မြန်မာနိုင်ငံ၏ လူဦးရေအများဆုံးမြို့ ဖြစ်သော ရန်ကုန်မြို့ကို သဘာဝဓာတ်ငွေ့ရည် (LNG) ထောက်ပံ့ရေး အတွက် ပြင်သစ် ထိပ်တန်းစွမ်းအင် ကုမ္ပဏီတခု ဖြစ်သည့် Total ကုမ္ပဏီနှင့် ဆွေးနွေးမှုများ ပြုလုပ်နေကြောင်းနှင့် Total က ဓာတ်အားပေး စက်ရုံတခု တည်ဆောက်ရန် လည်းရှိကြောင်း Total E&P Myanmar မှ အထွေထွေမန်နေဂျာ Xavier Preel ၏ အဆိုအရ သိရသည်။
Total ကုမ္ပဏီသည် ပြီးခဲ့သည့် နှစ်က ဓာတ်ငွေ့ရည် တန်ချိန် ၁၁ သန်း ရောင်းချခဲ့ပြီး ဆက်လက်၍ ဓာတ်ငွေ့ဝယ်လိုအား အသစ် ဖန်တီးရာတွင် အထောက်အကူ ဖြစ်စေရန် ဓာတ်ငွေ့အသွင်ပြောင်းသည့် ဆိပ်ကမ်းများ၊ ပိုက်လိုင်းများနှင့် ဓာတ်အားပေး စက်ရုံများ လုပ်ငန်းတိုးချဲ့ နိုင်ရန် ကြိုးပမ်းနေသည်။
“မြန်မာနိုင်ငံက ကျယ်ကျယ်ပြန့်ပြန့် ဖွံ့ဖြိုးလာမယ် လို့ ကျနော်တို့ ယုံကြည်ပါတယ်။ အခု အချိန်မှာတော့ ဆွေးနွေးနေတုန်း ပါ။ LNG ယူဖို့နဲ့ ဓာတ်အားပေး စက်ရုံတခု တည်ဆောက်ဖို့ အစိုးရကို ကျနော်တို့ အဆိုပြုထားပါတယ်” ဟု Xavier Preel က ရန်ကုန်မြို့တွင် ယခုလ အတွင်းက ပြုလုပ်ခဲ့သော အင်တာဗျူးတခုတွင် ပြောသည်။
ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေထုတ်လုပ်ရေး လုပ်ငန်း သက်သက်သာ မဟုတ်တော့ဘဲ စားသုံးသူများနှင့် ပိုမိုနီးကပ်သည့် လုပ်ငန်းများ အတွင်းသို့ Total ကုမ္ပဏီ ဝင်ရောက်လာခြင်း ဖြစ်သည်။ ၂၀၁၄ ခုနှစ် မှစ၍ ဈေး နှုန်း ၇၀ ရာခိုင်နှုန်းခန့် ကျဆင်းသွားခြင်းကို ကုစားနိုင်ရန် အတွက် ဝယ်လက်အသစ်များ ဆွဲဆောင်နိုင်ရန် ကြိုးစားနေကြသည့် ကမ္ဘာ့ LNG ထုတ်လုပ်သူများ အတွက်မူ ယင်းသို့ ဝင်ရောက်လာခြင်းမှာ စိုးရိမ်စရာ ဖြစ်နေသည်။
ကာတာနိုင်ငံက လက်ရှိအချိန်တွင် တနှစ်လျှင် LNG မက်ထရစ်တန် ၇၇ သန်း ထုတ်လုပ်နေရာမှ လာမည့် ၇ နှစ် အတွင်းတွင် တနှစ်လျှင် တန်ချိန် သန်း ၁၀၀ အထိတိုးမြှင့် သွားရန် အစီအစဉ် ရှိကြောင်း ယခုလအတွင်းတွင် ကျေညာ လိုက်ခြင်းကြောင့် ရောင်းလိုအား များနေခြင်းက နောက်လာမည့် ၁၀ စုနှစ် အထိ ရောက်ရှိသွားမည်ကို ဓာတ်ငွေ့ ထုတ်လုပ်သူများ ထပ်မံ၍ စိုးရိမ်စရာ ဖြစ်လာသည်။
ထို့ကြောင့် ဓာတ်ငွေ့ဝယ်လိုအား အသစ် ဖန်တီးရေးက အရေးပါလာပြီး Total ကုမ္ပဏီအား ဖွံ့ဖြိုးစ နိုင်ငံအချို့က ဓာတ်ငွေ့ လောင်စာသုံး ဓာတ်အားပေး စက်ရုံများ တည်ဆောက်ရန် ညှိနှိုင်းမှုများ ရှိကြောင်း ကုမ္ပဏီ၏ ဓာတ်ငွေ့ လုပ်ငန်းဆိုင်ရာ အကြီးတန်း ဒုတိယဥက္ကဋ္ဌ Laurent Vivier က ယခုလ အတွင်း တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့တွင် ပြုလုပ်ခဲ့ သောကမ္ဘာ့ ရေနံကွန်ဂရက် (World Petroleum Congress) တွင် ပြောကြားသည်။
ထို့အပြင် အမှုဆောင် အရာရှိချုပ် Patrick Pouyanne ကလည်း အင်ဒိုနီးရှားနိုင်ငံတွင် ဓာတ်ငွေ့ ပိုက်လိုင်းများနှင့် ဓာတ်အားပေး စက်ရုံတခုတွင် ရင်းနှီးမြှုပ်နှံနိုင်မည့် စီမံကိန်းတခု အကောင်အထည် ဖော်ရန် ကြိုးစားနေကြောင်း ၂၀၁၆ ခုနှစ် ဧပြီလအတွင်းက ပြောကြားသည်။
Total E&P Myanmar မှ အထွေထွေမန်နေဂျာ Xavier Preel ပြောဆိုသည့် LNG ဆိပ်ကမ်းနှင့် ဓာတ်အားပေး စက်ရုံ စီမံကိန်းနှင့် ပတ်သက်၍ ပါရီမြို့မှ Total ကုမ္ပဏီ၏ ပြောရေး ဆိုခွင့် ရှိသူ အမျိုးသမီးက အသေးစိတ် ပြောဆိုရန် သို့မဟုတ် မှတ်ချက်ပေးရန် ငြင်းဆန်ခဲ့သည်။
