မြန်မာနိုင်ငံတွင် အနည်းဆုံးလုပ်ခလစာ ဥပဒေကို ၂၀၁၅ ခုနှစ် စက်တင်ဘာလ၌ ပထမဆုံး ကျင့်သုံးခဲ့သည့်အချိန်တွင် အဆိုပါဥပဒေကို အလုပ်သမား အခွင့်အရေးအတွက် သမိုင်းဝင်အောင်မြင်မှုတခုနှင့် တိုင်းပြည်က ဒီမိုကရေစီ လမ်း ကြောင်း ပေါ်တွင် ခိုင်မာစွာရှိနေကြောင်း ပြသနေသည့် ရှင်းလင်းသော သင်္ကေတ တခု အဖြစ် ချီးကျူးမှုအများအပြားရှိခဲ့ သည်။
တနှစ်ခွဲခန့်ကြာခဲ့ပြီးနောက် ယခုအခါတွင် ငွေကြေးဖောင်းပွမှုနှင့် လူနေမှုစရိတ်များ မြင့်တက်လာသည့်သောကြောင့် မြန်မာ နိုင်ငံမှ လုပ်ခနည်း အလုပ်သမားများမှာ ဆန္ဒပြတောင်းဆိုပွဲများအတွင်းသို့ နောက်တကြိမ်ရောက်ရှိလာပြီး အနည်းဆုံးလုပ် ခ လစာဆိုသည်မှာလည်း ပြန်လည်သုံးသပ်ရန် ဖြစ်လာသည်။
မြန်မာနိုင်ငံ၏ မွေးကင်းစ ကုန်ထုတ်လုပ်ရေး ကဏ္ဍမှာ ဒေသတွင်းမှ ပိုမို၍ စက်မှုလုပ်ငန်းတိုးတက်သည့် ပြိုင်ဖက်များနှင့် နှိုင်းယှဉ်လျှင် ဖွံ့ဖြိုးစသာ ရှိသေးသည်။
စစ်အုပ်ချုပ်ရေးလက်အောက်တွင်ရှိစဉ်က အနောက်နိုင်ငံများ၏ စီးပွားရေး ပိတ်ဆို့မှုများကြောင့် မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်ရေး ကဏ္ဍမှာ ခြောက်သွေ့လုနီးပါးဖြစ်နေခဲ့ပြီး ၂၀၀၀ ခုနှစ်များအတွင်းက ကမ္ဘာ့ကုန်သွယ်ရေးတွင် မိတ် ဖက် အနည်းငယ်မျှသာရှိခဲ့သည်။ နိုင်ငံတကာ အရည်အသွေးနှင့် အလုပ်သမား စံချိန်စံညွှန်းများနှင့် အညီဖြစ်စေရေးအတွက် မက်လုံးကလည်း အနည်းငယ်သာ ရှိခဲ့သည်။
အိမ်နီးချင်းနိုင်ငံများတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပိုမိုရရှိစေရေး လုပ်ငန်းခွင် ဘေးကင်းလုံခြုံမှုဆိုင်ရာ စည်းကမ်းများနှင့် အခြေခံလစာများကို စတင်ကျင့်သုံးလာခဲ့သော်လည်း မြန်မာနိုင်ငံက ဒီမိုကရေစီကို ဆန့်ကျင်သည့် စစ်အုပ်ချုပ်ရေးအောက်တွင် အလုပ်သမား သမဂ္ဂများကို တင်းကျပ်စွာ တားမြစ်ထားခဲ့သည်။
ထိုအချိန်က အလုပ်သမားများ၏ အခြေခံလစာမှာ တနေ့လျှင် ၁၅ ကျပ်မှ ၂၀ ကျပ် (အမေရိကန်ငွေ ၁ ဆင့် သို့ မဟုတ် ၂ ဆင့် နှင့် ညီမျှသည်) အထိနည်းပါးသည့်အပြင် အခမဲ့ အစားအစာ၊ သယ်ယူပို့ဆောင်ရေး၊ ဆုကြေးနှင့် အချိန်ပိုလုပ်အားခ စသည့် အကျိုးခံစားခွင့် စနစ်ကလည်း အလွန်ရှုပ်ထွေးခဲ့သည်။
လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးနှင့် သုတေသန အဖွဲ့အစည်းတခု ဖြစ်သည့် Progressive Voice ၏ အစီရင်ခံစာ တစောင်တွင် အကျိုးခံစားခွင့် စနစ်နှင့် ပတ်သက်၍ အလုပ်သမားများသည် စားဝတ်နေရေးအတွက် လုံလောက်သည့် ဝင် ငွေရရှိရန် နာရီပေါင်းများစွာ အလုပ်လုပ်ရန်မှအပ ရွေးချယ်စရာ အနည်းငယ်သာ ရှိကြောင်းနှင့် ဥပဒေနှင့် အညီ လုပ်ခ လစာ တောင်းခံနိုင်ခြင်း မရှိကြောင်း ဖော်ပြထားသည်။
