည်များတွင် ဆန်ကုန်သည်၊ သကြားကုန်သည်၊ နှမ်း၊ ပဲမျိူးစုံ ရောင်းဝယ်သည့် ကုန်သည် စသည်တို့ ပါဝင်သည်။ ၎င်းတို့သည် အွန်လိုင်းမှ ပြုလုပ်သည့် လောင်းကစားမှုများနှင့် ဆက်စပ်နေသည်ဟု လည်း တရုတ် အာဏာပိုင်များက စွပ်စွဲထားသည်။

 

Did you find apk for android? You can find new Free Android Games and apps.
Loading