နယူးယောက် အနောက်ပိုင်း အဆင့်မြင့် ရပ်ကွက်ထဲမှာ တယောက်အိပ် အိမ်ခန်း ကောင်းကောင်း ဖြစ်ဖြစ်၊ ဒါမှမဟုတ် ချီကာဂိုက လင်ကွန်းဥယျာဉ်အိမ်ရာမှာ ၃ ယောက်အိပ် အိမ်ခန်း ကောင်းကောင်း ဝယ်လို့ရတဲ့ ပမာဏ ဖြစ်တဲ့ ဒေါ်လာ ၆၆၄၀၀၀ ဆိုတာက ဟောင်ကောင်မှာတော့ အရှည် ၁၇ ပေ၊ အကျယ် ၁၁ သာ ရှိတဲ့ ကားထားဖို့ နေရာလေး တခုပဲ ဝယ်လို့ ရနိုင်မှာပါ။
ဒီဈေးနှုန်းဟာ လက်ရှိကမ္ဘာမှာ ကားပါကင်နေရာ အတွက် ဈေးအမြင့်ဆုံးနဲ့ ရောင်းချလာတာ အဖြစ် မှတ်တမ်းဝင်စေပါပြီ။ နယူးယောက်မှာ ကားထားဖို့ နေရာ အတွက် ကုန်ကျစရိတ်က ဒေါ်လာ ၂၈၀၀၀၀ လောက်ပဲ ရှိတာပါ။ ဒါပေမယ့် ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ဟောင်ကောင်မှာ အဲဒီ ဈေး ၂ ဆ လောက်နဲ့ ကားထားဖို့ နေရာတွေ ရောင်းချလာတာက အံ့သြစရာပါ။
Forbes မဂ္ဂဇင်းရဲ့ ဖော်ပြချက်မှာလည်း ပြီးခဲ့သည့် ၇ နှစ်တာ အတွင်း ဟောင်ကောင်ဟာ ကမ္ဘာပေါ်မှာ အိမ်ခန်းဈေး အမြင့်ဆုံး နေရာ ဖြစ်လာပါတယ်။
အခုလို ကားပါကင် ဈေးနှုန်း မြင့်လာတာက အဆင့်မြင့် အိမ်တွေနဲ့ သူဌေးတွေ နေထိုင်မှု များလာတာကြောင့် လို့ လေ့လာသူတွေက သုံးသပ်နေကြ ပါတယ်။ ဒီ ဈေးနှုန်းနဲ့ ပါကင်နေရာ ရောင်းချတာဟာ ဟောင်ကောင်နဲ့ ပတ်သတ်တဲ့ ရောင်းဝယ်မှုတွေထဲမှာ ဈေးအမြင့်ဆုံး ပါပဲ လို့လည်း ဟောင်ကောင်တက္ကသိုလ်ရဲ့ တည်ဆောက်ရေး ဗိသုကာပညာရှင် ပါမောက္ခ Lennon Choy က နယူးယောက်တိုမ်း သတင်းစာကို ပြောပါတယ်။
ဒီလို ဈေးကြီးတဲ့ အိမ်ခြံနဲ့ ကားပါကင်တွေ ရှိတဲ့ နေရာက ဟောင်ကောင်ရဲ့ မြောက်ဘက်ပိုင်းမှာ တည်ရှိပြီး အဆင့်မြင့် အိမ်ရာတွေ အများအပြား တည်ရှိတဲ့ Upton ဝန်းကျင်က နေရာတွေပါ။ အဲဒီ နေရာဝန်းကျင်က အိမ်ရာတွေရဲ့ ဈေးနှုန်း ကလည်း ဒေါ်လာသန်း ၃၀ ကနေ ၇၀ အထိ ရှိပါတယ်။ ဟောင်ကောင်ရဲ့ အချက်အချ အကျဆုံး အပိုင်းလို့ လည်း ဖြစ်ပါတယ်။
ပြည်ပကနေ ရင်းနှီးးမြှပ်နှံသူတွေ ဝင်ရောက်လာတာကြောင့် ကျွန်းငယ်လေး ဟောင်ကောင်မှာ အိမ်ဈေးတွေ မြင့်တက် နေတာဖြစ်ပြီး၊ အထူးသြ့ဖင့်တော့ တရုတ်ပြည်မကြီးက သူဌေးတွေ အများဆုံး ဝင်ရောက်နေတာ တွေ့ရပါတယ်။
ပြည်မကြီးက သူဌေးတွေဟာ အိမ်တွေ ဝယ်ယူရာမှာ နေထိုင်ဖို့ထက် ရင်းနှီးမြှပ်နှံမှု ပုံစံနဲ့ ဝယ်ယူလာတာကြောင့် ပြီးခဲ့တဲ့ ၃ နှစ်က စပြီး ဈေးနှုန်းတွေ မြင့်တက်သွားတာ ဖြစ်တယ် လို့ သိရပါတယ်။
Ref: www.architecturaldigiest.com