မြန်မာနိုင်ငံ ဗဟိုဘဏ်၏ ဒုတိယ ဥက္ကဌများနှင့် ဒါရိုက်တာ အဖွဲ့ဝင်များ ပြောင်းလဲခြင်းများ ပြုလုပ်မည် ဖြစ်၍ ဒုတိယ ဥက္ကဌ ၃ ဦးနှင့် ဒါရိုက်တာ အဖွဲ့ဝင် ၅ ဦးတို့၏ အမည်စာရင်းများကို သမ္မတက ဇူလိုင်လ ၂၁ ရက်နေ့က ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်သို့ တင်ပြလာကြောင်း သတင်းရရှိသည်။
ဒုတိယ ဥက္ကဌများ အဖြစ် ဦးစိုးမင်း၊ ဦးစိုးသိန်းနှင့် ဦးဘိုဘိုငယ်တို့ ဖြစ်ကြောင်း၊ ဒါရိုက်တာ အဖွဲ့ဝင်များအဖြစ် ဦးကျော်မင်းထွန်း၊ ဦးမြင့်သိန်းထွန်း၊ ဦးစိုးပိုင်၊ ဒေါ်ရီရီဝင်းနှင့် ဒေါ်ခင်မေလှတို့ကို ကန့်ကွက်လိုသူများ ရှိပါက ဗဟိုဘဏ် ဥပဒေနှင့်အညီ ကျိုးကြောင်း ခိုင်လုံစွာဖြင့် ဇူလိုင်လ ၂၆ ရက်နေ့တွင် ကျင်းပမည့် ပြည်ထောင်စု လွှတ်တော်တွင် တင်ပြကန့်ကွက်နိုင်ကြောင်း လွှတ်တော် နာယက မန်းဝင်းခိုင်သန်းက ပြောသည်။
“အခု လူတွေကို လေ့လာကြည့်ရတာ အတွေ့အကြုံပိုင်းအရ ဘဏ်လုပ်ငန်းမှာ လုပ်ခဲ့တဲ့သူက နည်းတယ်။ ဦးစိုးမင်းကတော့ ဘဏ် လုပ်ငန်းမှာ တောက်လျှောက် လုပ်ခဲ့တာပေါ့။ ဦးစိုးသိန်းကတော့ အစိုးရဘတ်ဂျက်ဌာနက လာတာ။ လုပ်ငန်း အတွေ့အကြုံ ရှိတယ်”ဟု ကမ္ဘောဇဘဏ် အကြံပေး ဖြစ်သူ ဦးသန်းလွင်က ပြောသည်။
လက်ရှိ ဗဟိုဘဏ် ဥက္ကဌ ဦးကျော်ကျော်မောင်သည် ၂၀၁၈ အထိ ရာထူးသက်တမ်း ရှိနေသေးသည်။ ဒုဥက္ကဌ ၃ ယောက်တွင် ဦးဆက်အောင်နှင့် ဒေါ်ခင်စောဦးတို့ အနားယူကြရမည် ဖြစ်ပြီး ဦးစိုးမင်းမှာ လက်ရှိ ဗဟိုဘဏ် ဒုတိယ ဥက္ကဌပင်ဖြစ်သည်။
အမျိုးသား ဒီမိုက ရေစီ အဖွဲ့ချုပ် (NLD)မှ စီးပွားရေး အကြံပေး ဖြစ်ခဲ့သူ ဦးဘိုဘိုငယ်မှာ ဗဟိုဘဏ် ဒါရိုက်တာ အဖွဲ့ဝင် အဖြစ်မှ ဒုတိယ ဥက္ကဌ အဖြစ်သို့ ရားထူးတိုးမြင့်ခံသည်။ ထို့ပြင် ဦးဘိုဘိုငယ်သည် နိုင်ငံတော် စီးပွားရေး ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီဝင်လည်း ဖြစ်သည်။
အခြား ဒုတိယ ဥက္ကဌအဖြစ် ခန့်အပ်ခံရသူ ဦးစိုးသိန်းမှာ အာရှ စိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်လီမိတက်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဟု လွှတ်တော်ရုံးမှ ထုတ်ပြန်သည့် ကိုယ်ရေး အကျဉ်းတွင် ဖော်ပြထားသည်။
