စီးပွားရေး

လွန်ခဲ့တဲ့ နှစ် ၁၀၀ကျော်က အမေရိကန်ရဲ့ လျှပ်စစ်ကား

Want create site? Find Free WordPress Themes and plugins.

လျှပ်စစ်ကားတစီးရဲ့အဓိက အားသာချက်ကို သင် သိပါသလား။ စက်သုံးဆီ မလိုတဲ့ ကားဖြစ်တဲ့အတွက် ဓာတ် ငွေ့ထုတ်လွှတ်မှု လုံး၀ မရှိတာပဲ ဖြစ်ပါတယ်။

သေချာတာကတော့ သင့်အနေနဲ့ လျှပ်စစ်ကားကို ဆီဖိုး သက်သာလို့ သဘောကျနိုင်သလို ပတ်ဝန်းကျင်ထိန်းသိမ်းရေး အနေ နဲ့လည်း လျှပ်စစ်ကားတွေဟာ အကောင်းဆုံး အသုံးဝင်မှာပါ။

ဒါနဲ့ လျှပ်စစ်ကားတွေ ဘယ်တုန်းက လူကြိုက်များလာပါသလဲ။ သေချာတာကတော့ ၂၀၀၀ ခုနှစ် နောက်ပိုင်း Hybrid စနစ် ခေတ်စားလာမှုနဲ့ အတူ လျှပ်စစ်ကားတွေပါ လူကြိုက်များလာပါတယ်။ ဒါပေမယ့် အများစုကတော့ အဆိုပါ လူကြိုက်များ လာမှုနဲ့အတူ လျှပ်စစ်ကားတွေဟာလည်း ၂၁ ရာစုမှာမှ စတင် ပေါ်ပေါက်လာတယ်လို့ ထင်နေမှာပါ။

တကယ်တော့ လွန်ခဲ့တဲ့ နှစ် ၁၀၀ ကျော်ကတည်းက အမေရိကန်မှာ လျှပ်စစ်ကား ထုတ်လုပ်မှု ရှိခဲ့ပါတယ်။ Tommy နဲ့ Peggy မော်ဒယ်အမည်ရှိတဲ့ ကားနှစ်စီးဖြစ်ပါတယ်။

ဒီမော်ဒယ်တွေကို ထုတ်လုပ်ခဲ့သူကတော့ ၁၉၆၅ခုနှစ်မှာ လုပ်ငန်းရပ်နားသွားတဲ့ အမေရိကန်ရဲ့ စွန့်ဦးကားကုမ္ပဏီ Studebaker ကပဲ ဖြစ်ပါတယ်။

၁၈၅၂ ခုနှစ်ကတည်းက လူလိုက်ပါနိုင်တဲ့ယာဉ်တွေ ထုတ်လုပ်ဖို့ ကြိုးစားလာခဲ့တဲ့ ကုမ္ပဏီ ဖြစ်ပြီး ၁၈၉၇ခုနှစ်မှာ ကုမ္ပဏီ က ကားတွေ စတင် ရောင်းချနိုင်ခဲ့တာ တွေ့ရပါတယ်။ အဆိုပါ မော်ဒယ်တွေက လျှပ်စစ်နဲ့ သွားတဲ့ကားတွေပါ။ ဓာတ်ဆီ အင် ဂျင်နဲ့ကားတွေကိုတော့ ၁၉၀၄ ခုနှစ်မှာမှ ကုမ္ပဏီက စတင် မိတ်ဆက်နိုင်ခဲ့တာ တွေ့ရပါတယ်။

၁၉၁၂ခုနှစ်မှာ လျှပ်စစ်မော်တာနဲ့ အင်ဂျင်ကို စက်နှိုးနိုင်တဲ့စနစ် တီထွင်အောင်မြင်ခဲ့ပါတယ်။ ဓာတ်ဆီကားတွေကတော့ သိတဲ့အတိုင်း စွမ်းဆောင်ရည် ကောင်းလို့ မကြာခင်မှာပဲ လျှပ်စစ်ကားတွေကို လူတွေက မေ့ထားလိုက်ကြပါတယ်။

၁၉၁၃ခုနှစ်မှာ လျှပ်စစ်ကား ထုတ်လုပ်မှုကို Studebaker က ရပ်နားလိုက်ပြီး နောက်ထပ် ၄၂ နှစ်ကြာအောင် ဓာတ်ဆီအင် ဂျင်နဲ့ကားတွေ ဆက်လက်ထုတ်လုပ်ခဲ့ပြီး နောက်ပိုင်း ကုမ္ပဏီ ပိတ်သိမ်းသွားခဲ့ပါတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ် ကုမ္ပဏီကတော့ လျှပ်စစ်ကား ၂ စီးကို ၁၉၀၉ ခုနှစ်မှာ ဈေးကွက်အတွင်း ရောင်းချနိုင်သည်ထိအောင် အ ချောသပ် ထုတ်လုပ်နိုင်ခဲ့ပြီး အမေရိကန် ကွန်ကရက်ကို ဒေါ်လာ ၃၀၀၀ နီးပါးနဲ့ ရောင်းချခဲ့တာ တွေ့ရပါတယ်။

