စီးပွားရေး

အာမခံအမျိုးအစားသစ်များ ပုဂ္ဂလိကသို့ ထပ်မံချထားပေးမည်

Want create site? Find Free WordPress Themes and plugins.

ပြည်တွင်းတွင် အာမခံ အမျိုးအစား ၁၀ ခုကျော်ရှိရာမှ အမျိုးအစားသစ် ၁၁ မျိုး ထပ်မံ တိုးမည်ဖြစ်ရာ ယင်းအထဲမှ ၄ မျိုးကို ယခုလအတွင်း ပုဂ္ဂလိက အာမခံလုပ်ငန်းလုပ်ကိုင်သူများထံ လုပ်ငန်းချထားပေးမည်ဖြစ်ကြောင်း မြန်မာ့အာမခံ ကြီးကြပ်ရေးကော်မရှင်မှ သိရသည်။

မြန်မာ့အာမခံ ကြီးကြပ်ရေးကော်မရှင် အဖွဲ့ဝင် ဦးဌေးပိုင်က “ပုဂ္ဂလိက လုပ်ငန်းတွေကို ချပေးမယ်။ အာမခံအမျိုးအစား ၁၁ ခုဖြစ်တယ်။ အဲဒီထဲမှာ အရေးကြီးတာက စိုက်ပျိုးရေး အာမခံ၊ အပြည်ပြည်ဆိုင်ရာ ရေကြောင်း ကုန်ပစ္စည်းအာမခံ၊ တောင်သူလယ်သမားအာမခံ အပါအဝင် နောက်ထပ် ၇ ခုပါမယ်။ အသက်အာမခံက နှစ်ရှည်မှာဆိုရင် ပေါ်ပြူလာဖြစ်တဲ့ ဆွဲဆောင်မှုရှိတဲ့ ဟာမျိုူးတွေ ပါလာမှာဖြစ်တဲ့အတွက် လူတွေ စိတ်ဝင်စားတယ်။ ဒီဇူလိုင်လထဲတော့ ချပေးမှာတော့ သေချာ သလောက်ရှိတယ်။ အသစ် ၁၁ ခုလုံးအကုန် မဟုတ်ပေမယ့် အမျိုးအစား ၄၊ ၅ ခု ချပေးမယ်’’ ဟု ဧရာဝတီသို့ ပြောသည်။

အသစ်ထပ်မံ တိုးချဲ့မည့် အာမခံအမျိုးအစားသစ် ၁၁ ခုလုံးကို ပုဂ္ဂလိကအာမခံလုပ်ငန်း ကုမ္ပဏီများသို့ ချထားပေးရန် အာမခံလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ဆုံးဖြတ်ပြီးသားဖြစ်သော်လည်း တချို့သော အာမခံအမျိုးအစားများမှာ နိုင်ငံတော် အဖွဲ့အစည်းက လုပ်ဆောင်ရမည် ဖြစ်၍ ပုဂ္ဂလိက လုပ်ငန်းရှင်များသို့ ချထားပေးမည် မဟုတ်ကြောင်း သိရသည်။

သဘောင်္သားတဦးဖြစ်သည့် ကိုပြည့်ဖြိုးအောင်က “ကျနော်တို့က သဘောင်္သားဆိုတော့ ကုမ္ပဏီက တဆင့် အသက်အာမခံ ထားရတယ်။ အရင်ကတော့ ၁ မျိုးထဲ၊ အခုက ၄ မျိုးလောက်ရှိတယ်။ ကိုယ်ကြိုက်သလောက်ထားလို့ရတယ်။ ၁ မျိုးကို ၃ သောင်းကျပ်ပေးရတယ်။ လျော်ကြေးကတော့ သိန်း ၅၀ ရတယ်။ ထားရင်ကောင်းတာပေါ့။ ဒါပေမယ့် တခုခုဖြစ်သွားလို့ ပိုက်ဆံထုတ်ရင် လျှော်ကြေးက အရမ်းအလုပ်ရူပ်တယ်။ တော်တော်နဲ့ မပြီးဘူး။ အထောက်အထားကလည်း အများကြီးတောင်းတယ်’’ဟု ပြောသည်။

လက်ရှိတွင် ပုဂ္ဂလိကအာမခံကုမ္ပဏီ ၁၁ တို့က အာမခံအမျိုးအစား ၉ မျိုးဖြစ်သည့် အသက်အာမခံ၊ မီးအာမခံ၊ ခရီးသွားအာမခံ၊ မော်တော်ယာဉ် အလုံးစုံအာမခံ၊ ငွေပို့ငွေသယ် အာမခံ၊ ငွေသားလုံခြုံမှု အာမခံ၊ သမာဓိအာမခံ၊ အဝေးပြေး လမ်းမကြီးဆိုင်ရာ အထူးခရီးသွား အာမခံလုပ်ငန်း နှင့် ကျန်းမာရေး အာမခံတို့ကို ဝန်ဆောင်မှု ပေးလျက်ရှိသည်။

ပုဂ္ဂလိက လုပ်ငန်းများသို့ အာမခံအမျိုးအစားများကို လုပ်ကိုင်ခွင့်ပေးထားသော်လည်း ခရီးသွားအာမခံ၊ မော်တော်ကား အလုံးစုံ အာမခံ၊ မီးအာမခံနှင့် အသက်အာမခံများကိုသာ လူအများစုက စိတ်ဝင်စားလျက်ရှိသည်။

မြန်မာ့အာမခံ လုပ်ငန်းကို ၂၀၁၃ ခုနှစ်မေလမှ စတင်၍ ပုဂ္ဂလိက ကုမ္ပဏီ ၅ ခုသို့ လိုင်စင်ထုတ်ပေးခဲ့ပြီး ယနေ့အထိ အထိ အာမခံကုမ္ပဏီ ၁၁ ခုကို လိုင်စင်ထုတ်ပေးပြီးဖြစ်သည်။ ထို့အပြင် ယခင်က အာမခံအမျိုးအစား ၁၀ မျိုးကျော် ရှိရာမှ ယခု အမျိုးအစားသစ် ၁၁ မျိုးတိုးလာသောကြောင့် အာမခံအမျိုးအစားမှာ ၂၀ ကျော်ထိရှိလာမည်ဖြစ်သည်။

ပုဂ္ဂလိကအာမခံကုမ္ပဏီများ လုပ်ငန်းများ တိုးချဲ့ခွင့်ပြုပေးခြင်းကို အာမခံစီးပွားရေး စည်းမျဉ်းစည်းကမ်း ဆိုင်ရာ ဘုတ်အဖွဲ့ဖြစ်သော Insurance Business Regulatory Board(IBRB)မှ ဆောင်ရွက်ခြင်း ဖြစ်ရာ အစိုးရအဖွဲ့မှ သဘောထားမှတ်ချက် ရရှိပါက IBRB မှ ထုတ်ပြန်ကြေညာပေးသွားမည် ဖြစ်ကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading