ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် ညောင်နှစ်ပင် စိုက်ပျိုးမွေးမြူရေးဇုန်ကို ပြန်လည် အဆင့်မြှင့်တင်ရန် Pilot Project များ လုပ်ဆောင်မည်ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဇူလိုင် ၂၀ ကUMFCCI တွင် ပြုလုပ်သော ဒုသမ္မတနှင့် လုပ်ငန်းရှင်များ အဋ္ဌမအကြိမ် တွေ့ဆုံ ဆွေးနွေးပွဲ၌ ပြောသည်။
ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ‘‘ညောင်နှစ်ပင် စိုက်ပျိုးမွေးမြုရေးဇုန်ကို တကယ်တမ်းအဆင့်မြင့်တင်ဖို့ လိုအပ်ပါတယ်။ ဒါကို စိုက်ပျိုးရေး၊ မွေးမြုရေး အောင်မြင်တဲ့ဇုန်အဖြစ် အခွန်လွတ်ဈေးတွေနဲ့ အတူ ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီနေရာက ထင်သလောက် ခရီးမရောက်ခဲ့ဘူးလို့ ပြောလို့ရပါတယ်။ ဒါကြောင့် ညောင်နှစ်ပင် စိုက်ပျိုးမွေးမြူရေးဇုန်ကို ပြန်လည် အဆင့်မြှင့်တင်နိုင်ဖို့ အတွက် တချို့ ရှေ့ပြေးစီမံကိန်းတွေကို စတင်ဆောင်ရွက်သွားမှာပါ’’ ဟု ပြောသည်။
လုပ်ဆောင်သွားမည့် စိုက်ပျိုး မွေးမြူရေးကဏ္ဍအတွက် လိုအပ်မည့် အချက်အလက်များကိုလည်း တိုင်းဒေသကြီးအစိုးရ အနေဖြင့် ဘက်ပေါင်းစုံမှ ကူညီသွားမည်ဟု ဝန်ကြီးချုပ်က ဆိုသည်။
အဆိုပါ စိုက်ပျိုးမွေးမြူရေးဇုန်နေရာသည် ယခင်က အမျိုးသားညီလာခံ ကျင်းပခဲ့သည့် နေရာဖြစ်ပြီး လက်ရှိတွင် စိုက်ပျိုး ရေး မွေးမြူရေး သင်တန်းကျောင်းများအဖြစ် ဆက်လက် ရပ်တည်နိုင်ရန် ဆောင်ရွက်နေကြောင်း၊ ကိုးရီးယား နိုင်ငံနှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာနတို့ ပူူးပေါင်းပြီး စက်မှုဇုန် တည်ဆောက်ရန် စီစဉ်နေပြီး အသက်မွေးဝမ်းကျောင်း စိုက်ပျိုး မွေးမြူရေး စင်တာများ ဆောင်ရွက်ရန် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။
ညောင်နှစ်ပင် ဟင်းသီးဟင်းရွက် စိုက်ပျိုးရေးဇုန်တွင် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးနေသော မြန်မာ့ရွှေသစ်သီးဝလံ ကုမ္ပဏီမှ ဒါရိုက်တာ ဒေါ်လဲ့လဲ့ဦးက‘‘ဟင်းသီး ဟင်းရွက်ဆိုတာ ရက်တိုတယ်။ ခဏလေးနဲ့ စားသုံးသူ လက်ထဲ အရောက်ဖြန့်ရတာ။ ဒါကြောင့် ဓာတုဆေးကို စနစ်တကျ မသုံးရင် စားသုံးတဲ့သူအတွက် အရမ်းကို အန္တရယ် များပါတယ်။ အခုက တောင်သူ ၁၀၀ လောက်စိုက်ပျိုးနေပါတယ်။ မိသားစုအနေနဲ့ ၃၀၀ လောက်ရှိပါတယ်။ သူတို့က စနစ်တကျ စိုက်ပျိုးနေပါတယ်’’ဟု ပြောသည်။
ယင်းဇုန်သည် ဓာတုကင်းလွတ် ဟင်းသီးဟင်းရွက်များကို စိုက်ပျိုးသော ဇုန်ဖြစ်ပြီး စတင်လုပ်ကိုင်စဉ်က တောင်သူဦးရေ ၅၀၀ မှ ၆၀၀ ခန့်အထိ လာရောက်စိုက်ပျိုးကြောင်း၊ ဇုန် ၃ ခုရှိပြီး ဓာတု ကင်းလွတ် ဟင်းသီးဟင်းရွက် စိုက်ပျိုးရေးကို လက်ရှိတွင် ဇုန် ၁ တွင် ဧက ၅၀ ခန့်ပေါ်တွင် စိုက်ပျိုးထုတ်လုပ် နေကြောင်း သိရသည်။
“အခုကတော့ စိုက်ပျိူးရေးဇုန်မှာ မြေငှားပြီးတော့ ကျမတို့က တောင်သူတွေနဲ့ စိုက်ပျိုးတာ ဖြစ်ပါတယ်။ ဒီဇုန်က ၂၀၀၂ ခုနှစ်လောက်ထဲက စတင်ရှိခဲ့တာ ဖြစ်တယ်။ တယူနစ်ကို ၅ ဧကနူန်းနဲ့ စချပေးခဲ့တာ ဖြစ်တယ်။ ဓာတု ကင်းလွတ် ဟင်းသီးဟင်းရွက်ဇုန်အဖြစ် ဖော်ခဲ့တာက ၃ နှစ်ရှိပြီ” ဟု ၎င်းကပြောသည်။
မွေးမြူရေး လုပ်ငန်း ဖွင့်ဖြိုးတိုးတက်ရန်အတွက်လည်း အထူး ပရောဂျက်အနေဖြင့် တွံ့တေး မြို့နယ်တွင် ငါးမွေးမြူရေး စီမံချက်ကို လာမည့် ပွင့်လင်းရာသီ၌ စတင်ရန် ညိုနိူင်းဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။