ဆောက်လုပ်ရေးလုပ်ငန်းများသည် အခက်အခဲများရှိနေကာ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတား ဖြစ်စေသဖြင့် ဘဏ္ဍာရေးနှစ်ကို လက်ရှိသတ်မှတ်ချက် အစား အောက်တိုဘာ ၁ ရက်မှ စက်တင်ဘာ ၃၀ သို့ ပြောင်းလဲ သတ်မှတ်သင့်ကြောင်း သမ္မတ ဦးထင်ကျော်က နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် ဘဏ္ဍာရေးကော်မရှင် ၏ အစည်းအဝေးတွင် ပြောကြားလိုက်သည်။
သမ္မတ ဦးထင်ကျော်က “ ပြက္ခဒိန်နဲ့ ယှဉ်ရင် အောက်တိုဘာ- စက်တင်ဘာ ဘဏ္ဍာနှစ်က ပိုပြီးသင့်လျော်တယ်။ ဘာကြောင့်လဲဆိုတော့ ပွင့်လင်းရာသီကလည်း ရှည်တယ်။ တည်ဆောက်ရေး လုပ်ငန်းတွေ ဆောင်ရွက်ဖို့ အဆင်ပြေတယ်။ ဒါပေမယ့် စတင်ဆောင်ရွက်မယ့် နှစ်မှာတော့ ကာလအပိုင်းအခြား မတူညီတာကြောင့် စာရင်းပြုစုရာမှာ အနည်းငယ်အခက်အခဲ ရှိနိုင်တယ်။ Macro ညွှန်းကိန်း တွက်ချက်တဲ့ အခါမှာလည်း ပြောင်းလဲနိုင်တယ်။ ဒီအပေါ်မှာ ခန့်မှန်းတွက်ချက်ရတဲ့ အသုံးစရိတ် အညွှန်းကိန်းလည်း ပြောင်းလဲနိုင်တာနဲ့ ခန့်မှန်းတွက်ချက်မှုများလည်း ပြောင်းလဲနိုင်ပါတယ်။ ဖြေရှင်းဖို့ အကောင်းဆုံးနည်းလမ်းကို ရှာဖွေရမယ်’’ဟု ပြောကြားခဲ့သည်။
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုုလ် ဒေါ်အောင်ဆန်းစုကြည်က ဘဏ္ဍာရေးနှစ် ပြောင်းလဲခြင်းကို အများက သဘောတူသည့်အတွက် ဆွေးနွေးစရာ မရှိသော်လည်း ပြည်ထောင်စု လွှတ်တော်နှင့်တိုင်ပင်ရန် လိုအပ်ပြီး ဘဏ္ဍာရေးနှစ်ပြောင်းလဲပါက အမြန်ပြောင်းလဲစေလိုကြောင်း ယင်းအစည်းအဝေးတွင် ပြောကြားခဲ့ကြောင်း သိရသည်။
စီးပွားရေးလုပ်ငန်းရှင်များကမူ အစိုးရက ဘဏ္ဍာရေးနှစ် ပြောင်းလဲသတ်မှတ်ခြင်းထက် စီးပွားရေးနှင့် သက်ဆိုင်သည့် စီမံကိန်းများ ချမှတ်လုပ်ဆောင်သင့်ကြောင်း၊ လက်ရှိ မြန်မာ့စီးပွားရေးသည် တုံ့နှေးနေရာ စိုက်ပျိုးရေး၊ ခရီးသွား၊ ဆောက်လုပ်ရေး အစရှိသည့် မည်သည့် အခန်းကဏ္ဍမဆို တုံ့နှေးနေသောကြောင့် နိုးထစေရန် လုပ်ဆောင်သင့်ကြောင်း သုံးသပ်မှုများ ရှိနေသည်။
ပို့ကုန်၊ သွင်းကုန် စီးပွားရေး လုပ်ငန်းရှင် ဒေါက်တာစိုးထွန်းက “ဆောက်လုပ်ရေး လိုအပ်ချက်အရ ဘဏ္ဍာရေးနှစ် သတ်မှတ်ချက် ပြောင်းမယ် ဆိုတာတော့ ပြဿနာမရှိပါဘူး။ သမ္မတပြောတဲ့ အပေါ်မှာ ကန့်ကွက်စရာတော့ မရှိပါဘူး။ စာရင်းရှင်းလင်းတဲ့ ကိစ္စကို လွယ်ကူအောင် စဉ်းစားတဲ့ အပိုင်းဖြစ်ပါတယ်။ ဒါနဲ့တော့ ကျန်တဲ့ ကိစ္စရပ်တွေ အများကြီး ပြောင်းလဲသွားဖို့တော့ သိပ်မမြင်ဘူး။ ကျနော်တို့ လက်ရှိအမြင်အရ ပြောရရင် စီးပွားရေးက တုံ့နှေးနေတယ်။ ဒါနဲ့ပတ်သက်ပြီး စီးပွားရေး လည်ပတ်မှု ပြန်ပြီးကောင်းလာအောင် အစိုးရအနေနဲ့ စီမံကိန်းချမှတ် လုပ်ဆောင်ဖို့လိုတယ်’’ဟု ဧရာဝတီသို့ ပြောသည်။
