မန္တလေးတိုင်းအစိုးရလက်ထက် ပထမဆုံးခွင့်ပြုခဲ့ပြီး အရစ်ကျ နှစ်ရှည်စနစ်ဖြင့်ပါ ရောင်းချမည့် ဥယျာဉ်မြို့တော် အိမ်ရာစီမံကိန်းကို ဇူလိုင်လလယ်တွင် စတင် အကောင်အထည်ဖော်မည်ဖြစ်ကြောင်း ၎င်းအိမ်ရာစီမံကိန်း ဆောင်ရွက်မည့် မန္တလေး ဥယျာဉ်မြို့တော် ဆောက်လုပ်ရေးကုမ္ပဏီမှ သိရသည်။
ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ၎င်းကုမ္ပဏီ၏ ဒါရိုက်တာ ဦးဇင်မင်းဆွေက “ဒီစီမံကိန်းနဲ့ ပတ်သက်ပြီး စည်ပင်ရဲ့လုပ်ထုံးလုပ်နည်းအတိုင်း အဆောက်အအုံ ဆောက်လုပ်မိန့် ရထားပြီးဖြစ်သလို တိုင်းအစိုးရအဖွဲ့ဆီက တည်ဆောက်ခွင့်လည်း ရပြီး ဖြစ်ပါတယ်။” ဟု ပြောသည်။
မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် တံခွန်တိုင်အဝိုင်းမြောက်ဘက်ရှိ မြေဧရိယာ ၅ ဧကပေါ်တွင် တည်ဆောက်မည့် “ဥယျာဉ်မြို့တော်အိမ်ရာ-Garden City Apartment Complex” စီမံကိန်းကို ယခုလ ပထမပတ်က တိုင်းအစိုးရအဖွဲ့က ခွင့်ပြုခဲ့ခြင်းဖြစ်သည်။ စီမံကိန်း၏ တည်ဆောက်ရေးကာလကို ၂၀၁၇ ခုနှစ် ဇူလိုင်လ ၁၆ရက်မှ ၂၀၁၉ ခုနှစ် ဇူလိုင်လအထိ ၂ နှစ် သတ်မှတ်ထားကြောင်း သိရသည်။
ယင်းစီမံကိန်းတွင် လူနေတိုက်ခန်းအမျိုးအစား ၃ မျိုးပါဝင်သည့် ၉ ထပ် အထပ်မြင့် အဆောက်အအုံ ၁၅ လုံးကို တည်ဆောက်မည် ဖြစ်ပြီး ငွေကျပ် ၃၉ ဘီလီယံရင်းနှီးမြှုပ်နှံမည်ဖြစ်ရာ တိုက်ခန်းများကို လက်ငင်းငွေချေ စနစ်၊ ၂ နှစ် ပုံမှန်အရစ်ကျစနစ်၊ ဘဏ်နှင့် ချိတ်ဆက်ဝယ်ယူရမည့် ၁၀ နှစ် နှစ်ရှည်အရစ်ကျစနစ်တို့ဖြင့် ရောင်းချ သွားမည် ဖြစ်ကြောင်း ကုမ္ပဏီ၏ အရောင်း မန်နေဂျာ မသက်သက်အောင်က ပြောသည်။
စီမံကိန်းတွင် အခန်းစုစုပေါင်း ၆၉၀ ပါဝင်မည်ဖြစ်ပြီး လက်ငင်းငွေချေစနစ်ဖြင့် ဝယ်ယူမည်ဆိုပါက အိပ်ခန်း ၂ ခန်းပါ စတုရန်းပေ ၆၀၅ ရှိ အခန်းတခန်းလျှင် သိန်း ၄၅၀ ကျပ်၊ အိပ်ခန်း ၃ ခန်းပါ စတုရန်းပေ ၉၂၅ ရှိ အခန်းလျှင် သိန်း ၇၀၀ ကျပ်၊ အိပ်ခန်း ၃ ခန်းပါ စတုရန်းပေ ၁၂၁၀ ရှိ Pent House တခန်းလျှင် သိန်း ၈၂၀ ဖြစ်ကြောင်း သိရသည်။
အထပ်မြင့်တိုက်ခန်းများဖြစ်သောကြောင့် ဓာတ်လှေကားစနစ်ပါရှိပြီး ရေ၊ လျှပ်စစ်၊ သန့်ရှင်းရေး၊ လုံခြုံရေး စသည့် ဝန်ဆောင်မှုများအတွက် ထိန်းသိမ်းစောင့်ရှောက်ခ အဖြစ် တိုက်ခန်း၏ တပေပတ်လည်ကို ၆၀ ကျပ်နှုန်းဖြင့် လစဉ် ကောက်ခံ မည်ဖြစ်ရာ အခန်းအကျယ်အလိုက် တလလျှင် ၃ သောင်းမှ ၈ သောင်းကျပ်အထိ ပေးဆောင်ရမည် ဖြစ် ကြောင်း ဝန်ဆောင်မှုအတွက် တာဝန်ယူမည့် Mandalay Management ကော်ပိုရေးရှင်းမှ အထွေထွေမန်နေဂျာ ကိုစိုးနိုင်က ရှင်းပြသည်။
ရွှေမန္တလေး အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ ဦးနေလင်းအောင်က “တိုက်ခန်းရဲ့တည်နေရာအနေအထားနဲ့ လက်ရှိမန္တလေးလူနေမှုပုံစံအရ ဈေးများတယ်။ ဒါပေမဲ့ နှစ်ရှည် အရစ်ကျနဲ့ ဝယ်မယ်ဆိုရင်တော့ မဆိုးပါဘူး။ တိုက်ခန်းတွေက သန့်ရှင်းရေးတို့၊ လုံခြုံရေး ဝန်ဆောင်မှုပါတယ်ဆိုပေမဲ့ အဲဒီအကျယ် အဝန်းအရဆိုရင် မြို့ထဲက တချို့ တိုက်ခန်းတွေတောင် အဲဒီဈေး မရှိသေးဘူးလေ” ဟု သုံးသပ်ပြောဆိုသည်။
၎င်းအိမ်ရာစီမံကိန်းသည် ၂၀၁၄ ခုနှစ်က စတင်ခဲ့သော မန္တလေးစက်မှုထုတ်ကုန်ကုန်သွယ်ရေးစင်တာစီမံကိန်း (MITC) ၏ အစိတ်အပိုင်း တခုဖြစ်သည်။ အဆိုပါ စီမံကိန်းသည် ယခင်တိုင်းအစိုးရအဖွဲ့လက်ထက်က ခွင့်ပြုခဲ့သည့်စီမံကိန်း တခု ဖြစ်သော်လည်း လက်ရှိ တိုင်းအစိုးရ၏ မူအရ စီမံကိန်းများအတွက် မြေယာ အသုံးပြုခွင့် ကျထားသည့်မြေများတွင် ၆ လ အတွင်း လုပ်ငန်း အကောင်အထည် ဖော်ခြင်းမရှိပါက မြေအသုံးပြုခွင့်ကို ပြန်လည် သိမ်းဆည်းမည်ဟု ပြောဆိုထားသဖြင့် စီမံကိန်းကို စတင်ဆောင်ရွက်ခြင်းဖြစ်သည်ဟု မန္တလေးတိုင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူက ပြောဆိုထားသည်။