စီးပွားရေး

တနိုင်တပိုင် ခရီးသွားလုပ်ငန်းများ လိုင်စင်ရရှိရေး အစိုးရထံတင်ပြမည်

Want create site? Find Free WordPress Themes and plugins.

တနိုင်တပိုင်ပြည်တွင်းဘုရားဖူး ခရီးသွားလုပ်ငန်းရှင်များက လုပ်ငန်းလိုင်စင် ရရှိရေးအတွက် အစိုးရနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများသို့ တပတ်အတွင်း တင်ပြသွားမည်ဟု သိရသည်။

တနိုင်တပိုင် ပြည်တွင်းဘုရားဖူး ခရီးသွားလုပ်ငန်းများ လိုင်စင်မရရှိခြင်းမှာ စည်ပင်သာယာ နယ်နိမိတ်ဥပဒေ သတ်မှတ်ချက်နှင့် ငြိနေသဖြင့် လုပ်ငန်းလိုင်စင်ရရှိရန် ခက်ခဲနေပြီး၊ ထိုသို့လုပ်ငန်းလိုင်စင် မရရှိသဖြင့် အခွန်ဆောင်ရာတွင်လည်း အခက်အခဲများဖြစ်နေရကြောင်း တပိုင်တနိုင်ဘုရားဖူးခရီးသွား လုပ်ငန်းရှင်များက ပြောသည်။

တနိုင်တပိုင် ပြည်တွင်း ဘုရားဖူးခရီးသွားလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးကျော်မင်းလိူင်က“လုပ်ငန်းလိုင်စင်မရှိရင် အခွန်ဆောင်ဖို့လည်း ခက်တယ်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥပဒေနဲ့ ငြိနေတဲ့အတွက် လိုင်စင်ပေးဖို့ ခက်ခဲတယ်။ ကျနော်တို့ အသင်းကနေစုပြီး ဒီတပတ်အတွင်း လိုင်စင်ရအောင် စာတင်မယ်” ဟု ပြောသည်။

တနိုင်တပိုင် ပြည်တွင်းဘုရားဖူး ခရီးသွားလုပ်ငန်း လုပ်ကိုင်များသည် တိုက်ခန်းလှေကား အောက်ဘက်တချို့တွင် ဆိုင်ခန်းငယ်လုပ်၍ လက်မှတ်ရောင်းချခြင်းဖြင့် လည်းကောင်း၊ မိတ္တူနှင့် အရောင်းဆိုင်တချို့၏ အရှေ့နားတွင် ခုံတခုံစာ ငှားရမ်းပြီး ဘုရားဖူးလက်မှတ်များ ရောင်းချနေသကဲ့သို့ ရပ်ကွက်အတွင်း ဟိုင်းဝေးကားတစီးကို အစုစပ်ငှားရမ်း၍ ဘုရားဖူး ပို့ဆောင်ပေးခြင်းတို့ကို လုပ်ကိုင်လျှက် ရှိကြသည်။

ရန်ကုန်မြို့တွင် တပိုင်တနိုင်ပြည်တွင်းဘုရားဖူး ခရီးသွားလုပ်ငန်း လုပ်ကိုင်သူ ၆၀၀ ခန့်ရှိပြီး တနိုင်ငံလုံးတွင် လုပ်ကိုင်သူ ၈၀၀ ခန့်ရှိကြောင်း သိရသည်။

ဦးကျော်မင်းလှိုင်က “ကျနော်တို့လုပ်ငန်းက အသေးစားလေးတွေ ဖြစ်တယ်။ အဲ့ဒီတော့ ရုံးခန်းကို အဆောက်အဦးတွေရဲ့ လှေကားတွေ၊ အိမ်ရဲ့ရှေ့မျက်နှာစာတွေမှာ ငှါးဖွင့်ကြတယ်။ ဒါကို စည်ပင်ဥပဒေနဲ့ငြိပြီး လိုင်စင်ကမရတာ၊ ဒါလေးတွေ နည်းနည်းပြင်ပေးဖို့ တင်ပြမှာ ဖြစ်တယ်” ဟု ပြောသည်။

ပြည်တွင်းခရီးသွား လုပ်ငန်းများကို ကုမ္ပဏီထူထောင်နိုင်မှသာ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနက လုပ်ငန်းလိုင်စင် ချထားပေးသော်လည်း၊ ကုမ္ပဏီထူထောင်ရန် အရင်းအနှီး နည်းပါးခြင်း၊ ရုံးခန်းဆိုင်ခန်း ငှားရမ်းရန် ငွေကြေးအခက်အခဲ အဓိကဖြစ်နေကြောင်း ၎င်းတို့က ပြောသည်။

လက်ရှိတွင် ပြည်တွင်းခရီးသွား လည်ပတ်ခြင်း၊ ဘုရားဖူးသွားသူဦးရေ တနှစ်လျှင် ၇ သန်းခန့် ရှိနေသောကြောင့် ပြည်တွင်းအသေးစား လုပ်ငန်းများကို အဆင့်မြှင့်တင်ပေးရန် အစိုးရက ပံ့ပိုးကူညီသင့်ကြောင်း တပိုင်တနိုင်ပြည်တွင်း ခရီးသွားလုပ်ငန်း လုပ်ကိုင်သူများက ပြောသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading