ယခုနှစ်အတွင်း မြန်မာ့ဆန်များကို ဈေးကွက်အသစ်ဖြစ်သော ဖိလစ်ပိုင်နိုင်ငံသို့ တရားဝင် တင်ပို့နိုင်ရန် ဖိလစ်ပိုင်နိုင်ငံရှိ မြန်မာသံရုံးမှတဆင့် ဆွေးနွေးလာသောကြောင့် တင်ဒါ ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်မှ သိရသည်။
ဖိလစ်ပိုင်နိုင်ငံ အစိုးရက ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ မြန်မာသံရုံးသို့ မြန်မာ့ဆန်ဈေးကွက် အခြေအနေကို မေးမြန်း ကမ်း လှမ်းခဲ့ပြီး မြန်မာနိုင်ငံကလည်း ဆန်တင်ပို့ရာတွင် ၁ တန်လျှင် ကန်ဒေါ်လာ ၃၂၅ ဒေါ်လာနှင့် အဆိုပြုတင်ဒါများ ပေးပို့ ထားကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် အထွေထွေ အတွင်းရေးမှူး ဦးရဲမင်းအောင်က ဆိုသည်။
ဦးရဲမင်းအောင်က “၂၅ မှတ်တန် ဆန်တန်ချိန် ၅ သောင်းလောက်ကို စရောင်းပေးမှာပါ။ တင်ဒါစနစ်နဲ့ ရောင်းတဲ့အတွက် သူတို့နိုင်ငံရဲ့ တင်ဒါမှာ ဝင်ပြိုင်ရမှာ။ မြန်မာပြည်က ကုမ္ပဏီတွေ ဝင်ပြိုင်တာ မရှိသေးဘူး။ ဒါက အစဖြစ်တယ်။ တန်ချိန် ၅သောင်းကို ဈေးနူန်း အဆိုပြုမယ်။ ဒီကနေမှ တဆင့်တက်ပြီး ဖိလစ်ပိုင်နိုင်ငံရဲ့ တင်ဒါတွေမှာ ဝင်ပြိုင်ဖို့ ဆောင်ရွက်နိုင်တဲ့ အနေအထား ရှိ၊ မရှိ ဆက်ဆွေးနွေးမှာပါ ’’ ဟု ပြောသည်။
တင်ဒါများကို ပြီးခဲ့သည့် ဇွန်လမှ စတင် ခေါ်ယူခြင်းဖြစ်ပြီး ဇူလိုင် ၅ ရက်နေ့နောက်ဆုံး ဖြစ်သည်။
ဖိလစ်ပိုင် ဆန်ဈေးကွက်သို့ မြန်မာ့ဆန် တင်ပို့ရာတွင် ကုန်ကျစရိတ် များပြားခြင်းကြောင့် တနှစ်လျှင် ဆန်တန်ချိန် ၁ သန်းကျော်မှ ၂ သန်းနီးပါး ဝယ်ယူပေးရန် မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်က ညိုနိူင်း ဆောင်ရွက်နေကြောင်း ၎င်းက ပြောသည်။
လက်ရှိတွင် ဖိလစ်ပိုင်နိုင်ငံသည် ထိုင်း၊ ဗီယက်နမ်နှင့် ကိုရီးယားနိုင်ငံများမှ ဆန်များကို အဓိက ဝယ်ယူလျက် ရှိကြောင်း သိရသည်။
တရုတ်နိုင်ငံသို့လည်း ယခုဘဏ္ဍာနှစ်တွင် မြန်မာ့ဆန်တန်ချိန် ၁ သိန်း တင်ပို့ထားပြီး လာမည့် စက်တင်ဘာလနှင့် အောက်တိုဘာလတွင် တန်ချိန် ၂ သိန်း ထပ်မံ တင်ပို့ရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရသည်။
ယခု ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် လျာထားချက် ပြည့်မီစေရန် ပို့ကုန်အမည်သစ်များ တိုးချဲ့ တင်ပို့ရန်နှင့် ဈေးကွက်သစ်များ ချိတ်ဆက်လုပ်ဆောင်နေရာတွင် ဆန်နှင့် သစ်သီးဝလံများလည်း ပါဝင်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးတိုးအောင်မြင့်က “လျာထားချက် ပြည့်မီ အောင် အခု ပို့နေတဲ့ ကုန်ပစ္စည်းတွေကို ပို့နေကျ နေရာတွေအပြင် နောက်ထပ်ပို့နိုင်မယ့် လမ်းကြောင်းတွေ ရှာနေပါတယ်။ ဈေးကွက်သစ်တွေလည်း ရှာနေတယ်။ ဆန် နဲ့ သစ်သီးဝလံတွေ အဓိက ဈေးကွက်ချဲ့ဖို့ ရှိတယ်။ ဘယ်နိုင်ငံတွေ အသစ် ရမလဲ ဆိုတာတော့ ပြောလို့မရသေးဘူး’’ ဟု ဧရာဝတီကို ပြောသည်။
ပင်လယ်ရေကြောင်းမှတဆင့် ပြည်ပသို့ ဆန်တင်ပို့မှု ကဏ္ဍတွင် ယခုတင်ပို့နေသော နိုင်ငံများအပြင် ထပ်မံ၍ ဈေးကွက် သစ်များ ရရှိရန် လုပ်ဆောင်နေပြီး လက်ရှိ၌ အာဖရိကသို့ ၂၅ မှတ်တန် ဆန်များ အများဆုံးတင်ပို့နေကာ ဥရောပသို့ လည်း ဆန်ကွဲများ တင်ပို့လျက်ရှိကြောင်း ၎င်းက ပြောသည်။
လက်ရှိ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် အတွင်း မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ ကုန်သွယ်မှုပမာဏ လျာထားချက်မှာ အမေရိ ကန် ဒေါ်လာ ၂၉ ဘီလီယံဖြစ်ပြီး ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတန်ချိန်မှာ ပင်လယ်ရေကြောင်းနှင့် နယ်စပ် ကုန်သွယ်ရေး ၂ ခုစလုံးမှ စုစုပေါင်း ဆန်တန်ချိန် ၆ သိန်း ၃ သောင်းခန့် တင်ပို့ထားကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန စာရင်းများအရ သိရသည်။