MPT အသုံးပြုသူများအနေဖြင့် 4×4 MIMO အဆင့်မြင့် နည်းပညာကို အသုံးပြုထားသည့် အမြန်နှုန်း 150 Mbps အထိရရှိနိုင်သော နောက်ဆုံးပေါ် “မြန်နှုန်းမြင့်” ဆက်သွယ်မှုကို အသုံးပြုနိုင်ကြမည် ဖြစ်ကြောင်း သတင်းထုတ်ပြန် သည်။MPT ၏ LTE+ ကွန်ရက် ဝန်ဆောင်မှုကို မြန်မာနိုင်ငံ၏ နေရာ အနှံ့အပြားတွင် ထပ်မံတိုးချဲ့မှုများ လုပ်ဆောင်လိုက်ပြီဖြစ်ကြောင်း ယနေ့သတင်း ထုတ်ပြန်လိုက်သည်။ ယခုထပ်မံ တိုးချဲ့သည့် LTE+ ကွန်ရက်ကို ဇူလိုင်လ (၈) ရက်နေ့မှစတင်ကာ စုစုပေါင်းမြို့ (၁၆) မြို့တွင် စတင်အသုံးပြုနိုင်မည်ဖြစ်ပြီး MPT အသုံးပြုသူများအနေဖြင့် 4×4 MIMO အဆင့်မြင့် နည်းပညာကို အသုံးပြုထားသည့် အမြန်နှုန်း 150 Mbps အထိ ရရှိနိုင်သော နောက်ဆုံးပေါ် မြန်နှုန်းမြင့် ဆက်သွယ်မှုကို အသုံးပြု နိုင်ကြမည်ဖြစ်သည်။
LTE+ ကွန်ရက်ချဲ့ထွင်ခြင်း အစီအစဉ်အရ ဧရာဝတီတိုင်းတွင် ပုသိမ်၊ ဟသာင်္တ၊ ငွေဆောင်၊ ချောင်းသာ၊ မကွေးတိုင်းတွင် မကွေးမြို့ နှင့် ကရင်ပြည်နယ်တွင် မြဝတီမြို့တို့မှာ မြန်နှုန်းမြင့် LTE+ မိုဘိုင်းလ်အင်တာနက်ဝန်ဆောင်မှုကို ဆက်သွယ်ရေးအော်ပရေတာများကြားတွင် ပထမဦးဆုံးအဖြစ် MPT က မိတ်ဆက် ပေးအပ်နိုင်ခြင်း ဖြစ်ပါသည်။ အလားတူပင် လက်ရှိဖြန့်ကျက်ထားပြီးဖြစ်သည့် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့ရှိ ပတ်ဝန်းကျင် အနီးတစ်ဝိုက်များတွင်လည်း ယခုအစီအစဉ်အရ LTE+ ကွန်ရက်ကို အသုံးပြုနိုင်တော့မည် ဖြစ်ပါသည်။
MPT-KSGM Joint Operations ၏ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda က “အဆင့်မြင့် 4×4 MIMO နည်းပညာအသုံးပြုထားပြီး ပုံမှန် 4G/LTE ထက် နှစ်ဆပိုမြန်တဲ့ LTE+ ကို အဓိကမြို့ကြီးတွေနဲ့ မြို့နယ်တွေမှာ ဖြန့်ကျက်ပေးမှာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ အမြန်ဆုံး ဒေတာဝန်ဆောင်မှုကို ရရှိနိုင်မှာဖြစ်ပါတယ်” ဟု ပြောကြားခဲ့ပါသည်။ ဆက်လက်၍ “ကျွန်တော်တို့ မိတ်ဆက်လိုက်တဲ့ ဒေသတွေက 4G/LTE စနစ်ပါဝင်တဲ့ မိုဘိုင်းလ်ဖုန်း/ပစ္စည်းတွေကို