စီးပွားရေး

ဒီမိုကရေစီခေတ်မှာမှ မီးက ပြန်မှောင်နေသလား

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံတွင် လျှပ်စစ်မီး မကြာခဏ ပြတ်တောက်နေခြင်းက ပြည်သူများကို ဒေါသဖြစ်စေခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အစိုးရ၏ ၁၄ လတာ ကာလအတွင်းမှ စီးပွားရေးနှင့် နိုင်ငံရေး အပြောင်းအလဲ အတိုင်းအတာနှင့် ပတ်သက်၍ စိတ်ပျက်အားလျော့မှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်စေခဲ့သည်။

ပူပြင်းခြောက်သွေ့သော ရာသီကုန်ဆုံး၍ မိုးရွာသည့် မုတ်သုန်ရာသီရောက်သည့် အချိန်တွင် စစ်အစိုးရ အုပ်ချုပ်စဉ်ကတည်းက ကာလရှည်ကြာစွာ တွေ့ကြုံခဲ့ရသည့် လျှပ်စစ်မီးပျက်ခြင်းက ပြန်ဖြစ်လာပြီး သုံးစွဲမှုလိုအပ်ချက် တိုးလာသည့်အတွက် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု မြှင့်တင်ပေးရန် အစိုးရက ကတိပြုထားခြင်းအပေါ် စိန်ခေါ်လာခဲ့သည်။

လျှပ်စစ်ဓာတ်အားပြဿနာက ပေါ်လွင်ထင်ရှားသည့် အကြောင်းတခု ဖြစ်လာပြီး ရာစုနှစ် တဝက်နီးပါးမျှကြာမြင့်ခဲ့သော စစ်အုပ်ချုပ်ရေးကြောင့် ဖြစ်ပေါ်ခဲ့ရသော လူမှုပြဿနာ ပေါင်းများစွာကို အရပ်သား အစိုးရက ကိုင်တွယ်ဖြေရှင်းမှု အပေါ် တွင် ပြည်သူတို့၏ စိုးရိမ်မှုကို ခိုင်မာစေခဲ့သည်။ အစိုးရကို ဦးဆောင်သည့် ဒေါ်အောင်ဆန်းစု ကြည်က ပြည်သူတို့၏ လေးစားထောက်ခံမှုကို ဆက်လက်ထိန်းသိမ်းထားနိုင်သော်လည်း သူ၏ အပျံသင်စ အစိုးရနှင့် ဆက်ဆံဆောင်ရွက်ခဲ့သူ အချို့က အစိုးရသစ်သည် စီမံခန့်ခွဲမှုပိုင်းတွင် ကျွမ်းကျင်မှု အားနည်းပြီး တိုင်ပင်ဆွေးနွေးမှု သို့ မဟုတ် ဆက်သွယ်ဆောင်ရွက်မှု လုံလောက်အောင် မပြုလုပ်ကြောင်း ပြောကြသည်။

“စီးပွားရေးသမားတွေနဲ့ အထက်တန်းလွှာတွေရဲ့ ငြီးငြူသံတွေကို အရင်ကထက် ပိုပြီးကြားရမှာ သေချာပါတယ်” ဟု လေ့လာစောင့်ကြည့်သူ တဦးဖြစ်သည့် Richard Horsey ကပြောသည်။ သူက စီးပွားရေးမြို့တော် ဖြစ်သည့် ရန်ကုန်မြို့ တွင် ကာလကြာရှည်စွာ နေထိုင်ခဲ့သူတဦး ဖြစ်သည်။ မကြာသေးမီက ရန်ကုန်မြို့လယ်မှ သူ၏ တိုက်ခန်းတွင် ၁၂ နာရီ နီးပါးကြာမြင့် သည်အထိ ဓာတ်အားပြတ်တောက်မှုနှင့် ရင်ဆိုင်ခဲ့ရသည်ဟုလည်း ပြောသည်။

“အစိုးရသက်တမ်း ပထမနှစ် နဲ့ပတ်သက်လို့ သိပ်ပြီး စိတ်တိုင်းမကျကြဘူး။ ပြသနာတွေကို ဖော်ထုတ်ဖို့ အဖြေရှာပေးမယ့် ယန္တယားတခုလို အစိုးရက လုပ်မနေဘူး။”

ဓာတ်အားပြတ်တောက်ခြင်းက ပုံမှန်ထက်ပိုလာပြီး မကြာခဏဆိုသလို ဆက်တိုက်ဖြစ်ပွားနေခြင်းကြောင့် လူမှု မီဒီယာ များ ပေါ်တွင် စိတ်ပျက်လက်ပျက် ပြောဆိုမှုများ ပေါ်ထွက်စေခဲ့သည်။ မီးပြတ်တောက်ခြင်း၏ သားကောင် ဖြစ်ခဲ့ရသည့် ထိပ်တန်း ပုဂ္ဂိုလ်တဦးမှာ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းဖြစ်ပြီး မကြာသေးမီက အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများကို မြှင့်တင်ရန် ရည်ရွယ်ပြုလုပ်သည့် နိုင်ငံတကာ အခန်းအနားတခုတွင် မီးပျက်ခြင်းကို ကြုံတွေ့ခဲ့ရခြင်း ဖြစ်သည်။

