မြန်မာနိုင်ငံသို့ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုများ ပိုမိုဝင်ရောက်လာစေရန် မျှော်လင့်ချက်ဖြင့် ၁၉၁၄ ခုနှစ် မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေနှင့် ၁၉၅၀ ပြည့်နှစ် အထူးကုမ္ပဏီ အက်ဥပဒေ တို့ကို ပေါင်းစည်း၍ မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေအသစ်ကို ပြင်ဆင် ရေးဆွဲ လျက် ရှိကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောသည်။
ယနေ့ ကျင်းပသည့် အမျိုးသား လွှတ်တော် အစည်းအဝေးတွင် အပိုင်း ၈ ပိုင်း၊ အခန်း ၃၂ ခန်း၊ ပုဒ်မ ၄၇၈ ခု ပါဝင် သော မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေကြမ်းကို ပြည်ထောင်စု အစိုးရ အဖွဲ့ ကိုယ်စား လွှတ်တော်သို့တင်သွင်းစဉ် ဦးမောင်မောင်ဝင်းက အထက်အတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။
“ဒီ ဥပဒေကြမ်းကို ရှေ့နေချုပ်ရုံး၊ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေ၊ စီးပွားရေး မိတ်ဖက် အဖွဲ့အစည်းတွေဆီက သဘောထား မှတ်ချက်များနဲ့ ပြုစု ရေးဆွဲခဲ့ပြီး ၂၀၁၇ ဇန်နဝါရီလ ၅ ရက်နေ့က ကျင်းပတဲ့ ပြည်ထောင်စု အစိုးရအဖွဲ့ အစည်းအဝေးမှာ တင်ပြခဲ့ရာ သဘော တူ ခွင့်ပြုခဲ့ပါတယ်”ဟု ဒုဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောသည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့် နည်းဥပဒေများကို ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ တိုးတက် များပြားလာစေရန် ပြဋ္ဌာန်းပြီး ဖြစ်ရာ အဆိုပါ ရင်းနှီးမြှုပ်နှံမှု ဥပဒေများနှင့် တွဲဖက်ကျင့်သုံးရမည့် မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေကိုလည်း ခေတ်စနစ်နှင့်အညီ ပြင်ဆင် ရေးဆွဲရန် လိုအပ်သဖြင့် ယခုဥပဒေကြမ်းကို အတည်ပြုပေးရန် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနက လွှတ်တော်တွင် ပြောသည်။
အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီ အတွင်းရေးမှူး ဒေါက်တာ မြတ်ဉာဏစိုးက“လက်ရှိ ကုမ္ပဏီ ဥပဒေအရ ဆောင်ရွက်ရာမှာ ကန့်သတ်မှုတွေ အများကြီး ရှိနေတဲ့ အတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေက တော်တော်ကို လျော့နည်းနေတာ ဖြစ်ပါ တယ်။ အခု ဥပဒေမှာ ဘဏ္ဍာငွေ စာရင်းဇယား ထားရှိမှု၊ စာရင်းဇယား စစ်ဆေးမှုတွေက အစ အီလက်ထရောနစ်စနစ်နဲ့ ခေတ်မီတဲ့ အနေ အထားအထိ ရောက်လာမှာပါ”ဟု လွှတ်တော် ခေတ္တရပ်နားစဉ် သတင်းထောက်များကို ပြောသည်။
