စီးပွားရေး

ဓာတုဓာတ်ကြွင်းကြောင့် လယ်ယာထွက်ကုန် ပြည်ပဈေးကွက်ဝယ်လိုအား လျော့လာဟုဆို

Want create site? Find Free WordPress Themes and plugins.

ပြည်ပသို့ပို့ကုန်တင်ပို့ရာတွင် လယ်ယာထွက်ကုန်များ၌ ဓာတုဓာတ်ကြွင်းများ ကျန်ရှိနေသဖြင့် ဝယ်လိုအား လျော့ကျလာကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောသည်။

ဝန်ကြီးဒေါက်တာသန်းမြင့်က “ မိမိတို့ထုတ်ကုန်မှာ အရည်အသွေးမရှိတာ၊ မလိုအပ်တဲ့ ဓာတုဗေဒ ဓာတ်ကြွင်းဓာတ်ကျန်တွေ ရောနေတာက အကြီးမားဆုံး ရင်ဆိုင်နေရတဲ့ပြဿနာပါ။ မနေ့တနေ့ကပဲ နိုင်ငံတကာကို ဆန်တင်ပို့တဲ့အခါ ကွန်တိန်နာ ဆယ်လုံးလောက်မှာ အရည်အသွေးညံ့၊ ဓာတ်ကြွင်းဓာတ်ကျန်များတဲ့ ဆန်များပါလာလို့ ပြန်ပို့ခံရတယ်” ဟု ပြောသည်။

လက်ရှိအစိုးရလက်ထက်၌ ပို့ကုန်ကဏ္ဍကို အလေးထားဆောင်ရွက်လျက်ရှိသော်လည်း လယ်ယာထွက်ကုန်များ၏ အရည်အသွေးလျော့နည်းခြင်း၊ ဓာတုဓာတ်ကြွင်းများကျန်ရှိခြင်းက အကြီးမားဆုံးစိန်ခေါ်မှုဖြစ်နေသည်ဟု ၎င်းက မန္တလေးမြို့တော်ခန်းမတွင် ဇူလိုင်လ ၂၃ ရက်က ပြုလုပ်သည့် “အမျိုးသားရေးအမြင်ဖြင့် ဘေးအန္တရာယ်ကင်းသော စားသောက်ကုန်များဆီသို့” ဆွေးနွေးပွဲတွင် ပြောဆိုသည်။

အလားတူ မြန်မာ့နှမ်းနက်၏ အခြေခံအရည်အသွေးကို ဂျပန်နိုင်ငံက ကြိုက်သဖြင့် ဝယ်ယူရာတွင် အန္တရာယ်ရှိသည့် ဓာတုဓာတ်ကြွင်းများတွေ့ရှိသဖြင့် အဝယ်ဖျက်သိမ်းခြင်း၊ ပဲတီစိမ်းကို ထိုင်ဝမ်နိုင်ငံက ၃ နှစ်ဆက်တိုက် ဝယ်ယူလျက် ရှိသော်လည်း ယခုနှစ်တွင် ပဲတီစိမ်း၌ ဓာတ်ကြွင်းများ တွေ့ရှိခြင်းကြောင့် အဝယ်လျော့သွားကြောင်း ဝန်ကြီးဒေါက်တာသန်းမြင့်က ဆက်ပြောသည်။

၂၀၁၅ – ၂၀၁၆ ဘဏ္ဍာနှစ်တွင် ပြည်ပနိုင်ငံများသို့ မြန်မာနိုင်ငံမှ နှမ်းတန်ချိန် စုစုပေါင်း ၉၆,၆၂၁ တန် တင်ပို့ခဲ့ပြီး အမေရိကန် ဒေါ်လာသန်း ၁၃၀ ကျော် ဝင်ငွေရရှိခဲ့ကြောင်း မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း၏ မှတ်တမ်းများအရ သိရသည်။

လယ်ယာထွက်သီးနှံများ စိုက်ပျိုးရာ၌ အန္တရာယ်ရှိ ဓာတုဆေး အသုံးပြုစိုက်ပျိုးနေမှုကို တားဆီးပြီး အရည်အသွေး ပြည့်မီသည့်အထိ ထုတ်လုပ်နိုင်ရန်အတွက် အစိုးရ၊ ဒေသအာဏာပိုင်နှင့် စိုက်ပျိုးထုတ်လုပ်သူများ ပူးပေါင်း၍ အသင်းအဖွဲ့များဖွဲ့စည်း၍ နည်းပညာဖလှယ်ခြင်း၊ စုပေါင်းထိန်းကျောင်း ဖြေရှင်းကြရန် လိုအပ်ကြောင်း ဝန်ကြီးက ပြောသည်။

ဝန်ကြီးပြောဆိုမှုနှင့် ပတ်သက်ပြီး မန္တလေးမြို့အခြေစိုက် ဆန်နှင့်သကြားပို့ကုန်လုပ်ငန်းရှင် ဦးမိုက်က “တောင်သူကို သေချာအသိပညာပေးဖို့ လိုသလို ပြည်တွင်းကိုမှောင်ခိုလမ်းကဝင်နေတဲ့ ပိုးသတ်ဆေးတွေကိုလည်း မဝင်နိုင်အောင် ပိတ်ရမယ်။ တရုတ်ကနေ တရားမဝင်ဝင်နေတဲ့ ပိုးသတ်ဆေးအများစုက နိုင်ငံတကာမှာတောင် မသုံးကြတဲ့ ဆေးတွေ၊ ဒါတွေကို သုံးနေသရွေ့တော့ ဒီပြဿနာတွေ ရှိနေဦးမှာပဲ” ဟု ပြောသည်။

ပြီးခဲ့သည့်နှစ်ပိုင်းက တရုတ်က မြန်မာဆန်ကို တရားဝင်ဝယ်ယူရန်အတွက် အရည်အသွေးပိုင်းဆိုင်ရာ စစ်ဆေး (AQSIQ) ပြုလုပ်ခဲ့ရာ မြန်မာဆန်အချို့တွင် ကျိုင်းကောင်ဥများ ပါရှိပြီး၊ ဓာတ်ကြွင်းများ ကျန်ရှိနေသည်ကို စစ်ဆေးတွေ့ရှိသဖြင့် ဝယ်ယူမှုလျော့ကျခဲ့ကြောင်း မန္တလေးမြို့ခံ ဆန်ကုန်သည်တချို့က ပြောသည်။

၂၀၁၆- ၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတင်ပို့မှု တန်ချိန်ပေါင်း ၁.၇၅သန်းသာ တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ သန်း ၅၅၀ ကျော် ရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ပို့ကုန်ကဏ္ဍမှ အမေရိကန်ဒေါ်လာ သန်း ၁၂,၀၀၀ နီးပါး ရရှိခဲ့သည့်အနက် လယ်ယာထွက်ကုန်ပစ္စည်း တင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း ၂,၉၀၀ ကျော် ရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading