လာမည့် သြဂုတ်လ ၂ ရက်မှ ၁၁ ရက်အထိ နေပြည်တော်မဏိရတနာကျောက်စိမ်းခန်းမတွင် နိုင်ငံခြားငွေ (ယူရို)ဖြင့် ရောင်းချမည့် ၅၄ ကြိမ်မြောက်ကျောက်မျက်ပြပွဲ၌ အိတ်ဖွင့်တင်ဒါစနစ် တမျိုးတည်းဖြင့်သာ ရောင်းချမည်ဖြစ်ကြောင်း ပြည်ထောင်စု သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနက ဇွန်လကုန်ပိုင်းတွင် ထုတ်ပြန်ကြေညာလိုက်သည်။
မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းမှ ပြပွဲ ပြန်ကြားရေးတာဝန်ခံ ဦးသန်းဇော်ဦးက “ဈေးကွက်က တောင်းဆိုလာတဲ့အတွက် ကိုယ့်နိုင်ငံသားတွေ အကျိုးရှိမယ့်စနစ်ကိုပဲ ရွေးရတာပေါ့ဗျာ၊ ပြီးတော့ ဈေးပြိုင်စနစ်မှာ အပြိုင်ဝယ်တဲ့သူ အရေအတွက်ရော တင်ပြရောင်းချတဲ့သူများဖို့ လိုတာပေါ့။ ဒါပေမဲ့ မနှစ်ကပွဲမှာ အပြိုင်ဝယ်မယ့်သူ ရော၊ ရောင်းချတဲ့သူပါ တော်တော်လေးနည်းသွားတော့ ဈေးပြိုင်စနစ် သာပြောတယ် ဈေးမပြိုင်သလိုဖြစ်နေတော့ အဲဒီစနစ်ကို လတ်တလော ခဏဆိုင်းထားဖို့ အစည်းအဝေးမှာ ဆုံးဖြတ်လို့ပါ” ဟု ဧရာဝတီကို ပြောသည်။
နေပြည်တော်တွင် နှစ်စဉ် ကျောက်မျက်ရတနာပြပွဲများ ပြုလုပ်လျက်ရှိရာ ယခင်ပြပွဲများတွင် အိတ်ဖွင့်တင်ဒါ စနစ်နှင့် ဈေးပြိုင်စနစ် ၂ မျိုးဖြင့် ကျောက်စိမ်း၊ ကျောက်မျက်အတွဲများကို ရောင်းချခဲ့သော်လည်း နိုင်ငံသားကုန်သည်များ၏ တောင်းဆိုမှုကြောင့်လည်းကောင်း၊ ဈေးပြိုင်စနစ်ဖြင့် ဝယ်ယူ ရောင်းချသူ အရေအတွက် နည်းသွားခြင်းကြောင့် လည်းကောင်း ယခုနှစ်ပြပွဲမှ စ၍ အိတ်ဖွင့် တင်ဒါစနစ်တမျိုးတည်းသာ ရောင်းချရန် စီစဉ်ခြင်းဖြစ်သည်။
ဈေးပြိုင် စနစ်ဆိုသည်မှာ ကုန်သည် တဦးနှင့် တဦး အပြိုင်အဆိုင် ဈေးမြင့်ခေါ်ပြီး ဝယ်ယူကြသည့် စနစ်ဖြစ်ကာ အိတ်ဖွင့်တင်ဒါဆိုသည်မှာ ပြပွဲကျင်းပရေးအဖွဲ့က ပြပွဲကာလအတွင်း နေ့အလိုက် ရောင်းချမည့် ကျောက်အတွဲ အရေအတွက်နှင့် Log နံပတ်များကို ထုတ်ပြန်ကာ ကုန်သည်များက ၎င်းကျောက်များ၏ အရည်အသွေး အပေါ်မူတည်၍ ကြမ်းခင်းဈေး သတ်မှတ်ထားသည့်နှုန်းမှစ၍ မိမိတို့ ပေးလိုသည့်နှုန်းထားတခုကို ဈေးဖြတ်ပေးခြင်း ဖြစ်ပြီး အများဆုံး ဈေးပေးသည့်ကုန်သည်က ကျောက်ကိုဝယ်ယူခွင့်ရရှိခြင်း ဖြစ်သည်။
မန္တလေးမြို့ရှိ မြစိမ်းတောက် ကျောက်မျက်ကုမ္ပဏီပိုင်ရှင် ကိုမျိုးမြင့်နိုင်က “ဈေးပြိုင်ကတော့ ဈေးအများဆုံး ပေးနိုင်တဲ့သူ ရတာဆိုတော့ လက်ကြီးသမားတွေ ပိုလုပ်နိုင်တယ်လေ။ တင်ဒါကတော့ လက်လုပ် လက်စားတွေ အတွက်လည်း ဝယ်နိုင်တဲ့အနေအထား တခုလည်းရှိတော့ အခုလိုလုပ်လိုက်တာ ပိုအဆင်ပြေပါတယ်။” ဟု ပြောသည်။
နိုင်ငံခြားငွေဖြင့် ရောင်းချသည့်ပြပွဲများတွင် ဈေးပြိုင်စနစ်ကို များသောအားဖြင့် နိုင်ငံခြားသား ကျောက်ကုန် သည်များက အပြိုင်ဈေးခေါ်ကြပြီး ဈေးမြင့်လာသောအခါ မဝယ်ဘဲ လက်ရှောင်လိုက်သောကြောင့် ပြပွဲတွင် ဈေးအဆမတန်မြင့်သွား၍ ရောင်းမထွက်တော့သည့် ကျောက်များလည်း ရှိကြောင်း ပြည်တွင်း ကျောက် ကုန်သည်များထံမှ သိရသည်။
လာမည့်ပြပွဲတွင် ကျောက်စိမ်း၊ ကျောက်မျက်အရိုင်းတုံး၊ အချောထည်များ၊ လက်ဝတ်ရတနာများ၊ ရုပ်ထုရုပ်ထွင်းများ၊ ကျောက်ပန်းချီများကို ရောင်းချမည်ဖြစ်ရာ အိတ်ဖွင့်တင်ဒါအတွက် ကြမ်းခင်းဈေးကို ကျောက်မျက် ဆိုပါက ယူရို ၅၀၀ နှင့်အထက်၊ ကျောက်စိမ်းကို ယူရို ၄၀၀၀ နှင့် အထက်၊ ကျောက်စိမ်းအချောထည်ကို ယူရို ၁၀၀၀ နှင့်အထက်ဟု သတ်မှတ်ထားကြောင်း သိရသည်။
ပြည်ထောင်စု သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန လက်အာက်ရှိ မြန်မာ့ ကျောက်မျက် ရတနာ ရောင်းဝယ်ရေးလုပ်ငန်းက နိုင်ငံခြားငွေ(ယူရို)ဖြင့် ရောင်းချသည့် ကျောက်မျက်ပြပွဲ (ပွဲကြီး)နှင့် မြန်မာကျပ်ငွေဖြင့် ရောင်းချသည့်ကျောက်မျက်ပြပွဲတို့ကို နှစ်စဉ်ကျင်းပပေး လျက်ရှိရာ မြန်မာကျပ်ငွေဖြင့်ပြပွဲကို ပြီးခဲ့သည့် မတ်လက ပြုလုပ်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။