အစိုးရကလည်း အဆိုပါ လျှပ်စစ်ကားတွေကို ဝယ်လိုက်ပြီး ဓာတ်ငွေ့ထုတ်လွှတ်မှု မရှိတာကြောင့် အဆိုပါ အချိန်ကတည်း က မြေအောက် လမ်းတွေမှာ ထားရှိ အသုံးပြုပြီး အဓိကအနေနဲ့တော့ Capitol ကနေ Russell Senate ရုံးကို အသွားအလာ လုပ်ဖို့ သုံးခဲ့တာ တွေ့ရပါတယ်။

အဆိုပါ မော်ဒယ်တွေက တနာရီ ၁၂မိုင်ကနေ ၁၅ မိုင်ထိအောင် အမြန်ဆုံး မောင်းနှင်နိုင်ခဲ့ပါတယ်။ ထူးခြားချက်က ယာဉ် မောင်းထိုင်ခုံဟာ ကားရဲ့ရှေ့ဘက်မှာ ရှေ့ကို လှည့်လျက် ပုံမှန် အနေအထားတခုံနဲ့ နောက်ဘက်မှာ နောက်ဘက်လှည့် လျက်သား တခုံ ပါရှိတာပဲ ဖြစ်ပါတယ်။

ရထားတွေလိုပဲ လိုရာကို ရောက်ရှိ ရပ်နားပြီး နောက်ကို ပြန်သွားမယ် ဆိုရင် အခု ခေတ်ကားတွေလို ခေါင်းကို လှည့်ပြီး ပြန်မောင်းရတာ မဟုတ်ဘဲ ယာဉ်မောင်းက ထိုင်ခုံနေရာ ပြောင်းလဲ ထိုင်လိုက်ပြီး လိုရာဦးတည်ချက်ကို မောင်းနှင်ရတာ ဖြစ်ပါတယ်။ ဒါပေမယ့် သိရသလောက် ဒီလို ယာဉ်မောင်းထိုင်ခုံက လားရာရှေ့နောက်အတွက် ၂ ခုံ ထည့်သွင်းထားရတဲ့ အကြောင်းက အဆိုပါကားတွေကို မောင်းမယ့် မြေအောက်လမ်းက ကားကို ကွေ့ဖို့ လုံလောက်တဲ့ လမ်းအကျယ် မရှိလို့ အခုလို ရထားခေါင်းတွေလို ဖန်တီးထားခြင်း ဖြစ်တယ်လို့ သိရပါတယ်။

ဒီကားတွေကို အခုခေတ် Van တွေလို သတ်မှတ်ရမှာ ဖြစ်ပြီး မော်ဒယ်တွေက ခရီးသည် ၁၂ ယောက်ထိအောင် လိုက်ပါစီး နင်းနိုင်ခဲ့ပါတယ်။

ဒီမော်ဒယ် ၂ခု ဖြစ်တဲ့ Tommy နဲ့ Peggy ကို ဆယ်စုနှစ် တစုကြာ ၁၉၁၆ ထိအောင် သုံးခဲ့ပြီး နောက်ပိုင်းမှာတော့ အဆိုပါ ကားတွေရဲ့နေရာမှာ အမေရိကန်ရေတပ်က ဖန်တီးပေးတဲ့ယာဉ်အသစ်ကို အစားထိုးအသုံးပြုခဲ့တယ်လို့ သိရပါတယ်။

၁၉၃၉ ခုနှစ်မှာတော့ အစိုးရရဲ့လေလံပွဲတခုမှာ ကား၂ စီးကို ၃၅ ဒေါ်လာနဲ့ ရောင်းချခဲ့တယ်လို့ သိရပါတယ်။ အခုတော့ မော်ဒယ် ၂ ခုလုံးကို ပြတိုက်မှာ ပြသထားတာပါ။ Peggy ကတော့ အင်ဒီယားနားပြည်နယ်၊ ဆောက်ဘန်းက Studebaker ပြတိုက်မှာပါ။

Toomy ကတော့ ၁၉၃၉ခု နှစ်ထိအောင် နယူးယောက်က World’s Fair မှာ ရှိခဲ့ပေမယ့် ၁၉၅၀မှာတော့ ကား စုဆောင်းသူ William Swigart က ဝယ်သွားခဲ့ပါတယ်။ အခုတော့ Tommy ကို ပင်ဆယ်ဗေးနီးယား ပြည်နယ်၊ ဟန်တင်ဒေါင်က Swigart Automobile ပြတိုက်မှာ တွေ့ရပါတယ်။

အရင်ရက်ကတော့ ပင်ဆယ်ဗေးနီးယား နည်းပညာကောလိပ်က ကျောင်းသားတွေက Tommy ကို ဘက်ထရီသစ် ၁၀လုံး အစားထိုး ထည့်ပြီး ပြန်လည် မောင်းနှင်နိုင်အောင် ပြင်ဆင်ခဲ့တာ တွေ့ရပါတယ်။

ဒါကြောင့်လည်း Tommy ကို ပြန်လည် မောင်းနှင်နိုင်ခဲ့တာ တွေ့ရသလို သမိုင်းဝင်ကား အဖွဲ့အစည်းကနေ Tommy ကို National Automotive Heritage Award ဆု ပေးအပ်ခဲ့တာ တွေ့ရပါတယ်။

Ref: www.businessinsider.com

Did you find apk for android? You can find new Free Android Games and apps.
Loading