ဂျပန် အစားအသောက် ထုတ်လုပ်ရေး လုပ်ငန်းတခု ဖြစ်သည့် အေ့စ်ကွတ် (Acecook Co) ကုမ္ပဏီသည် ပြီးခဲ့သည့်အပတ် ကြာသပတေး နေ့က မြန်မာနိုင်ငံတွင် စက်ရုံသစ် တခုကို ဖွင့်လှစ်လိုက်ပြီး မြန်မာနိုင်ငံတွင် ပထမဆုံး ဂျပန် အသင့်စား ခေါက်ဆွဲ ထုတ်လုပ်သည့် ကုမ္ပဏီ ဖြစ်လာသည်။
ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ ထိုစက်ရုံသည် စီးပွားရေးမြို့တော် ရန်ကုန် မြို့စွန်ရှိ ဂျပန်အစိုးရ ကျောထောက်နောက်ခံပြု သီလဝါ အထူးစီးပွားရေးဇုန်တွင် တည်ရှိသည်။
စက်ရုံဖွင့်ပွဲ မိန့်ခွန်းတွင် အေ့စ်ကွတ်၏ အကြီးအကဲ ဟီရိုရှီ မူရာအိုကိုက သွင်းကုန်စနစ်မှ ပြည်တွင်းထုတ်လုပ်မှုသို့ စတင် ပြောင်းလဲသည့် စက်ရုံသစ်အတွက် မြင့်မားသော မျှော်လင့်ချက်ထားရှိကြောင်း ဂျပန်သတင်းဌာန ကျိုဒိုသို့ ပြောသည်။
“ဂျပန်နိုင်ငံရဲ့ အဆင့်မြင့်နည်းပညာနဲ့ အရည်အသွေး အဓိကထားပြီး စီမံထုတ်လုပ်ထားတဲ့၊ အန္တရာယ်ကင်းပြီး အရသာကောင်းတဲ့ ခေါက်ဆွဲကို မြန်မာပြည်သူတွေ စားသုံးနိုင်ကြပါစေလို့ ဆုတောင်းပါတယ်” ဟု ပြောသည်။
အိုဆာကာ အခြေစိုက် အေ့စ်ကွတ်သည် ဗီယက်နမ်တွင် လွန်ခဲ့သော နှစ် ၂၀ ကတည်းက တည်ဆောက်ခဲ့သည့် စက်ရုံများမှ ထုတ်လုပ်သည့် ၎င်း၏ အသင့်စား ခေါက်ဆွဲ ကုန်အမှတ်တံဆိပ်များကို မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ်မှ စတင်ပြီး ဈေးကွက် မြှင့်တင်မှု ပြုလုပ်နေသည်။
ပြီးခဲ့သည့် ဧပြီလ နှောင်းပိုင်းကပင် စက်ရုံသစ်ကို စမ်းသပ်လည်ပတ်ခဲ့ပြီး နှစ်စဉ် ခေါက်ဆွဲခြောက်ထုတ် သန်း ၃၀၀ အထိ ထုတ်လုပ်နိုင်သည်။ ကနဦး အနေဖြင့် ကုန်အမှတ်တံဆိပ် ၃ ခုဖြင့် ခေါက်ဆွဲထုပ် ၆ မျိုးထုတ်လုပ်သွားမည် ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။
ထို ခေါက်ဆွဲခြောက်များကို မြန်မာနိုင်ငံ တဝန်းရှိ မြို့ပေါင်း ၂၆ မြို့တွင် ဖြန့်ချိနေပြီး နှစ်ကုန်တွင် ဖြန့်ချိရေး ကွန်ရက်ကို ၂ ဆ တိုးချဲ့မည်ဟုဆိုသည်။
မြန်မာနိုင်ငံသားများသည် ခေါက်ဆွဲခြောက်များကို ပုံမှန်စားသုံးလေ့ ရှိကြပြီး ဈေးကွက်တွင် ပြည်တွင်းနှင့် ထိုင်းနိုင်ငံထုတ် ခေါက်ဆွဲများက လွှမ်းမိုးထားသည်။