လယ်ယာစိုက်ပျိုးရေးသုံး စက်ကိရိယာရောင်းဝယ်ရေးဇုန်များကို မြန်မာနိုင်ငံတဝှမ်းလုံးတွင် ဖွင့်လှစ်သွားရန် စီစဉ်နေကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကျော်ဝင်းက ပြောသည်။
“လယ်ယာစိုက်ပျိုးရေးနဲ့ စက်ကိရိယာရောင်းချတဲ့ဇုန်တွေ တိုင်းနဲ့ ပြည်နယ်တွေမှာ ဖွင့်လှစ်ပေးမယ်။ စိုက်ပျိုးရေးနဲ့ ပတ်သတ်တဲ့ ကုမ္ပဏီတွေ အဆိုပြုလွှာလာတင်ပါ။ သူတို့ ဘာလုပ်ချင်လဲဘာရောင်းချင်လဲ။ ကျနော်တို့ အားလုံး ဆွေးနွေးနေပြီ” ဟု ဝန်ကြီးဦးကျော်ဝင်းက ရန်ကုန်မြို့ရှိ UMFCCI ရုံးချုပ်၌ ယနေ့တွင်ပြုလုပ်သည့် ဒုသမ္မတနှင့် မြန်မာ့စီးပွားရေး လုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံပွဲ (အဋ္ဌမအကြိမ်) အစည်းဝေးတွင် ပြောဆိုသည်။
အဆိုပါဇုန်အတွက် လိုအပ်သည့်ချေးငွေများ ထုတ်ချေးပေးရန်နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ လယ်ယာစိုက်ပျိးရေးနှင့် စပ်ဆက်သည့် စက်ကိရိယာများရောင်းချရန် ဇုန်မြေနေရာများ စီစဉ်ထားပြီးကြောင်း ပြည်ထောင်စုဝန်ကြီးက ဆက်ပြောသည်။
ဝန်ကြီးဦးကျော်ဝင်းက “ လုပ်ငန်းရှင်တွေကို ခင်ဗျားတို့ စက်ပစ္စည်းကိရိယာတွေ ဖြန့်ဖြူးရောင်းချပါ။ လယ်သမားတွေ လက်ထဲကို ကျနော်တို့က ချေးငွေထုတ်ချေးပေးမယ်။ ဒီချေးငွေနဲ့ သူတို့ကြိုက်တဲ့ စက်ပစ္စည်းကို ရွေးဝယ်လိမ့်မယ်။ ဒါကြောင့် ဒီဈေးကွက်ဖြစ်ပေါ်လာဖို့ အဆိုပြုလွှာကိုသာ အပြိုင်အဆိုင်တင်ကြပါ” ဟု ပြောသည်။
ရင်းနှီးမြှုပ်နှံရန် အဆိုပြုလွှာများကို ပြီးခဲ့သည့်လမှစတင်ပြီး လျှောက်လွှာတင်ရန် ဖိတ်ခေါ်ထားသော်
ထို့အပြင် လယ်ယာစိုက်ပျိုးရေးသုံး စက်ကိရိယာရောင်းဝယ်ရေးဇုန်များ ဖွင့်လှစ်ရောင်းချရာတွင် ထိုဇုန်၌ ရောင်းချမည့် လယ်ယာလုပ်ငန်းသုံး စက်ပစ္စည်းများကို တင်သွင်းရောင်းချမည့်နိုင်ငံနှင့် ရောင်းချမည့်ကုမ္ပဏီများနှင့် ပတ်သက်ပြီး စီစဉ်ထားခြင်း မရှိသေးကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ သိရသည်။
မကြာခင်ကာလအတွင်း အစိုးရက တောင်သူလယ်သမားများသို့ two step lone – ကြားခံထားရှိချေးငွေဖြင့် စက်ပစ္စည်းကိရိယာများ ဝယ်ယူရန် ထုတ်ချေးပေးမည် ဖြစ်ကြောင်းနှင့် ထိုချေးငွေသည် အပေါင်ပစ္စည်းမဲ့ ချေးယူပါက ၁၃ ရာခိုင်နှုန်းနှင့် အပေါင်ပစ္စည်းဖြင့် ချေးယူပါက ၈ ဒသမ ၅ ရာခိုင်နှုန်း ပေးဆပ်ရမည်ကြောင်း ဝန်ကြီးဦးကျော်ဝင်းက ဆိုသည်။
အဆိုပါအစီအစဉ်နှင့် ပတ်သက်ပြီး ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်မှ လယ်သမားဦးကျော်ခိုင်က “အခုလည်း လယ်သမားတွေကို စိုက်စရိတ်တွေချေးပေးတာတွေ ရှိပါတယ်။ ဒါပေမယ့် စပါးဈေးမကောင်းပြန်တော့ ပြန်မဆပ်နိုင်ဘဲ၊ နောက်နှစ်စိုက်ဖို့ အတိုးနဲ့ပြန်ဆွဲပြီး ဆပ်နေရတော့ ဒီသံသရာထဲပဲလည်နေကြတာ။ စက်ပစ္စည်းတွေကို အခုလည်း ကုမ္ပဏီတွေက အရစ်ကျလာရောင်းတာတောင် ဈေးများလို့ မဝယ်နိုင်ကြဘူး။ အခုလုပ်မယ့်စနစ်က ဘယ်လိုလာမလဲတော့ မသိသေးဘူး” ဟု ပြောသည်။
ယခုအချိန်၌ လယ်ယာကဏ္ဍ ဖွံဖြိုးတိုးတက်ရေးအတွက် ကန်ထရိုက်လယ်ယာစနစ်ကို လယ်သမားတချို့နှင့် လုပ်ငန်းရှင်တချို့ပူးပေါင်း၍ ခရမ်းမြို့နယ်တွင် စတင်လုပ်ကိုင်နေကြောင်းနှင့် ထိုသို့လုပ်ကိုင်ဆောင်ရွက်ရာ၌ လယ်သမားများအတွက် အကျိုးခံစားခွင့်ရရှိမှုမှာ မူဝါဒနှင့် စည်းမျဉ်းများ၊ ဥပဒေများ မရှိသေးကြောင်း လယ်သမားများက ပြောဆိုသည်။
မြန်မာ့လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုပမာဏသည် လက်ရှိအချိန်တွင် ၀ ဒသမ ၅ ရာခိုင်နှုန်းသာရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးဆန်းမြင့်က ပြောသည်။