ဒီဂျစ်တယ် ရုပ်ပြ(comics) ကုမ္ပဏီတခု ထူထောင်ထားသည့် အသက် ၂၈ နှစ် အရွယ်လုပ်ငန်းရှင် တယောက်ဖြစ်သော ကိုအောင် ရဲကျော်က တခါတရံတွင် လျှပ်စစ်မီးက တမနက်လုံးနီးပါး ပြတ်တောင်နေသည့် အတွက် သူ၏ ပန်းချီဆရာ များမှာ ပုံဆွဲရန် အလင်းရောင် မရရှိကြဘဲ နည်းပညာရှင်များမှာလည်း ပုံများကို အချောသတ်ရန်အတွက် scan မပြု လုပ်နိုင်ကြကြောင်း ပြောသည်။

“တာဝန်ရှိသူတွေက ကွန်ရက် (grid) တခုချင်း ပစ္စည်းတွေ အကုန်လုံးလဲ နေတယ်လို့တော့ကြားပါတယ်။ ဒါကြောင့် ပိုပြီး မကြာမကြာပျက်ဦးမယ့် သဘောပေါ့။ ကျနော်တို့အဲဒါကို ယုံကြည်ရမယ်လေ။ ဘာကြောင့်လဲ ဆိုတော့ အဲဒါကို ကျနော်တို့ မြင်နိုင်တာမှ မဟုတ်တာ” ဟု သူကပြောသည်။ ထိုအချိန်တွင် အခန်းတွင်းမှ အလင်းရောင်များကလည်း လင်းလိုက် မှိန် လိုက်ဖြစ်နေသည်။

သူ၏ စီးပွားရေးလုပ်ငန်းအတွက် ကိုယ်ပိုင်မီးစက်ကို သုံးစွဲနေရခြင်းကြောင့် အပိုကုန်ကျစရိတ် တနှစ်လျှင် အမေရိကန် ဒေါ်လာ ၁၅၀၀၀၀ နီးပါးရှိသည်ဟု စက်ရုံပိုင်ရှင် တယောက်က ပြောသည်။ အဘယ်ကြောင့် ဆိုသော် ထိုသို့ပြုလုပ်ရ ခြင်း က အစိုးရမှ ဖြန့်ဝေပေးသော ဓာတ်အားခ အများဆုံးနှုံးထားထက်ပင် ၆ ဆ များနေသောကြောင့် ဖြစ်သည်။

“ဒီအစိုးရသစ်က အများကြီးမလုပ်နိုင်ခဲ့တာ သတိထားမိသလား” ဟု အဆိုပါ စီးပွားရေး လုပ်ငန်းရှင်က ပြောသည်။ အစိုးရ သစ်ကို တိုက်ခိုက်သည်ဟု အမြင်ခံရမှာကို မလိုလားသည့် အတွက် အခြားသောသူများကဲ့သို့ပင် သူ၏ အမည်ကို မဖော်ပြ ရန် တောင်းဆိုခဲ့သည်။ “တခုခု စလုပ်ဖို့အတွက်ကို ဘယ်သူမှ မလုပ်ဘူးလို့ ကျနော်ထင်ပါတယ်။”

လျှင်မြန်စွာတိုးတက်လာနေသော စီးပွားရေး၏ လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန် နိုင်ငံခြား ကုမ္ပဏီများထံမှ အရေးပေါ် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုများ ရရှိရန် အစိုးရ၏ အစီအစဉ်များကလည်း ယခုချိန်အထိ ရလဒ်မထွက်ပေါ်လာသေးပါ။

တိုင်းပြည်တွင် ယခင် အချိန်များကထက်ပို၍ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု ပြဿနာကို မည်သို့ဖြေရှင်းမည် ဆိုသည့် ဗျူဟာကလည်း မသဲကွဲသေးပါ။ အရှေ့တောင်အာရှ၏ အဆင်းရဲဆုံး နိုင်ငံများထဲတွင် ပါဝင်နေသေး သော မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အားကဏ္ဍက အစိုးရ၏ စိုက်ထုတ်ကုန်ကျမှုအပေါ်တွင် ကြီးမားစွာ မှီခိုနေရဆဲ ဖြစ်ပြီး ကျေးလက်ဒေသ တွင် နေထိုင်သူ အများအပြားမှာ ယခုတိုင် ဓာတ်အား ကွန်ရက်(national grid) နှင့် မချိတ်ဆက်နိုင်သေးပါ။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ တွဲဖက် အတွင်းရေးမှူး ဒေါ်မြသူဇာကလည်း လူတိုင်းက လျှပ်စစ် ဓာတ်အား နှင့် ပတ်သက်၍ စိုးရိမ်နေကြကြောင်း ဝန်ခံခဲ့သည်။ အဆင့်မြင့် အိမ်ယာအသစ်များ နှင့် စက်မှုဇုန်များသို့ ရောက်လာ နေကြ သော ကုမ္ပဏီများကပင်လျှင် ကိုယ်ပိုင် မီးစက်များကို အသုံးပြုနေကြရကြောင်း အဘယ်ကြောင့် ဆိုသော် အစိုးရ လျှပ်စစ်ဓာတ် အားအပေါ်တွင် အားကိုးအားထား မပြုနိုင်သေးဟု သူတို့က ခံစားနေကြ၍ ဖြစ်ကြောင်း ဒေါ်မြသူဇာက ပြော သည်။