ယခင်သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ဆွဲဆောင်ရန် နှင့် စီးပွားရေးတိုးတက်မှုကို အား ကောင်းစေရန် လုပ်ခလစာနည်းပါးပြီး ကျွမ်းကျင်မှု မလိုအပ်သည့် ကုန်ထုတ်လုပ်ရေး ကဏ္ဍ(အဓိက အားဖြင့် အထည်ချုပ် လုပ်ငန်း) ကို အဓိက ကဏ္ဍ အဖြစ် ဦးတည် အလေးပေးလာသည့် ၂၀၁၁-၁၂ ခုနှစ်များတွင် အလုပ်သမားများ၏ ကံကြမ္မာ စတင်ပြောင်းလဲလာသည်။
နိုင်ငံခြား တင်ပို့မှုမှ ရသည့်ဝင်ငွေက ၃ ဆနီးပါး ဖြစ်လာသည့် ၂၀၁၀ မှ ၂၀၁၄ အတွင်းတွင် အထည်ချုပ်လုပ်ငန်းက အလျှင်အမြန် ကျယ်ပြန့်လာခဲ့သည်။ အများစုမှာ ဥရောပသမဂ္ဂနှင့် ကုန်သွယ်မှုများ ပြန်လည်တိုးတက်လာခြင်းကြောင့် ဖြစ်သည်။ ၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံမှ ပို့ကုန်ဝင်ငွေ၏ ၁၀ ရာခိုင်နှုှုန်းက အထည်ချုပ်လုပ်ငန်းမှ ဖြစ်သည်။
နိုင်ငံတကာ ကုန်အမှတ်တံဆိပ် များ၏ အလုပ်သမား အခွင့်အရေးဆိုင်ရာ စိုးရိမ်မှုများကြောင့် ၂၀၁၁-၁၂ တွင် အစိုးရက အလုပ်သမား သမဂ္ဂများကို တရားဝင် ခွင့်ပြုခဲ့ပြီး အနည်းဆုံးလုပ်ခလစာ ဥပဒေကို ၂၀၁၃ ခုနှစ်တွင် အတည်ပြုပေးခဲ့ သည်။
ထို ဥပဒေက အနည်းဆုံး အခြေခံလစာသတ်မှတ်ချက်နှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးမှုများ စတင်ပေါ်ပေါက်လာရန် လမ်းခင်းပေးခဲ့သည်။ သို့သော်လည်း ၂ နှစ်တာ ကာလအတွင်း တိုးတက်မှု အနည်းငယ်သာ ရရှိခဲ့ပြီးနောက် ပိုမိုကောင်း မွန်သော လုပ်ခ လစာနှင့် လုပ်ငန်းခွင် အခြေအနေ ရရှိရေး အတွက် အလုပ်သမားများက စတင် သပိတ်မှောက်လာခဲ့ သည်။
နောက်ဆုံးတွင် အလုပ်သမား သမဂ္ဂများက တောင်းဆိုသည့် တနေ့လျှင် ၄၀၀၀ ကျပ်နှင့် စက်ရုံပိုင်ရှင်များက ပေးသည့် တနေ့ ၂၅၀၀ ကျပ် တို့ကြားတွင် အကြိတ်အနယ် ညှိနှိုင်းပြီးနောက် နေ့စားလုပ်ခကို တရက်လျှင် ၃၆၀၀ ကျပ်ဖြင့် သဘော တူညီချက်ရရှိခဲ့ကြသည်။ သို့သော်လည်း ကောင်းမွန်စွာညှိနှိုင်းထားသည့် သဘောတူညီချက်တခု ရရှိရန် အတွက် အပြန်အလှန် တုန့်ပြန်မှုက စမ်းသပ်ချက် ဖြစ်ခဲ့သည်ဟု လေ့လာဆန်းစစ်သူများက ထိုအချိန်က အကြံပြုခဲ့ကြသည်။
“တကယ်လို့ အလုပ်သမားတွေက နည်းလွန်းတယ်လို့ ပြောမယ်။ အလုပ်ရှင်ကလည်း အဲဒါများလွန်းတယ်လို့ပြောမယ်။ ၂ ဘက်လုံးက မှန်ကန်တယ်ဆိုရင် အောင်မြင်တဲ့ ညှိနှိုင်းမှုတခု ရနိုင်ပါတယ်” ဟု ဥရောပ သမဂ္ဂ (EU) မှ အထည်ချုပ် လုပ်ငန်းဆိုင်ရာ အကြံပေး အဖွဲ့အစည်း တခု ဖြစ်သည့် SMART Myanmar မှ အဖွဲ့ခေါင်းဆောင် Jacob Clere က ပြော သည်။
ထို့ပြင် သဘောတူညီချက်ကို ကျယ်ကျယ်ပြန့်ပြန့် ထိန်းထားနိုင်ခဲ့သည်။ Progressive Voice က တွေ့ဆုံမေးမြန်းခဲ့သော စက်ရုံလုပ်သားမားက ဥပဒေ အတည်ပြုပြီး ၃ လကြာပြီးနောက် သူတို့ လစာသစ် ရရှိခဲ့ကြောင်း ပြောကြားခဲ့သည်ကို တွေ့ ရသည်။ အလုပ်သမားနှင့် လစာ စည်းမျဉ်းများကို ဆန့်ကျင်လေ့ ရှိသည့် ထိုင်းနိုင်ငံကဲ့သို့ အိမ်နီးချင်း နိုင်ငံများနှင့် ကြီးမား သော ကွဲပြားမှု ဖြစ်ပါသည်။
သို့သော်လည်း မြန်မာနိုင်ငံ၏ အနည်းဆုံး လုပ်ခလစာ သတ်မှတ်ချက်က အလုပ်သမားများအတွက် ဆေး မဖြစ်ခဲ့ပါ။ အခြေ ခံ လစာက အရှေ့တောင်အာရှတွင် ဒုတိယ အနည်းဆုံးအဖြစ် ဆက်လက်ရှိနေပြီး နောက်တွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံသာ ရှိသည်။
သူတို့ တွေ့ဆုံ မေးမြန်းခဲ့သည့် အလုပ်သမား ၆၁ ရာခိုင်နှုန်းက လုပ်ခလစာသစ်သည် အနုတ်သဘော သက်ရောက်မှုများ ဖြစ်စေခဲ့ကြောင်းနှင့် လုပ်ငန်းခွင် အခြေအနေ ပိုမိုဆိုးရွားလာပြီး အလုပ်ခွဲတမ်း သတ်မှတ်ချက် ပြည့်မီရေး ဖိအားများ တိုးလာသည်ဟု ခံစားရကြောင်း ပြောကြားခဲ့သည်ဟု Progressive Voice က ဖော်ပြခဲ့သည်။
စက်ရုံ ၁ ရုံသာ ပိတ်သိမ်းသွားခဲ့သော်လည်း အနည်းဆုံးလစာသစ် စတင်သက်ရောက်သည့် ၂၀၁၅ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့နောက်ပိုင်းတွင် ထောင်နှင့်ချီသော အလုပ်သမားများ အလုပ်ဆုံးရှုံးခဲ့ရသည်။ ဆုကြေးနှင့် မက်လုံးများပေးသည့် စနစ်လည်း ချက်ချင်းပင် ပျောက်ဆုံးသွားခဲ့သည်။
ဥပဒေဖြင့် လုပ်ခလစာ သတ်မှတ်လိုက်ခြင်းကြောင့် အလုပ်နောက်ကျခြင်းအတွက် အလုပ်ရှင်များ၏ လုပ်ခ ဖြတ်တောက်ခြင်းမှ ကာကွယ်ပေးခြင်းအားဖြင့် အလုပ်သမားများဘက်တွင် အားသာချက်အချို့ ရှိလာသော်လည်း စက်ရုံများ ဘက်ကပေးသည့် လစာကို အခြေခံ၍ အပိုဆုကြေး သို့မဟုတ် အလုပ်သမား အများအပြား မှီခိုအားထားနေရသည့် သယ်ယူပို့ဆောင်ရေး (ဖယ်ရီ) ကဲ့သို့သော အကျိုးခံစားခွင့်များ မရရှိတော့ပါ။
အနည်းဆုံး လုပ်ခလစာ သတ်မှတ်ချက်ကြောင့် အချို့ အလုပ်သမားများမှာ အသားတင်လစာ ဖြတ်တောက်ခံရခြင်းနှင့်ပင် ကြုံတွေ့ခဲ့ရသည်။ Progressive Voice ၏ သုတေသန အရာရှိ Alex Moodie က အချို့ အလုပ်ရှင်များသည် ဥပဒေပါ သတ်မှတ်ချက်များကို လက်တလုံးကြား လှည့်ပတ်၍ အလုပ်သမားများကို အလုပ်သင်လစာ တနေ့လျှင် ၁၈၀၀ ကျပ်နှုန်း ဖြင့် ခန့်ထားကြသည်ဟု ပြောသည်။ ထို့နောက်တွင်မှ အစမ်းခန့် လစာ တနေ့လျှင် ၂၇၀၀ နှုန်းပေးကာနောက်ပိုင်းတွင် အလုပ်မှဖြုတ်ပစ်လိုက်သည်။ ထို့နောက်တဖန် အလားတူ လူသစ်အဆင့် စာချုပ်များနှင့် သူတို့ကို ပြန်လည်ခေါ်ယူကြ သည်ဟု ဆိုသည်။
လစာအပြင် အချိန်ပိုကြေးများနှင့် ဝင်ငွေကောင်းသည့် ဝါရင့်ကျွမ်းကျင်သူ ဝန်ထမ်းများမှာလည်း အနည်းဆုံး လုပ်ခလစာ ဥပဒေမှ အခြေခံသတ်မှတ်ချက်ကို အားလုံးအတွက် တပြေးညီနှုန်းထားအဖြစ် အလုပ်ရှင်က သတ်မှတ်ပြီး သူတို့၏ လစာ ကို လျှော့ချခြင်းများနှင့် ကြုံတွေ့ကြရသည်။
ထုတ်လုပ်ရေး ခွဲတမ်း သတ်မှတ်ချက်များမှာလည်း အလားတူ ကျန်ရှိခြင်း သို့မဟုတ် တိုးလာခြင်းများ ရှိသည်ဟု Alex Moodie ကပြောသည်။ အမြတ်အစွန်း နည်းပါးမည်ကို စိုးရိမ်သည့် ဖိအားအောက်တွင် ရှိနေသော စက်ရုံပိုင်ရှင်များက ထုတ်လုပ်မှုကို ရနိုင်သမျှ ညှစ်ထုတ်ရန်နှင့် ထုတ်လုပ်ရေး ရည်မှန်းချက်များ ပြည့်မီရေးအတွက် အလုပ်သမားများကို အကျပ်ကိုင်ခြင်း၊ ခြိမ်းခြောက်ခြင်းများ ပြုလုပ်ရန် ဖြစ်လာသည်။
တချိန်တည်းမှာပင် ၂၀၁၅-၁၆ မှစ၍ ငွေကြေးဖောင်းပွမှုက ၁၀.၇ ရာခိုင်နှုန်း တိုးတက်လာခဲ့သည်။ ကျပ်ငွေတန်ဖိုးလည်း ကျဆင်းသွားသည့် အတွက် အနည်းဆုံးလုပ်ခလစာ ဥပဒေ စတင်ကျင့်သုံးစဉ်က တနေ့လျှင် ၂.၈၃ အမေရိကန်ဒေါ်လာနှင့် ညီမျှခဲ့ သော အလုပ်သမားများ၏ အနိမ့်ဆုံးလုပ်ခ က ၂.၆၄ ဒေါ်လာသို့ ကျဆင်းသွားခဲ့သည်။
၂၀၁၅ ဧပြီလအတွင်းတွင် တနိုင်ငံလုံး၌ ရေလွှမ်းမိုးမှုများ ဖြစ်ပွားခဲ့ပြီးနောက် ကုန်ပစ္စည်းဈေးနှုန်းများလည်း မြင့်တက်သွား ခဲ့သည်။ ဆန်၊ ဆီ နှင့် ကြက်သွန်ကဲ့သို့သော ကုန်စည်ဈေးနှုန်းများက ၂၀၁၅ ခုနှစ် ဇွန်လ နှင့် ၂၀၁၆ ခုနှစ် ဇူလိုင်လ အတွင်းတွင် ၁၀ ရာခိုင်နှုန်းတက်သွားခဲ့ကြောင်း မြန်မာနိုင်ငံ ဗဟိုုစာရင်းအင်းအဖွဲ့၏ အဆိုအရသိရသည်။
ထိုကဲ့သို့သော စီးပွားရေး အခြေအနေများကြောင့် အလုပ်သမားများသည် စားဝတ်နေရေး အဆင်ပြေစေရေး အတွက် အနည်းဆုံးလုပ်ခ လစာ ဥပဒေမပြဌာန်းမီ နှစ်များကဲ့သို့ပင် ခက်ခဲစွာ ရုန်းကန်ကြရသည်ဟု Progressive Voice ၏ အစီရင် ခံစာက မှတ်ချက်ချခဲ့သည်။
ပြီးခဲ့သည့်နှစ် နိုဝင်ဘာလတွင် အလုပ်သမားများက အနည်းဆုံးလုပ်ခလစာကို ၅၆ ရာခိုင်နှုန်းတိုး၍ တနေ့လျှင် ၅၆၀၀ ကျပ် အထိတိုးမြှင့် ပေးရန် စတင်တောင်းဆိုလာကြသည်။ လစာတိုးမြှင့်ပေးရေး အတွက် တောင်းဆိုရာတွင် အလုပ်သမား သမဂ္ဂများက ငွေကြေးဖောင်းပွမှု နှင့် ရန်ကုန်မြို့၏ အကြီးဆုံး စက်မှုဇုန်ဖြစ်သော လှိုင်သာယာတွင် နေထိုင်စရိတ်များ မြင့် တက်လာခြင်းကို အဓိက အကြောင်းအဖြစ်ဖော်ပြခဲ့ကြသည်။
ဖေဖော်ဝါရီလကုန်ပိုင်း သို့ရောက်သည့်အခါ အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေး ဆိုင်ရာ အမျိုးသားကော်မတီကို ဒုတိယအကြိမ် ဖွဲ့စည်းခဲ့သည်။ တောင်းဆိုသည့် လစာကို တိုးမြှင့်သတ်မှတ်ပေးရန်သာမက ပိုမို စနစ်ကျပြီး အဆင့်အလိုက် (ပြည်နယ်နှင့် တိုင်း ကော်မတီများပါ) ပါဝင်မည့် စနစ်ဖြင့် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
