စီးပွားရေး

မြို့သစ်စီမံကိန်းက ကျူးကျော်နှင့် လျှပ်စစ်မီးပြဿနာများ ဖြေရှင်းနိုင်ဟု လမ်းပန်းဆက်သွယ်ရေးဝန်ကြီးပြော

ရန်ကုန်မြို့သစ်တည်ဆောက်ခြင်းဖြင့် ကျုးကျော်ပြဿနာများ၊ အလုပ်လက်မဲ့ပြဿနာများ၊ ရေပေးဝေမှုနှင့် လျှပ်စစ်မီး ပြဿနာများကို ဖြေရှင်းနိုင်မည်ဟု ရန်ကုန်တိုင်း လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာ ကျော်က ယနေ့ ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အရေးပေါ် အစည်းအဝေးတွင် ပြောဆိုလိုက်သည်။

ဝန်ကြီး ဒေါ်နီလာကျော်က “နံပတ် ၁ ကတော့ ကမ္ဘာ့ဘဏ်၊ IMF, IFC- International Finance Corporation အစရှိသော ငွေကြေးဆိုင်ရာ နေရာဌာနများမှ ကိုယ်တိုင်ရင်းနှီးမြုပ်နှံမှု လုပ်ငန်းစဉ်ဖြင့် ပါဝင် ဆောင်ရွက်ခြင်း၊ နံပတ် ၂ အဖြစ် နိုင်ငံတကာ ချေးငွေရယူခြင်း၊ နံပတ် ၃ အဖြစ် လျှပ်စစ်လုပ်ငန်း ရေပေးဝေရေး လုပ်ငန်း အစရှိသည်တို့မှာ PPP စနစ်ဖြင့် ဆောင်ရွက်ခြင်း၊ အဆိုပါ နည်းလမ်းအားဖြင့် အစိုးရ၏ ဆောင်ရွက်မှု ၁၀၀ ရာခိုင်နှုန်းဖြစ်သော cooperation ပုံစံနဲ့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု လွှတ်တော်တွင် ရှင်းပြသည်။

ရန်ကုန်မြို့သစ်စီမံကိန်းတွင် ရန်ကုန်မြို့ အနောက်ဘက် ပန်းလှိုင်မြစ်နှင့် တွံတေး တူးမြောင်းအကြား၊ လှိုင်မြစ်နှင့် လှိုင်သာယာ-တွံတေး ကားလမ်းအကြား မြေနေရာများကို လျာထားပြီး ကြည့်မြင်တိုင် တဖက်ကမ်း၊ တွံတေးမြို့နယ်ရှိ မြေနေရာများ ပါဝင်သည်။

ရန်ကုန်မြို့သစ် တည်ဆောက်မည့် အစီအမံ အနေဖြင့် ကောင်းမွန်သော သယ်ယူပို့ဆောင်ရေး၊ အချက်အခြာကျမှု၊ အချိန်တိုအတွင်း လူမှုရေးဆိုင်ရာ အခြေခံ အဆောက်အအုံများနှင့် ထိတွေ့နိုင်မှု၊ လုပ်ငန်းစုအချင်းချင်း၊ ရပ်ကွက်အဝန်း အဝိုင်းအချင်းချင်း ထိရောက်စွာ ကူးလူးဆက်ဆံရန် အခြေခံကာ ၂၅၀ မီတာ အချင်းဝက်ရှိပြီး ၅၀၀ မီတာ အချင်းရှိသော အစုအဖွဲ့များ ဖွဲ့စည်းကာ ဆောင်ရွက်မည်ဟု သိရသည်။

ရန်ကုန်မြို့သစ် စီမံကိန်းသည် သမ္မတဟောင်း ဦးသိန်းစိန်လက်ထက်က ဝေဖန်မှုများစွာ ရှိခဲ့သဖြင့် ရပ်ဆိုင်းထားပြီးနောက် NLD အစိုးရသစ် လက်ထက်တွင် ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မြို့သစ်စီမံကိန်းကို ယခုနှစ် ဖေဖော်ဝါရီလတွင် ပြန်လည် စတင်မည်ဟု ပြောဆိုထားသော်လည်း ယနေ့အချိန်ထိ စတင်နိုင်ခြင်း မရှိသေးပါ။