မြန်မာနိုင်ငံ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့် ရှိသူများထံသို့ တယ်လီဖုန်းနှင့် ဆက်သွယ်မေးမြန်းမှုများ မှာလည်း ပြန်ကြားချက် မရရှိသေးပါ။
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ၂၅ နှစ်ကြာ စစ်အုပ်ချုပ်ရေးကို ဖယ်ရှားနိုင်ခဲ့သည့် မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အား သုံးစွဲမှုမှာ ၂၀၁၄ ခုနှစ်တွင် လူတဦးလျှင် ၂၁၇ ကီလိုဝပ်နာရီ (၂၁၇ ယူနစ်) ရှိကြောင်း၊ ယင်း ပမာဏသည် အိမ်နီးချင်း ထိုင်းနိုင်ငံမှ လူတဦးချင်း လျှပ်စစ်ဓာတ်အား သုံးစွဲမှုနှုန်း၏ ၁၀ ပုံ ၁ ပုံ ထက်နည်းသော ပမာဏ ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်နှင့် နိုင်ငံတကာစွမ်းအင် အေဂျင်စီတို့မှ ရရှိသည့် အချက်အလက်များ အရ သိရသည်။
မြန်မာနိုင်ငံက LNG လုပ်ငန်းအတွက် စိတ်ဝင်စားမှု ရှိပါက အဆိုပြုတင်ပြကြရန် စက်တင်ဘာလ ၉ ရက်နေ့ တွင် ကြေညာ ခဲ့သည်။ ၁ နှစ်လျှင် ဓာတ်ငွေ့ရည် တန်ချိန် ၃ သန်းမှ ၄ သန်း ကိုင်တွယ်ပေးနိုင်သည့် ရေပေါ် LNG ဆိပ်ကမ်းတခုနှင့် လျှပ်စစ် ဓာတ်အား ၁ ဂစ်ဂါဝပ် (၁၀၀၀ မီဂါဝပ်) ထုတ်လုပ်ပေးနိုင်မည့် ဓာတ်အားပေးစက်ရုံတခုတို့ ပါဝင်သည့် အမေရိကန်ဒေါ် လာ ၂ ဘီလီယံတန် စီမံကိန်းအတွက် အဆိုပြုလွှာများကို မြန်မာနိုင်ငံက လက်ခံစဉ်းစားသွားမည် ဖြစ်ကြောင်း အမည်မဖော်လိုသော အစိုးရ သတင်းရင်းမြစ်တခုကို ကိုးကား၍ Nikkei သတင်းဌာနက မတ်လအတွင်းတွင် သတင်းဖော်ပြခဲ့သည်။
မြန်မာနိုင်ငံက စွမ်းအင်ဈေးကွက် အတွက် အလားအလာကောင်းသည့် နေရာတခုအဖြစ် ရှုမြင်ခြင်း ခံထားရသည်။ နောက်လာမည့် ဆယ်စုနှစ် အတွင်း စီးပွားရေးနှင့် နိုင်ငံရေး အခြေအနေ တည်ငြိမ်မှုများ ရှိလာသည်နှင့် အမျှ သယ်ယူ ပို့ဆောင်ရေးနှင့် ကုန်ထုတ်လုပ်ရေး ကဲ့သို့သော စွမ်းအင် ဦးစားပေးသည့် လုပ်ငန်းကဏ္ဍများ ဖွံ့ဖြိုးလာလျှင် လောင်စာ သုံးစွဲမှုလည်း တိုးတက်လာလိမ့်မည် ဟု အင်္ဂလန် အခြေစိုက် BMI Research က ခန့်မှန်းသည်။
Total ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် ၁၉၉၂ ခုနှစ် ကတည်းက လုပ်ငန်းများ စတင်လုပ်ကိုင်နေခဲ့ခြင်း ဖြစ်ပြီး ကပ္ပလီပင်လယ်ပြင်ရှိ ရတနာ သဘာဝဓာတ်ငွေ့ လုပ်ကွက်မှ ဓာတ်ငွေ့များ ထုတ်လုပ်နေသည်။ ကုမ္ပဏီ၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားချက် အရ ၎င်းတို့ လိုအပ်သော ဓာတ်ငွေ့၏ တဝက်ခန့် ရရှိကြောင်း သိရသည်။
“လျှပ်စစ်ဓာတ်အား ရရှိရေးက မြန်မာနိုင်ငံရဲ့ စီးပွားရေးကဏ္ဍ အတွက် အရေးအပါဆုံး ဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ဖွံ့ဖြိုး တိုးတက်ရေး အတွက် စွမ်းအင် အမြောက်အမြား လိုအပ်ပါတယ်။ စွမ်းအင် မရှိရင် စီးပွားရေး တိုးတက်မှု ဆိုတာ မရှိပါဘူး” ဟု Total E&P Myanmar မှ အထွေထွေမန်နေဂျာ Xavier Preel က ပြောသည်။ ။
(www.boomberg.com တွင် ဖော်ပြထားသည့် Kyaw Thu ၏ Total in talks to build power plant, supply LNG to Myanmar ကို ဘာသာပြန်သည်။)