သီလဝါအထူးစီးပွားရေးဇုန်တွင် စီမံကိန်းချမှတ် တည်ဆောက်နေသော ဆိပ်ခံတံတား ၃၇ ခုအနက် လက်ရှိတွင် တံတား ၁၀ စင်း ပြီးစီးနေပြီး လာမည့် ၂၀၁၈ ခုနှစ်တွင် တံတား ၆ စင်းခန့် ပြီးစီးရန် တည်ဆောက်နေကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်ရုံးမှ သိရသည်။
မြန်မာ့ ဆိပ်ကမ်းအာဏာပိုင်ရုံး ဒုတိယအထွေထွေမန်နေဂျာ ဦးမျိုးငြိမ်းအေးက “သီလဝါ လုပ်ကွက် ၃၇ မှာ တည်ဆောက်မှာ တံတား ၃၇ ခုဆောက်မှာ ဖြစ်တယ်။ ဆိပ်ခံတံတားတွေ၊ ကုန်သေတ္တာတင်တဲ့ တံတားတွေ ဆောက်မှာဖြစ်တယ်။ အခုက ဒီထဲက တံတား ၁၀ စင်းက ပြီးပြီ။ ဒီနှစ်ကတော့ လောလောဆယ် ဆောက်နေတုန်းဖြစ်တယ်။ လာမယ့် ၂၀၁၈ မှာတော့ ၅ စင်း၊ ၆ စင်းလောက်ပြီးမှာပါ။ သေချာတော့ ပြောလို့မရသေးပါဘူး” ဟု ပြောသည်။
အဆိုပါ ဆိပ်ခံတံတားများကို ၁၉၉၇ ခုနှစ်တွင် သီလဝါတွင် တံတား ၆ စင်း စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၁၀ ခုနှစ် နောက်ပိုင်းမှ လက်ရှိအချိန်ထိ ဆိပ်ခံတံတား ၄ စင်း ဖွင့်လှစ်ထားသောကြောင့် ဆိပ်ခံတံတား ၁၀ စင်း ပြီးစီးပြီဖြစ်ကြောင်း ၎င်းကပြောသည်။
လက်ရှိတွင် တံတား ၆ စင်းတည်ဆောက်လျက်ရှိရာမှ လာမည့် ၂၀၁၈ခုနှစ်တွင် ယင်းဆိပ်ခံတံတားများ ပြီးစီးမှုမှာ ယခုတည်ဆောက်ဆဲ တံတားအပါအဝင် ၁၆ စင်း ခန့် ပြီးစီးမည်ဖြစ်ကာ ကျန်ရှိသည့် တံတား အားလုံးအတွက် စီမံကိန်း ပြီးစီးချိန်မှာ လာမည့် ၂၀၂၀ ခုနှစ်အထိ ခန့်မှန်းထားကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်ရုံးမှ သိရသည်။
ယင်း ဆိပ်ခံတံတားများကို မြမေတ္တာမွန်၊ Apex Gas and Oil Terminal ၊ Puma Energy Terminal ၊ Myanmar Integrated Prot ltd ၊ Myanmar Int’l Terminals Thilawa နှင့် Green Asia Oil Terminal စသည့် ကုမ္ပဏီ ၆ ခုမှ တာဝန်ယူတည်ဆောက်နေကြောင်း သိရသည်။
မြန်မာ့ဆိပ်ကမ်း အာဏာပိုင်ရုံးမှ ရခိုင် ပြည်နယ်တွင် စစ်တွေ၊ ကျောက်ဖြူ ၊ သံတွဲ တနင်္သာရီတိုင်းတွင် မြိတ်၊ ထားဝယ်၊ ကော့သောင်း ဧရာဝတီ တိုင်းတွင် ပုသိမ်၊ မွန်ပြည်နယ်တွင် မော်လမြိုင် စသည့် ပြင်ပဆိပ်ကမ်း ၈ ခုနှင့် ရန်ကုန်တိုင်းဒေသကြီးရှိ မြန်မာ့ဆိပ်ကမ်းမှာ အချုပ်ဖြစ်ကြောင်း သိရသည်။
ထိုဆိပ်ကမ်းများမှ ပြီးခဲ့သည့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ပြည်တွင်း၊ပြည်ပ သင်္ဘော များ ဆိုက်ကပ် ရပ်နားခွန် မြန်မာကျပ်ငွေ သန်းပေါင်း ၇ သောင်းကျော် ရရှိထားပြီးဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရုံး လက်ထောက်မန်နေဂျာ (စာရင်းဌာန)မှ ဦးမင်းသီဟစိုးက ပြောသည်။
ဆက်လက်၍ ၎င်းက” ဒါက အခု စာရင်းပိတ်နေတုန်းပေါ့။ အားလုံးတော့မပြီးသေးဘူး။ အခု ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှာတော့ မြန်မာကျပ်ငွေ သန်းပေါင်း ၇ သောင်း ၃ ထောင်ကျော်ရမယ်လို့ မျှော်မှန်းထားတယ်။ ကောက်ခံတဲ့နေရာမှာ သင်္ဘောရဲ့ အလေးချိန်၊ မီတာ စတာတွေနဲ့ ကောက်ခံတာ ဖြစ်တယ်”ဟု ပြောသည်။