လေ့လာသုံးသပ်သူများကလည်း ငွေကြေးဖောင်းပွမှုနှင့် ယှဉ်၍ သတ်မှတ်ခြင်း သို့မဟုတ် ဗီယက်နမ်တွင် တွေ့ကြုံခဲ့သလို ဒေသအလိုက်၏ လူနေမှုကုန်ကျစရိတ်အလိုက် ပြောင်းလဲသည့် နှုန်းတခုကို စတင်မိတ်ဆက်ခြင်း စသည်တို့ကဲ့သို့ ဖြေရှင်း ရန် နည်းလမ်းများကို အဆိုပြုခဲ့ကြသည်။
အမျိုးသား ကော်မတီ အဖွဲ့ ဝင်တဦး ဖြစ်သည့် စီးပွားရေး ပညာရှင် ဦးခင်မောင်ညို(ဘောဂဗေဒ) က “အခု လစာနှုန်းသစ် က ပိုပြီးတော့ တိတိကျကျ နီးနီးစပ်စပ် ဖြစ်လာပါလိမ့်မယ်” ဟု ပြည်တွင်း မီဒီယာ တခုကို ဖေဖော်ဝါရီ လအတွင်းက ပြော ကြားခဲ့သည်။
“ပြီးခဲ့တဲ့ အနည်းဆုံးလစာက အဆင့်အားလုံးအတွက် တပြေးညီဖြစ်နေခဲ့တယ်။ ကျနော်တို့အနေနဲ့တော့ အလုပ်သမားလည်း သင့်တဲ့ မျှတတဲ့ လစာရစေချင်တယ်။ အလုပ်ရှင်ဘက်ကိုလည်း ဝန်ထုပ်ဝန်ပိုး မဖြစ်စေချင်ဘူး။ အားလုံးကို ဂရုစိုက်ဖို့ ကျနော်တို့ ကြိုးစားသွားပါမယ်” ဟု သူက ပြောသည်။
စီးပွားရေးပညာရှင်များ၊ ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ စက်မှုလုပ်ငန်း အဖွဲ့များနှင့် အလုပ်သမား သမဂ္ဂများမှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသော အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေး ဆိုင်ရာ အမျိုးသားကော်မတီက သူတို့၏ အကြံပြုချက်ကို စက်တင်ဘာလတွင် ပေးလိမ့်မည်ဟု မျှော်လင့်ရသည်။ သို့သော်လည်း ယခင် ကော်မတီ၏ အတွေ့အကြုံအရ ဆိုလျှင် ညှိနှိုင်းဆွေးနွေးမှုများက အချိန်ကြာမြင့်နိုင်ပါသည်။
လုပ်ခလစာများ မြင့်တက်လာမည့် အလားအလာက အထည်ချုပ် လုပ်ငန်းရှင်များအတွက် စိတ်ပျက်စရာ ဖြစ်ကြောင်း မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်း (MGMA) မှ အလုပ်သမား အရာရှိ ဦးခင်မောင်ဦး၏ အဆိုအရ သိရ သည်။
“တချို့ အလုပ်သမား သမဂ္ဂတွေက အဆိုပြုတဲ့ တနေ့ကို ၅၆၀၀ ကျပ်ဆိုတာက စက်ရုံတွေ တတ်နိုင်တာထက် ပိုပြီးမြင့် နေနိုင်ပါတယ်။ ဒါကြောင့် တချို့က စိုးရိမ်နေတာ ဖြစ်ပါတယ်” ဟု သူက ပြောသည်။
အနည်းဆုံး လုပ်ခကို မြှင့်တင်ပေးရန် ဆန္ဒရှိကြောင်း စက်ရုံ ပိုင်ရှင်များက ဖော်ပြခဲ့ကြပြီး ဖြစ်သည်။ တောင်းဆိုသည့် အတိုင်းမဟုတ်ဘဲ လက်ရှိနှုန်းထားထက် ၃၉ ရာခိုင်နှုန်းတိုး၍ တနေ့လျှင် ၅၀၀၀ ကျပ်နှုန်း ဖြစ်သည်။
လစာကိစ္စ လျှင်လျှင်မြန်မြန် ပြီးပြတ်ရန် သူတို့တွင် ကြီးမားသော မက်လုံးများ ရှိနေသည်။ အလုပ်ရပ်ပြီး ဆန္ဒပြမှုများက နောက်ထပ် ၂ နှစ်ခန့် ကြာသွားမည်ဆိုလျှင် နိုင်ငံတကာ ကုန်အမှတ်တံဆိပ်များက မြန်မာနိုင်ငံတွင် လုပ်ငန်းများ ဖွင့်လှစ် ခြင်း သို့မဟုတ် တိုးချဲ့ခြင်းများ ရပ်တန့်သွားမည် ဖြစ်သည်။
