လက်ရှိဘဏ္ဍာနှစ်အတွင်း ပြည်ပမှဆန်ဝယ်လိုအားကောင်းလာပြီး အာဖရိကသို့ ဆန်တန်ချိန် ၃ သိန်းနီးပါး တင်ပို့နေရာမှ ဆန်တန်ချိန် ၅ သိန်းမှ ၁ သန်းအထိ တိုးမြှင့်တင်ပို့သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်မှ သိရသည်။
မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် အထွေထွေအတွင်းရေးမှူး ဦးရဲမင်းအောင်က “အာဖရိကမှာရှိတဲ့ ဂါနာ၊ ကင်ညာလို နိုင်ငံမျိုးတွေက မြန်မာ့ဆန်ကိုတော်တော်လေး စားသုံးကြတယ်။ အကြမ်းဖျင်း ပြောမယ်ဆိုရင် အာဖရိကကို ဆန်တန်ချိန် ၁ နှစ်ကို ၂ သိန်း ၃ သိန်း လောက်သွားနေတယ်။ အခုချိန်မှာ အာဖရိကို တကယ်တင်ပို့မယ်ဆို တန် ၅ သိန်းနဲ့ ၁ သန်းထိ တင်ပို့လို့ရတယ်။ ပြီးခဲ့တဲ့ ၂ နှစ်၊ ၃ နှစ် လောက်အထိ အာဖရိကဈေးကွက် မှိန်သွားခဲ့တယ်။ အခု ၂၀၁၆ -၂၀၁၇ မှာပြန်ပြီး ကောင်းလာတာဖြစ်တဲ့အတွက် တိုးချဲ့တင်ပို့ရောင်းချမယ်” ဟု ပြောသည်။
မြန်မာနိုင်ငံမှ ဆန် ၆၀ ရာခိုင်နှုန်းကို တရုတ်နိုင်ငံသို့ တင်ပို့နေပြီး၊ ၃၀ ရာခိုင်နှုန်းကို အာဖရိကနှင့် အရှေ့အလယ်ပိုင်း ဈေးကွက်သို့တင်ပို့၍ ကျန်ရှိသော ၁၀ ရာခိုင်နူန်းကို ဥရောပနိုင်ငံများသို့ တင်ပို့နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန စာရင်းမှတ်တမ်းများအရ သိရသည်။
လက်ရှိတင်ပို့နေသော ဆန်တန်ချိန်အရ ရန်ကုန်ဆိမ်ကမ်း၌ ဆန်အတင်အချ အခက်အခဲမရှိသေးသော်လည်း ဆန်တန်ချိန် သန်းချီတင်ပို့မည်ဆိုပါက ပင်လယ်ရေကြောင်း ထွက်ပေါက်ဖြစ်သည့် ရန်ကုန်ဆိပ်ကမ်းတွင် အခက်အခဲများ ရှိလာနိုင်ကြောင်း ဦးရဲမင်းအောင်က ဆိုသည်။
“ရန်ကုန်ဆိပ်ကမ်းက ဆန်တန်ချိန် ၁ သန်းဆိုရင်ပဲ တော်တော်ခက်ခက်ခဲခဲ တင်ပို့ရတဲ့အနေအထား တွေ့နေရတယ်။ အရင်က ဆန်တင်ပို့ခဲ့တဲ့ ပုသိမ်ဆိပ်ကမ်း၊ စစ်တွေဆိပ်ကမ်းတွေမှာလည်း ဆန်နဲ့ လယ်ယာပို့ကုန်တွေကို တန် ၄ သန်းလောက်အထိ တင်ပို့နိုင်မှာဖြစ်တယ်။ ရန်ကုန်တဘက်ကမ်းကိုလည်း ရေနက်ဆိပ်ကမ်းလိုမျိုး လုပ်နိုင်တယ်’’ ဟု ၎င်းက ပြောသည်။
ထို့အပြင် ဆိပ်ကမ်း၌ ကွန်တိန်နာယာဉ်များ သယ်ယူပို့ဆောင်ရာတွင် အချိန်ကန့်သတ်ချက်များ ရှိနေခြင်းကလည်း အခက်အခဲဖြစ်နေကြောင်း ၎င်းက ဆက်ပြောသည်။
အာဖရိကဈေးကွက်သို့ မြန်မာ့ဧည့်မထ ၂၅ မတ်တန်ဆန်ကိုသာ အဓိက တင်ပို့ရောင်းချပြီး၊ ၁ နှစ်လျှင် ဆန်တန်ချိန် ၂ သိန်းမှ ၃ သိန်းခန့် တင်ပို့နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စာရင်းမှတ်တမ်းများတွင် ဖော်ပြထားသည်။