ရန်ကုန်တိုင်းအစိုးရအဖွဲ့သည် ယနေ့တွင် လွှတ်တော် အရေးပေါ် အစည်းအဝေးခေါ်ယူကာ ရန်ကုန် မြို့တော်ကို တိုးချဲ့တည်ဆောက်ရန် လိုအပ်လာပုံများ၊ တိုးချဲ့တည်ဆောက်ရန် ယခင် အစိုးရ၏ ဆောင်ရွက်ခဲ့မှုများ၊ လက်ရှိ ရန်ကုန်မြို့သစ်ကို တည်ဆောက်မည့် အစီအမံနှင့် ပြင်ဆင် ဖွဲ့စည်းခြင်းများ၊ လုပ်ငန်းဆောင်ရွက်မှု ပုံစံ ပြန်လည် ပြင်ဆင် သည့် အကြောင်းအရင်းအများ၊ ကြုံတွေ့နိုင်သည့် ငွေကြေးရင်းနှီးမြုပ်နှံမှု နှင့် အခြေခံအဆောက်အအုံ ဆိုင်ရာ စီမံခန့်ခွဲမှု အပေါ် ပြင်ဆင်ထားမူများကို ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ရှင်းလင်းတင်ပြခဲ့သည်။

ရန်ကုန်မြို့သစ်စီမံကိန်းကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် များအား လွှတ်တော်တွင် ဆွေးနွေးခွင့်ပေးရန် ဆိပ်ကြီးခနောင်တို မြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက တင်ပြခဲ့ရာ လွှတ်တော်ဥက္ကဋ္ဌ က အချက်အလက်များ ဆက်လက် တင်ပြပေးရန် ဆုံးဖြတ်ခဲ့သဖြင့် အဆိုပါ စီမံကိန်းအပေါ် အကြံပြုချက်များ ရှိသည့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ဇူလိုင် ၁၁ ရက်နေ့ နောက်ဆုံးထားကာ စာဖြင့် ပေးပို့ရမည်ဟု သိရသည်။

ဆိပ်ကြီးခနောင်တို မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက “ပြီးခဲ့တဲ့ အစိုးရလက်ထက်တုန်းက Developer တွေမဟုတ်တော့ဘဲနဲ့ အခုကျတော့ Developer အသစ်တွေ ပြန်ခေါ်မယ်ဆိုတဲ့ စီမံကိန်း ဖြစ်ပါတယ်။ ဒါပေမယ့် ဘယ်လိုပုံစံမျိုးနဲ့ ပြောင်းလဲမယ် ဆိုတာကိုလည်း အသေးစိတ်တင်ပြသွားတာ မရှိဘူးဖြစ်တဲ့ အတွက် ကျမအနေနဲ့ အသေးစိတ် မပြောပြနိုင်ပါဘူး။ ဒီစီမံကိန်းအပေါ်မှာ ကျယ်ကျယ်ပြန့်ပြန့် သိဖို့လိုပါသေးတယ်။” လွှတ်တော်တွင် ပြောဆိုသည်။

၂၀၁၄ သန်းခေါင်စာရင်း အရ ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် လူဦးရေ ၇ ဒသမ ၃၆ သန်းရှိပြီး လူဦးရေ တိုးနှုန်းမှာ ၂၀၀၅ မှ ၂၀၁၄ ခုနှစ် အတွင်း ၂ ဒသမ ၄၈ သန်း နှုန်ဖြင့် တိုးတက်လာသောကြောင့် မျှော်မှန်း လူဦးရေ အနေဖြင့် ၂၀၃၁ တွင် ၁၀ ဒသမ ၇၂ သန်း ဖြစ်သွားနိုင်ဖွယ် ရှိကြောင်း အစိုးရအဖွဲ့၏ အဆိုအရ သိရသည်။

Loading