မြန်မာ အစိုးရသည် ထိုင်းနယ်စပ်မှ နိုင်ငံတောင်ပိုင်းတနင်္သာရီဒေသရှိ ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် အထိ လမ်းတခုဖောက်လုပ်ရန် ထိုင်းနိုင်ငံမှ အတိုးနှုန်းနိမ့် ချေးငွေ ဘတ် ၄.၅ ဘီလီယံ ယူ၊ မယူ ၃ လအတွင်း ဆုံးဖြတ်ရန် စဉ်းစားနေကြောင်း ဘန်ကောက်ပို့စ်သတင်းစာက ရေးသည်။
ထိုင်း-မြန်မာ ပူးတွဲညှိနှိုင်းရေးကော်မတီ JCC ၏ တွဲဘက် ဥက္ကဌလည်းဖြစ်သော မြန်မာ ကုန်သွယ်ရေးဝန်ကြီး ဦးသန်းမြင့်က လွှတ်တော်၏ခွင့်ပြုချက်ကို မကြာမီ တောင်းခံမည်ဟု ပြောကြောင်း သိရသည်။
“နှစ်နိုင်ငံလုံးအတွက် အကျိုးရှိလို့ မြန်မာအစိုးရက ထားဝယ်စီမံကိန်းကို အမြန်အကောင်အထည်ဖော်ဖို့ စိတ်ထက်သန်နေ တယ်” ဟု သူက ဘန်ကောက်ပို့စ်သတင်းစာကို ပြောသည်။
အဆိုပါ JCC ကော်မတီသည် လွန်ခဲ့သောနှစ်က နိုင်ငံတော်အတိုင်ပင်ခံ ဒေါ် အောင်ဆန်းစုကြည် ဦးဆောင်သည့် အစိုးရတက်လာပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပြီးခဲ့သည့် သောကြာနေ့က တွေ့ဆုံဆွေး နွေးခဲ့သည်။
အထက်ပါလမ်းသည် ထားဝယ်စီမံကိန်းအတွက် အရေးပါကြောင်းနှင့် ကနဦးအဆင့်တွင် တည်ဆောက်သင့်သည်ဟု ကော်မတီက သဘောတူကြောင်း JCC ၏ တွဲဘက်ဥက္ကဌ ထိုင်း သယ်ယူပို့ဆောင်ရေးဝန်ကြီး အာခွန်တန်ပစ် တရာပိုင်ဆသ် ကလည်း ပြောသည်။
“ဒီလမ်းကို အများပြည်သူဘဏ္ဍာငွေနဲ့ အမြန်ဖောက်သင့်ကြောင်း မြန်မာနိုင်ငံက သဘောတူပါတယ်” ဟုလည်း သူ ပြောသည်။
“အီတာလျံ ထိုင်းဆောက်လုပ်ရေး ITD က စက်မှုဇုန်နဲ့ အခြားအဆောက်အအုံတွေဆောက်ဖို့ ဘဏ္ဍာရေး အဖွဲ့အစည်း တွေကနေ ငွေချေးနိုင်အောင် လမ်းဖွင့်ပေးဖို့ ဒီလမ်းစီမံကိန်းကို သတ်သတ်လုပ်သင့်ပါတယ်” ဟုလည်း သူပြောသည်။
ITD သည် ကနဦး အဆင့်တည်ဆောက်ရေးလုပ်ငန်းများ တည်ဆောက်ခွင့်ကို ၂၀၁၅ ခုနှစ်က ရခဲ့ပြီး ထိုအဆင့်တွင် နှစ်လမ်းသွားလမ်းတခုပါသည်။
ပထမအဆင့်တွင် ၂၇ စတုရန်း ကီလိုမီတာကျယ်သော စက်မှုဇုန်တခု၊ သဘာဝဓာတ်ငွေ့လက်ခံသည့် ဆိပ်ကမ်း၊ ဆက် သွယ်ရေးလိုင်းများ၊ ဓာတ်အားပေးစက်ရုံတခု၊ ဆိပ်ကမ်းငယ်တခုနှင့် ဆည်တခုတို့ ပါဝင်သင့်သည်ဟုလည်း အာခွန်က ပြောသည်။
“ ထားဝယ်အထူးစီးပွားရေးဇုန်မှာ ပုဂ္ဂလိကကဏ္ဍ ရင်းနှီးမြှုပ်နှံမှုကို ဆွဲဆောင်ဖို့ ပူးပေါင်းရှာဖွေ တည်ဆောက်ဖို့ နှစ်ဖက် လုံးက သဘောတူပါတယ်” ဟုလည်း သူပြောသည်။
စီမံကိန်းအသေးစိတ်များ ဖော်ဆောင်ဖို့ ဆပ်ကော်မတီ၂ ခု ထူထောင်ရန်လည်း နှစ်ဖက်သဘောတူခဲ့သည်။
ထိုဆပ်ကော်မတီများအနက် တခုသည် လမ်းတည်ဆောက်ခြင်းကို ကြီးကြပ်မည့် ထိုင်း-မြန်မာ နည်းပညာလုပ်ငန်းအဖွဲ့ ဖြစ် ပြီး အဝေးပြေးလမ်းဌာန၊ အိမ်နီးချင်းနိုင်ငံများ စီးပွားဖွံ့ဖြိုးရေးအေဂျင်စီ၊ မြန်မာနိုင်ငံ လမ်း တံတား တည်ဆောက်ရေးဌာန၊ မြန်မာ့ရင်း နှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်တို့ ပါဝင်သည်။
ဒုတိယကော်မတီသည် အမျိုးသားစီးပွားရေးနှင့်လူမှုရေးဖွံ့ဖြိုးရေးအဖွဲ့၊ ဘဏ္ဍာရေးမူဝါဒရုံးနှင့် မြန်မာဘက်မှ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့၏အကူအညီဖြင့် ထားဝယ်အထူးစီးပွားရေးဇုန်ကို ပြန်လည် ပြင်ဆင်ခြင်းများကို အာရုံစိုက်မည်ဖြစ်သည်။
၎င်းတို့သည် အောက်တိုဘာလတွင် နေပြည်တော် JCC အစည်းအဝေးတွင် ရှင်းလင်းတင်ပြမည်ဖြစ်သည်။