ယခင် ဗဟိုဘဏ် ဒါရိုက်တာ အဖွဲ့ဝင် ဦးကျော်မင်းထွန်းမှာလည်း ဒါရိုက်တာ အဖွဲ့ဝင် အဖြစ် ဆက်လက်ခန့်အပ်ခံရပြီး ရှေ့နေ ချုပ်ရုံးမှ ဒုညွှန်ချုပ် ဦးမြင့်သိန်းထွန်း၊ မြန်မာ့ မီးရထားလုပ်ငန်း Finance ဌာနမှ လက်ထောက် အထွေထွေ မန်နေဂျာ ဦးစိုးပိုင်၊ ရှေ့နေချုပ်ရုံး ညွှန်မှူး အငြိမ်းစား ဒေါ်ရီရီဝင်းနှင့် ရန်ကုန်စီးပွားရေး တက္ကသိုလ် ဒုတိယ ပါမောက္ခချုပ်(ငြိမ်း) ဒေါ်ခင်မေလှတို့မှာ ဗဟိုဘဏ် ဒါရိုက်တာ အဖွဲ့ဝင်များ ဖြစ်လာကြသည်။
“ပညာရှင်ကိုခန့်မှ နိုင်ငံတကာနဲ့ ဆက်သွယ်ဆောင်ရွက်ရင် အဆင်ပြေမှာ။ အတွေ့အကြုံပိုင်းအရ ပြောရင်တော့ နိုင်ငံတကာမှာက ဗဟိုဘဏ်လို နေရာမျိုးမှာ လူတွေကို ဘဏ်လုပ်ငန်းမှာ နှစ်ရှည်လများ အတွေ့အကြုံရှိတဲ့ သူမျိုးကို သုံးတာ။ ဒီမှာလည်း ရှာရတာ ခက်မှာပေါ့လေ။ သာမန်အားဖြင့် ကြည့်ရင် အရင်ကထက် စာရင် မဆိုးဘူး။ ဒါပေမယ့် ဒေသအဆင့်၊ နိုင်ငံတကာ အဆင့်ကိုတော့ တိုးပေါက်နိုင်မယ့် ပုံစံမျိုး မရှိသေးဘူး”ဟု ကမ္ဘောဇ အကြံပေး ဦးသန်းလွင်က ပြောသည်။
ပြည်သူ့လွှတ်တော် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ကော်မတီဝင်ဟောင်း မင်္ဂလာဒုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းကလည်း ဗဟိုဘဏ်ကို အစိုးရ၏ ထိန်းချုပ်မှု အောက်မှ ခွဲထုတ်၍ သီးခြား လွတ်လပ်သည့် အဖွဲ့အစည်းတခုဖြစ်အောင် မလုပ်နိုင်သ၍ မည်သူဖြင့် အစားထိုးသည် ဖြစ်စေ ထိရောက်မည် မထင်ကြောင်း ဧရာဝတီသို့ ပြောသည်။
“အခု အစိုးရငွေလိုရင် ဗဟိုဘဏ်က ရိုက်ပေးရတယ်။ နိုင်ငံတကာမှာက အစိုးရငွေလိုလည်း ဗဟိုဘဏ်က ရိုက်မပေးဘူး။ ငွေကြေး ဈေးကွက် အခြေအနေကို ကြည့်ပြီး သူဘာသူ လွတ်လွတ်လပ်လပ် ဆုံးဖြတ်တာ။ ဒီစနစ်ကို မပြင်နိုင်သရွေ့ လူလဲရင်လည်း သိပ်ထိရောက်မယ်လို့ မထင်ဘူး”ဟု ၎င်းက ပြောသည်။
ယခု ဗဟိုဘဏ်တွင် တာဝန်ရှိသူများ အနေဖြင့် ဘဏ်လုပ်ငန်း ဥပဒေပိုင်းဆိုင်ရာများကို ပြန်လည် သုံးသပ်သင့်ပြီး ဗဟိုဘဏ် ဥပဒေ၊ ငွေရေးကြေးရေး အက်ဥပဒေနှင့် နိုင်ငံခြား သုံးငွေ စီမံခန့်ခွဲမှု ဥပဒေတို့သည် လက်ရှိ အခြေအနေနှင့် ထင်ဟပ်မှု ရှိ၊ မရှိကို သုံးသပ်ရန် လိုအပ်နေကြောင်း ဘဏ်လုပ်ငန်း အသိုင်းအဝိုင်းက ပြောသည်။