စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ကြောင့် မြန်မာနိုင်ငံတွင် ဘေးကင်းသော သောက်သုံးရေ ဝယ်လိုအား မြင့်တက်လာနိုင်ခြေ ရှိသဖြင့် ဂျပန်နိုင်ငံမှ မစ်ဆူဘီရှီ ဓာတုဗေဒ လုပ်ငန်းသည် မြန်မာနိုင်ငံမှ ပုဂ္ဂလိကနှင့် ပြည်သူပိုင်ကဏ္ဍများသို့ မြစ်ရေပြုပြင် ထိန်းသိမ်းရေး စနစ်များကို စတင် ရောင်းချမည် ဖြစ်ကြောင်း သိရသည်။
ဂျပန်သတင်းဌာန Nikkei Asian Review ၏ သတင်းအရ မစ်ဆူဘီရှီ ၏ လုပ်ငန်းခွဲဖြစ်သော တိုကျို အခြေစိုက် Wellthy ရေသန့်စင်ရေး လုပ်ငန်းသည် ပြည်တွင်းလုပ်ငန်း ဖြစ်သည့် မြန်မာ့ရေ ပြုပြင်ရေး အင်ဂျင်နီယာလုပ်ငန်းနှင့် ထုတ်ကုန်များ (Myanmar Water Engineering & Products – MWEP) နှင့် ဖက်စပ်လုပ်ငန်း ထူထောင်သွားမည် ဖြစ်ပြီး Wellthy က ထို ဖက်စပ်လုပ်ငန်းတွင် ၆၀ ရာခိုင်နှုန်း ပိုင်ဆိုင်မည် ဖြစ်သည်။
ပြည်တွင်း ရေသန့်စင်ရေး လုပ်ငန်းတွင် မှတ်တမ်းကောင်းရှိသော MWEP နှင့် လက်တွဲလုပ်ဆာင်ခြင်းဖြင့် Welthy သည် မြန်မာ အစိုးရ အရာရှိများနှင့် ညှိနှိုင်းပြီး လုပ်ငန်းများကို ချောချောမွေ့မွေ့ လုပ်ဆောင်နိုင်မည် ဟု မျှော်လင့်နေသည်။
ထိုကုမ္ပဏီသည် စက်ရုံများကို ဒီဇိုင်းရေးဆွဲကာ ပစ္စည်းများကို ဝယ်ယူပြီး ကန်ထရိုက်စနစ်ဖြင့် တည်ဆောက်ပေးမည် ဖြစ်သည်။ Welthy သည် ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းစဉ်များကို အလွယ် တကူ ချိန်ညှိပေးနိုင်ပြီး စက်ကိရိယာများကို ရေအရင်းအမြစ်နှင့် ရေအရည်အသွေးအရ စနစ်အတွင်း ပေါင်းစပ် ထည့်သွင်းပေးနိုင်သည့် အားသာချက် ရှိသည်။
ကင်ညာနှင့် ဗီယက်နမ် ပြီးလျှင် မြန်မာနိုင်ငံသည် Welthy ၏ တတိယမြောက် ပြည်ပ ရေသန့်စင်ရေး လုပ်ငန်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းများသည် ရန်ကုန်မြစ်မှ ရေများကို အရင်းအမြစ် အဖြစ် သုံးကြရသည်။ ထိုမြစ်ရေကို သန့်စင်ရန် ခေါင်းပွ ဖိုက်ဘာမျှင်အလွှာများဖြင့် စစ်ပြီးနောက် ဆားဓာတ်ဖယ်ရှားရန် reverse osmosis အလွှာများကို ဖြတ်သန်းစေမည် ဖြစ်သည်။
ရန်ကုန်တွင် မိုးရာသီနှင့် ခြောက်သွေ့သော ရာသီသို့ ရှိသောကြောင့် အန်ဒမန်ပင်လယ် အတွင်း စီးဝင်သော ရန်ကုန် မြစ်ရေသည် ရာသီအလိုက် အရည်အသွေး ကွာခြားမှု ရှိသည်။
