Microsoft ရဲ့ နောက်ဆုံး ထုတ်လုပ်ထားတဲ့Windows 10 စနစ်မှာ အတိုကောက် အလွယ် သုံးနိုင်မယ့် နည်းပညာသစ်ကို ထည့်သွင်း ဖန်တီးလာတာ တွေ့နိုင်ပြီး အခု နောက်ပိုင်း လူကြိုက်များ အသုံးပြုနေတဲ့ စနစ် ဖြစ်လို့ သဘောကျစရာပါ။ အဲဒါကတော့ အွန်လိုင်း သုံးသူ အချင်းချင်း စာရေးသား ပေးပို့တဲ့ စာသားတွေ ကြားမှာ စိတ်ခံစားမှုကို ထင်ဟပ်ပေါ်လွင် စေတဲ့ Emoji ရုပ်ပုံလေးတွေကို Shortcut ခလုတ်တွေ တွဲနှိပ်ပြီး သုံးနိုင်ခြင်းပဲ ဖြစ်ပါတယ်။
Win နဲ့ period (.) ကို နှိပ်ရင် နှိပ်၊ မဟုတ်ရင် Win နဲ့ semicolon (;) တွေကို နှိပ်လိုက်တာနဲ့ Pop-up menu ကျလာပါ လိမ့်မယ်။ ဒါဆို သင် ပို့ချင်တဲ့ Emoji ကို ရွေးပြီး သုံးနိင်ပြီပေါ့။ ဒါမှ မဟုတ်ရင်လည်း Tab/Shift နဲ့ Tab ကို နှိပ်ပြီး Emoji တွေရဲ့ အရောင်တွေကို ရွေးချယ် အသုံးပြုနိုင်လာမှာပါ။ အရင်တုန်းကတော့ သင့် အနေနဲ့ Emoji တွေကို သုံးဖို့ ဆိုရင် သူတု့ိနဲ့ သက်ဆိုင်တဲ့ သီးခြား Keyboard ကို သုံးခဲ့ရတာ ဖြစ်ပြီး သေချာတာကတော့ အခုလောက် အဆင် မပြေခဲ့ပါဘူး။
ဒီနေ့ခေတ်မှာ Emoji တွေဟာ လူမှု ဆက်သွယ်ရေး ကွန်ရက်မှာ မဖြစ်မနေ သုံးလာတဲ့ အစိတ်အပိုင်း တခု အဖြစ် ရပ်တည် လာသလို အခုလို Shortcut အနေနဲ့ သုံးနိုင်လာခြင်းက အားရစရာပါ။ Shortcut အနေနဲ့ သုံးနိုင်လာခြင်းဟာ Desktop ကွန်ပျူတာတွေမှာပါ ဖုန်းတွေကလို Keyboard တခုတည်းနဲ့ ရောနှော အသုံးပြုနိုင်လာခြင်းလည်း ဖြစ်ပါတယ်။
ဒါပေမယ့် တခု သိထားရမှာက အခုလို Emoji ကို Shortcut ပုံစံနဲ့ သုံးနိုင်လာခြင်းက Windows Insider မှာ Fast အဆင့် မော်ဒယ်တွေ အတွက်ပဲ ဖြစ်ပြီး Slow အဆင့်နဲ့ မော်ဒယ်တွေမှာတော့ သုံးလို့ မရနိုင်သေးပါဘူး။ အဆိုပါ Slow မော်ဒယ် တွေ အတွက်ကိုတော့ အခုနှစ် ကုန်ပိုင်းမှာ အဆင့်မြှင့်တင် သုံးနိုင်အောင် ဖန်တီးနေတာ တွေ့ရပါတယ်။
အခု ပြောပြနေတာက Emoji ကို Shortcut အနေနဲ့ ခေါ်သုံးနိုင်မှု တခုတည်း ဖြစ်ပြီး Windows 10 နဲ့ အတူ အဆင့်မြှင့် လာမှာတွေ များစွာ ကျန်နေပါသေးတယ်။ Microsoft ရဲ့ Blog မှာ အားလုံးကို ဖော်ပြထားတာ တွေ့နိုင်ပါတယ်။ Windows အသစ် သုံးနေသူတွေ ဖြစ်နိုင်ရင် အချိန်ပေးသွားရောက် လေ့လာသင့်ပါတယ် နော်။
Ref: www.thenextweb.com