ဘဏ္ဍာနှစ်ပြောင်းခြင်း၊ မပြောင်းခြင်းထက် လုပ်ငန်းများကို ကောင်းမွန်အောင် လုပ်ဆောင်ပေးနိုင်ရန် မျှော်လင့်ကြောင်း၊ စီမံကိန်းများ လုပ်ဆောင်ရာတွင်လည်း အစိုးရအနေဖြင့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခြင်းမှာ ကြန့်ကြာခြင်းများ ရှိနေသည်ကို အမြန်ဆုံး လုပ်ဆောင်သင့်ကြောင်း စီးပွားရေး လုပ်ငန်းရှင်များက ပြောဆိုသည်။
မြန်မာနိုင်ငံ စက်သုံးဆီ လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးဝင်းမြင့်က “ဘဏ္ဍာနှစ် သတ်မှတ်ချက်ပြောင်းတာက ကျနော်တို့ စီးပွားရေးလုပ်ငန်းတွေနဲ့တော့ သိပ်မပတ်သက်ဘူးပေါ့။ ဒါပေမယ့် ဘတ်ဂျက်ချပေးတာတွေနဲ့ လုပ်ငန်းလုပ်မယ့် အချိန်နဲ့က နဲနဲလေး လွဲနေတယ်။ အလုပ်လုပ်မယ့် အချိန်ကျရင် ဘတ်ဂျက်က ပိတ်ရော။
ဘတ်ဂျက်ချရင် အလုပ်က လုပ်မရဘူး။ အဲဒီလိုဖြစ်နေတာ။ ကျနော် စီးပွားရေးသမားအနေနဲ့တော့ မဟုတ်ဘူး။ လွတ်တော်မှာတုန်းကတော့ ဆွေးနွေးဖူးပါတယ်။ ဒါပေမယ့် အသေးစိတ်တော့ မသွားခဲ့ဘူး။ ပြောင်းလိုက်ရင် ပိုကောင်းမယ်လို့တော့ ယူဆပါတယ်။ ဒါတွေက အရင်ကတည်းက လုပ်နေတာ ဖြစ်တယ်’’ဟု ပြောသည်။
နိုင်ငံတော်တွင် ဘဏ္ဍာရေးနှစ် ၃ မျိုးကျင့်သုံးနေပြီး ပြက္ခဒိန်နှစ်အတိုင်း သတ်မှတ်ထားသည့် ဇန်နဝါရီ ၁ ရက်မှ ဖေဖော်ဝါရီ ၁ ရက်အထိ ဘဏ္ဍာရေးနှစ်၊ ဧပြီလ ၁ ရက်နေ့မှ မတ်လ ၃၁ ရက်နေ့အထိ သတ်မှတ်ထားသည့် ဘဏ္ဍာရေးနှစ်၊ အောက်တိုဘာလ ၁ ရက်မှ စက်တင်ဘာလ ၃၀ ရက်နေ့အထိ သတ်မှတ်ထားသည့် ဘဏ္ဍာရေးနှစ်တို့ ဖြစ်ကြသည်။
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း ဒုဥက္ကဌ ဒေါက်တာမောင်မောင်လေးက “ဒီလို ဘဏ္ဍာနှစ်ပြောင်းရင် အလုပ်တော့ နဲနဲရူပ်သွားမယ်။ နိုင်ငံတနိုင်ငံချင်းစီကတော့ ဒါနဲ့ ပတ်သက်ပြီး သူတို့အဆင်ပြေသလို လုပ်သွားတာ များပါတယ်။ တချို့က အောက်တိုဘာ၊ စက်တင်ဘာမှာ ဘဏ္ဍာနှစ်ကုန်တယ်။ တချို့က နှစ်ကုန်မှာမှ ဘဏ္ဍာနှစ် ကုန်တယ်။ တနိုင်ငံနဲ့ တနိုင်ငံ မတူဘူးပေါ့နော်။ အရင်က လုပ်ထားတာက ဒီလိုပုံစံနဲ့ လုပ်ထားပြီးတော့ ပြန်ပြင်မယ်ဆိုရင် ပြင်လို့တော့ ရပါတယ်။ နည်းနည်း အလုပ်ရူပ်တာပဲရှိတယ်။ ဘာမှတော့ သိပ်ထူးလာနိုင်စရာတော့ အကြောင်း မဟုတ်ပါဘူး’’ဟု ပြောသည်။