အမေရိကန်နိုင်ငံအခြေစိုက် Ford ကားကုမ္ပဏီမှ မြန်မာနိုင်ငံအတွင်း ကားအစိတ်အပိုင်းများ တပ်ဆင်တဲ့ စက်ရုံအသစ်တခု ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမှာ ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း ဇူလိုင်လ ၂၁ ရက်နေ့၊ Ford Car Showroom မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
ကမ္ဘာတဝှမ်းမှာ ချဲ့ထွင်ထားတဲ့ Ford ကားကုမ္ပဏီဟာ RMA Thailand နဲ့ အတူ CSDG ကုမ္ပဏီခွဲ Capital Automotive Limited (CAL)၊ CapitalMotors Limited (CML) တို့နဲ့ ပူးပေါင်းပြီး အဆိုပါ ကားတပ်ဆင် စက်ရုံကို ဖွင့်လှစ်ခဲ့တာဖြစ်ပြီး CML ပြည်တွင်းကားစက်ရုံမှာ အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာ ရင်းနှီး မြှုပ်နှံထားတယ်လို့ သိရပါတယ်။
“CML ကားတပ်ဆင်တဲ့ စက်ရုံဖွင့်လှစ်နိုင်ခဲ့ခြင်းက ပြည်တွင်းစီးပွားရေးကဏ္ဍမှာ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုကို ထောက်ပံ့ပေးနိုင်မယ့်အပြင် ကျနော်တို့ရဲ့ ဝန်ထမ်းတွေကိုလည်း လုပ်ငန်းကျွမ်းကျင်မှုပိုင်းဆိုင်ရာမှာ ကမ္ဘာ့ အဆင့်မီ အကောင်းဆုံးလက်တွေ့လုပ်ငန်းတွေနဲ့ မြှင့်တင်ပေးနိုင်မှာ ဖြစ်တဲ့အတွက်ကြောင့် ဂုဏ်ယူမိပါတယ်” လို့ Capital Automotive ရဲ့ ဥက္ကဋ္ဌ ဦးခင်ထွန်းက ပြောပါတယ်။
လတ်တလောမှာ ဈေးကွက်လိုအပ်ချက် မြင့်တက်လာမှုအရ CML ကို ကားအစိတ်အပိုင်း တပ်ဆင်စက်ရုံအဖြစ် တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ရှေ့လျှောက်တိုးတက်လာမယ့် ဝယ်လိုအားကို မျှော်မှန်းကာ ကုန်ထုတ်လုပ်မှုနှင့် မော်တော်ယာဉ်ဈေးနှုန်းကို ညှိနှိုင်းပြီး CML အနေနဲ့ အလုပ်အကိုင်အခွင့်အလမ်းများနဲ့ စီးပွားရေးအကျိုးအမြတ် များစွာကို ဆက်လက် ယူဆောင်လာနိုင်ဖို့ ကြိုးပမ်းလျက်ရှိကြောင်း သိရပါတယ်။
“စက်ရုံကနေ တနှစ်အတွင်း ထုတ်လုပ်မယ့် ကားအစီးရေကတော့ ၂၀၀၀ ကနေ ၃၀၀၀ အတွင်း ခန့်မှန်း ထားပါတယ်။ ရင်းနှီးမြှုပ်နှံမှုကတော့ ဈေးကွက်အနေအထားပေါ် မူတည်ပြီး ထပ်မံတိုးချဲ့သွားဖို့ရှိပါတယ်။ လက်ရှိမှာ ဝန်ထမ်းအင်အား ၈၅ ဦးခန့်နဲ့ ကျနော်တို့ စက်ရုံကို မတ်လကုန်လောက်မှာ စတင်လည်ပတ်နေပါပြီ။ ဝန်ထမ်းတွေကို ပထမအဆင့် တစ်နှစ် Training ပေးခဲ့ပြီး ဒုတိယအဆင့်မှာ ဝန်ထမ်းအင်အား ထပ်တိုးဖို့ရှိသလို တတိယအဆင့် အနေနဲ့လည်း ထပ်တိုးချဲ့ဖို့ရှိပါတယ်” လို့ ဥက္ကဋ္ဌ ဦးခင်ထွန်းက ဆိုပါတယ်။
CML မှ စက်ရုံ စတင်ဖွင့်လှစ်ခြင်း အထိမ်းအမှတ်အနေနဲ့ အချိန်အတိုင်းအတာတခုအတွင်း ဝယ်ယူသူများကို တစ်နှစ်စာ လက်ခမဲ့ ဝန်ဆောင်မှု ပေးအပ်သွားမယ်လို့ သိရပါတယ်။
CML မှာ တပ်ဆင်မယ့် Ford Ranger Duble Cab နဲ့ 7-seat Ford Everest SUV များကို ရန်ကုန်၊ မန္တလေး အရောင်းဆိုင်ကြီးများမှာ စတင်ဝယ်ယူရရှိနိုင်ပြီး နိုင်ငံတဝှမ်းမှာရှိတဲ့ Ford ကား ဆားဗစ်စင်တာများမှာ ကားနဲ့ပတ်သက်တဲ့ ဝန်ဆောင်မှုများ ရယူနိုင်မယ်လို့ သိရပါတယ်။