Reverse Osmosis အလွှာသည် ဆားဓာတ်ကို ဖယ်ရှားပေးသည်။ အနီးပတ်ဝန်းကျင်ရှိ ပင်လယ်ရေနှင့် ရောနှောနေသော ကြောင့် ရန်ကုန်မြစ်ရေသည် ငန်သည်။
ယခင်စမ်းသပ်မှုများ အရ Wellthy သည် မပြုပြင်ရသေးသော ရေတွင် နုန်းနှင့် ညစ်ညမ်းစေသော အရာများ များနေလျှင် ရေစစ်နိုင်စွမ်းကို ကောင်းမွန်စေသည့် အနယ်ထိုင်စေသော အရာများ ပေါင်းထည့်ခြင်းကဲ့သို့သော ရေအရည်အသွေး အမျိုးမျိုးကို သန့်စင်သည့် နည်းပညာများ ရရှိထားသည်။
ပထမဆင့်တွင် မြစ်ကမ်းအနီးရှိ အဆင့်မြင့် အိမ်ရာများသို့ ရေသန့်စင်စနစ်များ ရောင်းချနိုင်ရန် အထက်ပါ ဖက်စပ်လုပ်ငန်း က ရည်မှန်းထားသည်။
တနေ့လျှင် လူ ၂၇၀၀၀ အတွက် လုံလောက်စွာ သုံးစွဲနိုင်သော သောက်သုံးရေ တန် ၅၄၀၀ အထိ ထုတ်လုပ်နိုင်သည့် စနစ်တခုကို လက်ရှိ တည်ဆောက်ဆဲ အိမ်ရာတခုသို့ ရောင်းချရန် ဆွေးနွေးနေသည်။
ပုဂ္ဂလိကများသို့ ရေသန့်စင် စနစ်များ ရောင်းချခြင်း အပြင် အထက်ပါ ဖက်စပ်လုပ်ငန်းသည် အများပြည်သူ ရေပေးဝေသူ များကိုလည်း ၎င်းသို့၏ နည်းပညာကို အလွယ်တကူသုံးစွဲနိုင်ရန် တွန်းအားပေး လုပ်ဆောင်သွားမည် ဖြစ်သည်။
မြန်မာနိုင်ငံတွင် ဘေးကင်းသော သောက်သုံးရေ ဝယ်လိုအား မြင့်မားလာနိုင်ခြေကို အသုံးချပြီး လုပ်ငန်းများ၊ အခြား ရေဝန်ဆောင်မှု အသုံးပြုသူများနှင့် ပုဂ္ဂလိကပိုင် ရေသန့်စင် စနစ်များ အတွက် ရေအရည်အသွေး စစ်ဆေးပေးခြင်း ကိုလည်း လက်ခံဆောင်ရွက်မည် ဖြစ်သည်။
၂၀၂၀ တွင် မြန်မာနိုင်ငံ၌ ယန်း သန်း ၅၀၀ (ဒေါ်လာ ၄ ဒသမ ၄၃ သန်း) ဖိုး အထိရောင်းချနိုင်ရန်လည်း မျှော်မှန်း ထားသည်။
ဂျပန်နိုင်ငံတွင်မူ Welthy သည် အဝီစိတွင်းများမှ ရေအရည်အသွေးကို ရေဖြန့်ဖြူးရေး စနစ်က ဖြန့်သည် ရေ အရည်အသွေးကဲ့သို့ မြှင့်တင်ပေးနိုင်သည့် စနစ်တခုကို ဈေးကွက်တင် ရောင်းချသည်။ ထို စနစ်ကို စက်ရုံနှင့် ဟိုတယ် ကဲ့သို့သော နေရာ ၁၂၀၀ တွင် တပ်ဆင်ပေးခဲ့ပြီး ဖြစ်သည်။
မစ်ဆူဘီရှီ ဓာတုဗေဒ လုပ်ငန်းသည် ၎င်း၏ လုံခြုံမှုရှိသော၊ လွယ်ကူသက်သာရှိသော ထုတ်လုပ်မှုများနှင့် ပိုမို ကောင်းမွန်သော ဝန်ဆောင်မှုများ တိုးချဲ့ရန် ကြိုးစားလျက်ရှိပြီး ထိုအစီအစဉ်တွင် ဖွံ့ဖြိုးဆဲနှင့် ထွန်းသစ်စ နိုင်ငံများတွင် ၎င်း၏ ရေသန့်စင်ရေး လုပ်ငန်းများလည်း ပါဝင်သည်။