အသုံးပြုသူတွေ အနေနဲ့ အခုဆိုရင် ဒေါင်းလုပ် ပြုလုပ်ချိန် ပိုမိုတိုတောင်းလာပြီး၊ အင်တာနက် ဂိမ်းဆော့ကစား တာတွေ၊ ဗွီဒီယိုကြည့်ရှုတာတွေကို ပိုပြီးမြန်မြန်ဆန်ဆန် အသုံးပြုနိုင်တော့မှာဖြစ်ပါတယ်။ ဒါ့အပြင် MPT သုံးစွဲသူများအနေနဲ့ Happy Data Combo Pack တွေကို ရွေးချယ်အသုံးပြုနိုင်ပြီး အဆင့်မြှင့်ထားတဲ့ ကွန်ရက်ပေါ်ကတစ်ဆင့် ဒေတာသုံးစွဲမှုအတွက် ပိုမိုကောင်းမွန်တဲ့ ရွေးချယ်မှုတွေကို သုံးစွဲနိုင်ပြီ ဖြစ်ပါတယ်” ဟု ဆက်လက် ပြောကြားခဲ့ပါသည်။
MPT သည် LTE+ ကွန်ရက်ဝန်ဆောင်မှုကို ဖြန့်ကျက်လိုက်သည့် အထိမ်းအမှတ်အဖြစ် အများပြည်သူအတွက် ပျော်ပွဲရွှင်ပွဲအစီအစဉ်များကို ပြုလုပ်ပေးသွားမည်ဖြစ်ပြီး စျေးဝယ်စင်တာများ၊ MPT စတိုးဆိုင်များနှင့် အခြားသောရွေးချယ်ထားသည့်နေရာများတွင် ပရိုမိုးရှင်းပြုလုပ်ခြင်းနှင့် လက်ဆောင်များ ပေးခြင်းတို့ကိုလည်း ၂၀၁၇ ဇူလိုင်လ တစ်လလုံး ရန်ကုန်မြို့နှင့် အခြားကွန်ရက်ဖြန့်ကျက်သည့် ဒေသများတွင် ပြုလုပ်သွားမည်ဖြစ်ပါသည်။
၂၀၁၇၊ စက်တင်ဘာလအကုန်တွင် တစ်နိုင်ငံလုံး၏ တိုင်းဒေသကြီးနှင့်ပြည်နယ်များအားလုံးသို့ MPT ၏ LTE+ ဝန်ဆောင်မှုရောက်ရှိသွားမည်ဖြစ်ကာ အသုံးပြုနိုင်သည့် မြို့ပေါင်း (၃၀) ကျော်အထိ ရှိလာမည် ဖြစ်ပါသည်။ လက်ရှိတွင် ရန်ကုန်မြို့၌ MPT ၏ LTE+ ဝန်ဆောင်မှုကို အသုံးပြုနိုင်သည့် မြို့နယ်ပေါင်း (၃၅) မြို့နယ် ရှိနေပြီဖြစ်ပါသည်။ MPT အနေဖြင့် LTE+ ကိုအသုံးပြုနိုင်မည့် နောက်ထပ်မြို့များကို ယခုလ နှောင်းပိုင်းတွင် ထပ်မံကြေညာပေးသွားမည်ဖြစ်သည်။
LTE+ ကွန်ရက် ထပ်မံတိုးချဲ့လိုက်သည့် မြို့များစာရင်း
တိုင်းနှင့် ပြည်နယ်များ | မြို့နယ်များ/ မြို့များ |
ရန်ကုန် | သန်လျင်၊ ရွှေပြည်သာ၊ ဒဂုံအရှေ့ |
နေပြည်တော် | |
မန္တလေး | အမရပူရ၊ မြစ်ငယ် |
ဧရာဝတီ | ပုသိမ်၊ ဟင်္သာတ၊ ငွေဆောင်၊ ချောင်းသာ |
မကွေး | မကွေး |
ပဲခူး | ပဲခူး၊ ပြည်၊ တောင်ငူ |
စစ်ကိုင်း | မုံရွာ |
ကရင် | မြဝတီ |
မွန် | မော်လမြိုင် |
ရှမ်း (တောင်) | တောင်ကြီး၊ ဟဲဟိုး |