ဇွန်လ ၁၉ ရက်နေ့တွင် လှိုင်သာယာရှိ တရုတ်နိုင်ငံသားပိုင် စက်ရုံတရုံမှ အလုပ်သမား ၁၀၀၀ ကျော်က လစာတိုးမြှင့် ပေး ရန်၊ လုပ်ငန်းခွင် ပိုမိုသန့်ရှင်း ရေးနှင့် အချိန်ပိုလုပ်ခများကို အလုပ်ရှင်က အလေးထားရေးတို့ အတွက် တောင်းဆို ဆန္ဒပြ ခဲ့ ကြကြောင်း Myanmar Times သတင်းဌာန ၏ သတင်းတပုဒ်တွင် ဖော်ပြခဲ့သည်။
မြန်မာနိုင်ငံ၏ အလုပ်သမား ဥပဒေတွင် အချိန်ပိုကြေးကို ဒေသတွင်း စံနှုန်းအတိုင်း ၁ ဆခွဲ မဟုတ်ဘဲ ၂ ဆပေးရန် သတ် မှတ်ထားခြင်းကြောင့် လုပ်ငန်းရှင်များက အလုပ်သမားများကို အချိန်ပို လုပ်ခွင့်ပြုရန် တွန့်ဆုတ်စေခဲ့သည်။
လက်ရှိနှုန်းထားထက် ၁၅၀ ရာခိုင်နှုန်း သို့မဟုတ် ထိုထက်ပို၍ တိုးသွားခြင်းက မြန်မာနိုင်ငံတွင် စက်ရုံသစ်များ ဖွင့်လှစ်ရန် စဉ်းစားနေသော နိုင်ငံခြား ကုန်အမှတ်တံဆိပ်များနှင့် ရင်းနှီးမြှုပ်နှံသူများကို စိတ်ပျက်စရာ သတင်းပေးလိုက်သလို ဖြစ်သွားနိုင်သည်ဟု Jacob Clere က သတိပေးလိုက်သည်။
“ဒါက ကမ္ဘာနဲ့ ပြိုင်နေတာပါ။ ကံမကောင်းစွာနဲ့ပဲ လုပ်သားအင်အားကို အခြေပြုတဲ့ လုပ်ငန်းဆိုတာက တခါတလေ ပါးပါးပဲ ကျန်လေ့ ရှိတဲ့ အမြတ်အစွန်းကို တိုးချဲ့ နိုင်ဖို့အတွက် လုပ်ခလစာ နည်းပါးတဲ့ နိုင်ငံတွေကို ပဲ အမြဲတမ်း လိုက်ရှာ နေတာပါ” ဟု သူကပြောသည်။
နယ်သာလန် နိုင်ငံမှ သုတေသန အဖွဲ့အစည်းတခု ဖြစ်သည့် Stichting Onderzoek Multinationale Ondernemingen (SOMO)၏ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလထုတ် အစီရင်ခံစာ တစောင်တွင် အထည်ချုပ်လုပ်ငန်း၏ လုပ်ခ လစာ နှုန်းထား များ အောက်ခြေအထိ ရောက်အောင် အပြိုင်အဆိုင် လျှော့ချနေခြင်းကို ရပ်တန့်ရန် အရှေ့တောင်အာရှ၏ လစာ ကြမ်းခင်းဈေး တခု သတ်မှတ်ရန် တောင်းဆိုခဲ့သည်။
မြန်မာနိုင်ငံတွင် အနည်းဆုံး အခြေခံလစာများ မြင့်တက်လာခြင်းက ဒေသတွင်းတွင် ဖြစ်ပေါ်နေသည့် စီးပွားရေး ပုံစံများ အတိုင်း ဖြစ်ပါလိမ့်မည်။ ကမ္ဘောဒီးယားနိုင်ငံတွင် အနည်းဆုံးလစာအတွက် ပြန်လည်ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ရန် ရှိနေသည်။ မူလနှုန်းထားမှာ ၂၀၁၄ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့က သတ်မှတ်ခဲ့သည့် တလလျှင် ၁၃၅ အမေရိကန် ဒေါ်လာ နှုန်းဖြစ်သည်။ အိန္ဒိယ နိုင်ငံတွင်လည်း တနိုင်ငံလုံး အတိုင်းအတာဖြင့် အနည်းဆုံး လုပ်ခလစာ နှုန်းထား စတင် သတ်မှတ်ရန် တိုက်တွန်းမှုများ ရှိနေသည်။
မြန်မာနိုင်ငံက Gap Inc၊ H&M နှင့် Adidas တို့ကဲ့သို့သော ကမ္ဘာ့အဆင့် ကုန်အမှတ်တံဆိပ်များကို ဆွဲဆောင်နိုင်ခဲ့ပြီး ဖြစ် သော်လည်း ပြိုင်ဆိုင်မှုပြင်းထန်သည့် ကမ္ဘာ့ဈေးကွက်တွင် အဆိုပါ ဖောက်သည်များကို ထိန်းသိမ်းထားနိုင်စွမ်းက ပိုမို၍ ခေတ်မီသော ထုတ်လုပ်ရေး နည်းပညာကို ထောက်ပံ့ပေးမည့် ကျွမ်းကျင်အလုပ်သမား ရှားပါးမှုက ခြိမ်းခြောက်နေသည်။
မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်း ဥက္ကဌ ဦးမြင့်စိုးက သတ်မှတ် စံချိန်စံညွှန်းထက် နည်းသည့် ထုတ်လုပ်မှု က ကုန်အမှတ်တံဆိပ်များနှင့် ကုန်ထုတ်လုပ်ငန်းရှင်များအတွက် မြန်မာနိုင်ငံတွင် လုပ်ခလစာများ တိုးမြင့်လာနေသည် ထက်ပင် ပို၍ စိုးရိမ်စရာ ဖြစ်သည်ဟု ပြောသည်။
“စက်ရုံပိုင်ရှင်တွေက လုပ်ခတိုးလာတာကို မကြောက်ဘူး။ ဘာကြောင့်လဲဆိုတော့ နိုင်ငံတကာ ကုန်အမှတ်တံဆိပ်တွေ အတွက် အနည်းဆုံး လုပ်ခလစာက ကုန်ထုတ်စွမ်းအားပေါ် မူတည်တယ်။ တကယ်လို့ ထုတ်လုပ်မှုကောင်းတယ် ဆိုရင် သူတို့လည်း ပျော်လိမ့်မယ်။ အလုပ်သမားတွေ အားလုံးလည်း အနည်းဆုံး လစာထက်ပိုပြီး ရနိုင်ကြလိမ့်မယ်” ဟု သူက Asia Times သို့ ပြောသည်။
အခြားသော ပြဿနာများကို ဖြေရှင်းခြင်းမပြုဘဲ လစာတိုးမြှင့်ပေးလိုက်ရုံ သက်သက်က ထုတ်လုပ်ရေးခွဲတမ်းများ သို့ မဟုတ် နေထိုင်ရေးစရိတ်များ ဆက်လက်မြင့်တက်လာနေခြင်းကို ကာကွယ်ပေးနိုင်မည် မဟုတ်ဟု လေ့လာဆန်းစစ် သူ များနှင့် အလုပ်သမားအရေး ဆောင်ရွက်သူများက သတိပေးခဲ့သည်။ ပို၍ဆိုးသည်မှာ မပြည့်စုံသည့် လုပ်ခလစာ သဘော တူညီချက်တခုက အလုပ်သမားအဖွဲ့အစည်းများနှင့် ကုန်ထုတ်လုပ်ငန်းရှင်များ၏ ကြားမှ ပဋိပက္ခကို နောက်ထပ် မီးထိုးပေး လိမ့်မည် ဖြစ်သည်။
ကမ္ဘောဒီးယား နှင့် ဘင်္ဂလားဒေ့ရှ်တို့တွင် အစိုးရနှင့် လုပ်ခလစာနည်း အထည်ချုပ်အလုပ်သမားတို့ကြားမှ ကာလရှည်ကြာ တင်းမာမှုများက ကြမ်းတမ်းရက်စက်သော ပဋိပက္ခများ ဖြစ်ပွားစေခဲ့သည်။
မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်း ရှင်များ အသင်း၏ ရည်မှန်းချက်ဖြစ်သော ပြီးခဲ့သည့် နှစ်က ရရှိခဲ့သည့် အမေရိကန် ဒေါ် လာ ၁.၆၄ ဘီလီယံထက် ၅ ဆ ၆ ဆ တိုး၍ ၂၀၂၄ ခုနှစ်တွင် အထည်ချုပ် ပို့ကုန်မှ အမေရိကန်ဒေါ်လာ ၈ ဘီလီယံမှ ၁၀ ဘီလီယံ အထိ ရရှိရေး အတွက် အထည်ချုပ်လုပ်ငန်း ကဏ္ဍအနေဖြင့် လုပ်ငန်းများ အလျှင်မြန်ဆုံး ကျယ်ပြန့်လာစေရေး ဆွဲဆောင်ရန် လိုအပ်သည်သာမက ပိုမို၍ အဆင်ပြေကောင်းမွန်သည့် စီးပွားရေး ရာသီဥတု တခုဖြစ်လာရေး အတွက် အစိုးရနှင့်လည်း ပူးပေါင်း ဆောင်ရွက်ရမည် ဖြစ်သည်။
မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်ငန်းဆိုင်ရာ အလားအလာများက ရင်းနှီးမြှုပ်နှံသူများ၏ စိတ်ဝင်စားမှုကို လှုံ့ဆော်ပေးနိုင် ကောင်းပေးနိုင်ပါလိမ့်မည်။ သို့သော်လည်း အခြေခံ အဆောက်အဦး အားနည်းခြင်း၊ သယ်ယူပို့ဆောင်ရေး စရိတ်ကြီးခြင်း၊ လုံလောက်သော လျှပ်စစ်ဓာတ်အား မပေးနိုင်ခြင်း၊ အကျင့်ပျက်ခြစားမှုများ ရှိနေခြင်း နှင့် ဥပဒေပိုင်းဆိုင်ရာတွင် အားကို အားထားပြုနိုင်မှုနည်းပါးသည့် အခြေအနေတို့က စီးပွားရေး လုပ်ချင်စရာပတ်ဝန်းကျင် တခုဖြစ်လာရေးကို နှောက်ယှက် ဖျက်ဆီးနေသည်။