ယခု ကုမ္ပဏီ ဥပဒေ အသစ် ပြဌာန်းပြီးပါက မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု အတွက် ကြီးစွာသော အထောက်အပ့ံ့တစ်ခု ဖြစ်လာမည် ဖြစ်ပြီး ယခု ဥပဒေကြမ်းသည် ရင်းနှီးမြှုပ်နှံမှု ဥပဒေကဲ့သို့ မြန်မာနိုင်ငံ၏ အနာဂတ်အတွက် အလွန်အရေးကြီးသည့် ဥပဒေတခု ဖြစ်ကြောင်း အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီမှ သိရသည်။
ဒေါက်တာ မြတ်ဉာဏစိုး “ခေတ်စနစ်နဲ့ညီအောင် အသစ်ပြန်ဆွဲတာပါ၊ လွှတ်တော်ကို ရောက်နေတာ ၇ လလောက် ရှိပြီ။ အရင် ဥပဒေအဟောင်းနဲ့ကတော့ အများကြီး ကွာသွားတာပေါ့။ ကုမ္ပဏီထောင်မယ့် လူတွေအတွက် အများကြီး လွယ်သွားမှာပါ”ဟု ပြောသည်။
ယခင်က ကုမ္ပဏီတခု တည်ထောင်မည်ဆိုပါက အသင်းဖွဲ့မှတ်တမ်း၊ အသင်းဖွဲ့စည်းမျဉ်းဟူ၍ ၂ မျိုး လုပ်ရကြောင်း၊ တဦးတယောက်တည်းက One Share Holder လုပ်ခွင့်မရဘဲ လူအများကို ရာထူးများပြ၍ တည်ထောင်ရသည့် စနစ်မျိုးကိုလည်း ဖယ်ရှားပေးမည် ဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့မှ စီးပွားရေးလုပ်ငန်းရှင်တဦး ဖြစ်သူ ဦးသိန်းနိုင်ကမူ “ကျနော်တို့တော့ ကုမ္ပဏီ မှတ်ပုံတင်တာလောက်ကို Agent တွေ လက်ထဲကိုပဲ အပ်လိုက်တယ်။ ရုံးကိစ္စတွေ သွားပြီး အချိန်ကုန်ခံမနေတော့ဘူး။ ရုံးတွေရဲ့ ဝန်ဆောင်မှု တွေကို သဘောမကျတော့ ကိုယ်တိုင်လည်း မသွားချင်ဘူး။ ဒါပေမယ့် အခုနောက်ပိုင်းတော့ မှတ်ပုံတင်တဲ့ကိစ္စတွေမှာ တော်တော်မြန်လာပြီ လို့တော့ ကြားတယ်”ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိ ကျင့်သုံးလျက်ရှိသည့် ၁၉၁၄ ခုနှစ် မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေ Burma Company Act သည် နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်း ရှိနေပြီ ဖြစ်၍ ခေတ်ကာလနှင့် လိုက်လျောညီထွေမှု မရှိတော့ခြင်း၊ နိုင်ငံတော်၏ စီးပွားရေး မူဝါဒများနှင့်လည်း လိုက်လျောညီထွေမှု မရှိတော့ခြင်း တို့ကြောင့် နိုင်ငံတကာတွင် ကျင့်သုံးနေသည့် ဥပဒေများနှင့် အညီ ခေတ်နှင့် လျော်ညီသည့် ဥပဒေတခု ဖြစ်လာစေရန် ရည်ရွယ်ကြောင်း အထက်ပါ ဝန်ကြီးဌာနက ပြောသည်။
ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာစေရန်၊ နိုင်ငံအတွင်း အရင်းအနှီး ဈေးကွက် Capital Market များ ဖွံ့ဖြိုး တိုးတက် လာစေရန်၊ electronic မှတ်ပုံတင်သည့် နည်းလမ်းဖြင့် ကုမ္ပဏီများအား ဖွဲ့စည်း မှတ်ပုံတင် ပေးခြင်းအားဖြင့် ပုဂ္ဂလိက အခန်းကဏ္ဍ ဖွံ့ဖြိုး တိုးတက်လာစေရန်တို့ကို ရည်ရွယ်ပြီး Asian Development Bank (ADB)၏ နည်းပညာအကူအညီတို့ကို ရယူခဲ့ကြောင်း သိရသည်။
ယခုအခါ ကုမ္ပဏီ မှတ်ပုံတင်သည့် လုပ်ငန်းကို စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန အောက်ရှိ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနက ဆောင်ရွက်ပေးလျက်ရှိသည်။