သကြား Re- Export(တဆင့် ပြန်လည်တင်ပို့ခြင်း) ကုန်သွယ်မှုသည် တိုင်းပြည်အတွက် အကျိုးသက်ရောက်မှု မရှိ သောကြောင့် ကာလ အတိုင်းအတာ တခုအထိ ထိန်းချုပ်သွားမည် ဖြစ်ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနမှ သိရသည်။
စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက “သကြားစက် လုပ်ငန်းတွေ လုပ်ချင်ရင် တခါ တည်း ရင်းနှီးမြှုပ်နှံမှု အဆိုပြုလွှာ တင်ပါ။ မကြာခင်မှာ ကြံစိုက်တောင်သူတွေကို လိုအပ်တာတွေ ပံ့ပိုးပေးမယ်။ ဒါမှသာ သကြားကို နိုင်ငံခြားက သွင်းနေတာကို အစားထိုးနိုင်မှာ။ နောက်ပိုင်းမှာ Re- Export လုပ်နေတဲ့ သကြားကို ထိန်းသိမ်း သွားမယ်” ဟု ပြောသည်။
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က မကြာမီ ကြံစိုက်တောင်သူများအား ခေါ်ယူပြီး ၎င်းတို့၏ လိုအပ်ချက်များကို ပံ့ပိုး ပေး သွားမည့်အပြင် သကြားစက်လုပ်ငန်းရှင်များနှင့်လည်း တွေ့ဆုံ၍ အဆင့်အတန်းမီ၊ အရည်အသွေး ရှိသော သကြား စက် လုပ်ငန်းများ ဖြစ်လာစေရန် ပံ့ပိုးပေးမည် ဖြစ်ကြောင်း UMFCCI တွင် ပြုလုပ်သည့် နိုင်ငံတော် ဒုသမ္မတနှင့် မြန်မာ့ စီးပွား ရေး လုပ်ငန်းရှင်များ အဋ္ဌမအကြိမ်မြောက် ဆွေးနွေးပွဲတွင် ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။
ကမ္ဘာပေါ်တွင် ထိပ်တန်းသကြား တင်ပို့နေသော ဘရာဇီးနိုင်ငံ သံအမတ်နှင့် စီမံ/ဘဏ္ဍာ ဝန်ကြီးဌာနတို့ ပြီးခဲ့သည့် လအနည်းငယ်အတွင်းက တွေ့ဆုံကာ သကြားနှင့်ပတ်သက်သည့် နည်းပညာပိုင်း ကူညီပေးရန် ဆွေးနွေးထားကာ ၎င်း သံအမတ်ကိုလည်း မြန်မာနိုင်ငံသို့ ဖိတ်ခေါ်ထားကြောင်း ဝန်ကြီးက ပြောသည်။
မြဝတီနယ်စပ်မှ သကြား Re-Export လုပ်ခြင်း၊ တင်သွင်းမှုလိုင်စင် ထုတ်ပေးခြင်းကို ပြည်တွင်း၌ သကြားလက်ကျန် တန်ချိန် ၄ သိန်းကျော် ကျန်ရှိနေ၍ သကြားစိုက်တောင်သူများ အခက်မကြုံစေရန် စီးပွား/ ကူးသန်း ဝန်ကြီးဌာနက ပြီးခဲ့သည့် ဧပြီလမှ စတင်ပြီး ခေတ္တရပ်ဆိုင်းထားသည်။
ထို့အပြင် Re-Export စနစ်ဖြင့် သကြားပို့ကုန်၊ သွင်းကုန် လိုင်စင်ရယူထားပြီး၊ အမှန်တကယ် တင်သွင်းထားသော်လည်း၊ တဖက်နိုင်ငံသို့ ပြန်လည်တင်ပို့ခြင်း မရှိသည့် ကုမ္ပဏီ ၃၀ ကျော်နှင့် တင်သွင်းထားသည့် ပမာဏအတိုင်း ပြန်လည် တင်ပို့ခြင်းမရှိဘဲ လျှော့ပို့ခဲ့သည့် ကုမ္ပဏီ ၂၂ခု အပါအဝင် စုစုပေါင်း ကုမ္ပဏီ၅၀ကျော်ကို လုပ်ငန်းရှင် မှတ်ပုံတင် ပိတ် သိမ်းကြောင်း စီးပွား/ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။
တိကျသော စီမံခန့်ခွဲမှုနှင့် သကြားတင်ပို့ရောင်းချနိုင်ရန်၊ လက်ရှိ ခွင့်ပြုလျက်ရှိသော သကြားတင်သွင်းမှုကို ထုတ်လုပ်နိုင်မှု ပမာဏနှင့် လုံလောက်သည့် ပမာဏ အတိုင်းသာလျှင် ခွင့်ပြုရန် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနသို့ မြန်မာနိုင်ငံ သကြားနှင့် ကြံလုပ်ငန်းရှင်များအသင်း ဒုဥက္ကဋ္ဌ ဦးဝင်းဌေးက ပြောသည်။
“Re-Export သကြားက တရုတ်ပြည်ရဲ့ ဈေးကွက် လိုအပ်ချက် များပြားတယ်။ နိုင်ငံခြားက တင်သွင်းတဲ့ သကြားကို တရုတ် နိုင်ငံကို တင်ပို့ပါတယ်။ ဒါပေမယ့် အခုက တရားမဝင် တင်သွင်းခြင်း မပြုဖို့နဲ့ တင်သွင်းလာတဲ့ ကုန်သည်တွေကို အရေးယူ ဆောင်ရွက်တာတွေ ရှိနေတာကြောင့် သကြားကို တင်သွင်းခွင့်မပြုဖို့ ဝန်ကြီးဌာနကို တင်ပြခဲ့ပါတယ် ” ဟု ၎င်းက ပြောသည်။
ထို့အပြင် နိုင်ငံခြားမှ သကြားတင်သွင်းခြင်းထက် ပြည်တွင်း၌ သကြားစက်ရုံများ တည်ဆောက်ပြီး နိုင်ငံတကာမှ ရင်းနှီး မြှုပ်နှံမှုကိုသာ အထူးအလေးထား ပူးပေါင်း ဆောင်ရွက်ရန်လည်း ၎င်းက တင်ပြခဲ့သည်။