ကမ္ဘာ့ဘဏ်၏ စီးပွားရေးလုပ်ကိုင်ရာတွင် လွယ်ကူ အဆင်ပြေမှုဆိုင်ရာ ၂၀၁၇ ခုနှစ် စစ်တမ်းတွင် မြန်မာနိုင်ငံက နိုင်ငံပေါင်း ၁၉၀ အနက် အဆင့် ၁၇၀ ၌ ရှိနေသည်။ ဒေသတွင်းတွင် အရှေ့တီမော တနိုင်ငံတည်းသာ မြန်မာနိုင်ငံထက် အဆင့်နိမ့်သည်။ အကယ်၍ လုပ်ငန်းကုန်ကျစရိတ် ပြဿနာကို ကုန်ထုတ်စွမ်းအား တိုးမြှင့်ခြင်း သို့မဟုတ် အခြားသော မက်လုံးများနှင့် ပြန်၍ မထေနိုင်ခဲ့လျှင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများက သူတို့၏ စီးပွားရေး လုပ်ငန်းများကို မြန်မာနိုင်ငံ အတွင်းမှ ပြန်လည်ယူဆောင်သွားရန် ဝန်လေးနေကြမည် မဟုတ်ကြောင်း လေ့လာသုံးသပ်သူများက ပြောသည်။
ဧပြီလ ၂၅ ရက်နေ့က ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တွေ့ဆုံရာတွင် လှိုင်သာယာမှ စက်ရုံပိုင်ရှင်များက စီးပွားရေး လုပ်ကိုင်ရန် အဆင်ပြေလွယ်ကူရေးအတွက် ဆောင်ရွက်ရာတွင် အခြေခံအကျဆုံးသော တိုးတက်မှုများကိုပင် အချိန်ယူရနိုင်သည်ဟု ပြောကြားခဲ့ကြသည်။
ဒေသတွင်း တံတားဖြတ်သန်းခများ မြင့်မားနေသည်ကို သူတို့က စောဒက တက်ခဲ့ကြသည်။ ရန်ကုန်မှ စင်ကာပူသို့သွား သည်ကဲ့သို့ပင် ကုန်ကျနေသည်ဟု အချို့က ဆိုသည်။ မကြာခဏ လျှပ်စစ် မီးပြတ်တောက်သည့် အချိန်များတွင် အရန် မီးစက်များသုံးစွဲရသည့် အတွက် ကုန်ကျစရိတ်များ ကြီးမြင့်နေသည့် အတွက် ၅၀ မီဂါဝပ် ထုတ်လုပ်နိုင်မည့် ဓာတ်အား ပေးစက်ရုံသစ်တခု တည်ဆောက်ရေးအတွက် ငွေကြေးထောက်ပံ့မည် ဖြစ်ကြောင်း စက်ရုံပိုင်ရှင်များက ကမ်းလှမ်းခဲ့သည် ဟုလည်း သိရသည်။
“အနည်းဆုံး လုပ်ခ လစာကို တိုးလာမယ်ဆိုရင် ကောင်းပါတယ်။ အဲဒါ ဖြစ်သင့်ပါတယ်။ ဖြစ်လည်း ဖြစ်ရပါမယ်။ ဒါပေမယ့် အစိုးရအနေနဲ့ စီးပွားရေးလုပ်ကိုင်ရ အဆင်ပြေစေမယ့် မူဝါဒတွေကို သူတို့ ဘယ်လို ဖန်တီးပေးနိုင်မလဲ ဆိုတာကိုလဲ စဉ်း စားဖို့ လိုပါတယ်။ ပိုမိုကောင်းမွန်တဲ့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး၊ လမ်းတွေ ကောင်းမွန်လာရေး၊ အကျင့်ပျက်ချခြားမှု တိုက်ဖျက်ရေး အဲဒီလိုမျိုးတွေက တဆင့် ဖြစ်ပါတယ်” ဟု Jacob Clere ကပြောသည်။
“တကယ်လို့ ဝန်ထုပ်ဝန်ပိုး တွေပဲ တိုးလာမယ်၊ အကျိုးအမြတ်လဲ မရှိဘူး ဆိုရင် ရင်းနှီးမြှုပ်နှံသူတွေက မြန်မာနိုင်ငံမှာ စက် ရုံတွေ ဆက်ပြီး ထူထောင်တော့မှာ မဟုတ်ပါဘူး” ဟု သူကဆိုသည်။
( Asia Times ပါ Eli Meixler ၏ Minimum wage war in Myanmar ကို ဘာသာပြန်ဆိုသည်)