တာဝန်ရှိသူများက နှစ် ၅၀ နီးပါး သက်တမ်းရှိပြီ ဖြစ်သော ဓာတ်အားဖြန့်ဖြူးရေးလိုင်းများကို ပြုပြင်နေခဲ့သည်ဟု သူက ပြောသည်။ သို့သော်လည်း အသုံးပြုသူများကို ဓာတ်အားပြတ်တောက်မည် ဖြစ်ကြောင်း သတိပေးရန် ပျက်ကွက်ခဲ့ခြင်း ကြောင့်လည်း ဒေါသထွက်မှုများ ဖြစ်ပေါ်စေခဲ့သည်။

“တိုင်ကြားမှုတွေ အများကြီးပဲ” ဟု ဒေါ်မြသူဇာက စိတ်ပျက်စွာပြောသည်။ ပြီးခဲ့သည့်ရက်က သူတို့ရုံးမှာပင် ကြိုတင် အသိပေးခြင်းမရှိဘဲ နာရီပေါင်းများစွာ ဓာတ်အားပြတ်တောက်ခဲ့ကြောင်း သိရသည်။ “စိန်ခေါ်မှုတွေကတော့ အများကြီး ပါပဲ။”

လျှပ်စစ်ဓာတ်အားနှင့် ပတ်သက်၍ တရားဝင် လမ်းညွှန်မှုမရှိခြင်းက သိသာထင်ရှားနေသောကြောင့် ဒေါ်အောင်ဆန်း စုကြည် အစိုးရ အတွင်းတွင် ဆုံးဖြတ်ချက်ချမှတ်မှုများက အထက်မှ အောက်သို့ အမိန့်ပေးခြင်း နှင့် ပွင့်လင်း မြင်သာမှု မရှိခြင်းတို့ အပေါ် စိုးရိမ်မှုများ ကျယ်ပြန့်လာပြီး ဝေဖန်သူများပြောကြသလို ဒေါ်အောင်ဆန်းစုကြည်၏ တဦးတည်းက သြဇာလွှမ်းမိုးမှုကို ထင်ဟပ်နေသည်။ ဒေါ်အောင်ဆန်းစုကြည်၏ အစိုးရတွင်လည်း ဆယ်စုနှစ် ၇ ခုနီးပါး ကြာ မြင့်ခဲ့သော ပြည်တွင်းပဋိပက္ခကို အဆုံးသတ်စေရန် ရည်ရွယ်သည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ကဲ့သို့သော အရေးကြီး သည့် တာဝန်များ ရှိနေပြီး ဖြစ်သည်။

နောက်ထပ် စိုးရိမ်မှုတခုမှာ လွှတ်တော်ကိုယ်စားလှယ်နေရာများနှင့် အရေးပါသော ဝန်ကြီးဌာနများကို ထိန်းချုပ်၍ ယခု တိုင် အာဏာကို ဆုပ်ကိုင်ထားဆဲဖြစ်သည့် စစ်တပ်အပေါ် အချို့သော ကိစ္စများတွင် သစ္စာစောင့် သိနေဆဲ ဖြစ်သော ဝန်ထမ်း အဖွဲ့အစည်း အတွင်းမှ ဗျူရိုကရေစီ နှေးကွေးလေးလံမှု စွပ်စွဲချက်များနှင့် ပတ်သက်၍ ဖြစ်သည်။ အစိုးရသစ် နှင့် ပတ်သက်၍ “ခေါင်းပဲ ပြောင်းသွားတယ်။ ကိုယ်လုံးကတော့ မပြောင်းဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီကို ထောက်ခံသူ တဦးက ပြောသည်။

မြန်မာ ခေါင်းဆောင်ကို ထောက်ခံသူများက လျှပ်စစ်ဓာတ်အားပြဿနာသည် သူတို့၏ သမိုင်းဝင် အစိုးရသည် ရာထူး လက်ခံထားသော်လည်း အမှန်တကယ် အာဏာ မရှိကြောင်း ပြသနေသည့် အရိပ်လက္ခဏာ တခု သဖွယ် အညင်းပွား နေကြသည်။

အစိုးရ၏ စွမ်းအင်မူဝါဒကို ကာကွယ်ရင်း ဦးဝင်းထိန် က တိုင်းပြည်၏ ခေါင်းဆောင်သစ်များကို ပိုမို နားလည်ပေးကြရန်လည်း တောင်းဆိုခဲ့သည်။ ခေါင်းဆောင်သစ် အများစုမှာ သူတို့၏ ဘဝဟောင်းများ ဖြစ်သည့် လျှို့ဝှက် ဆောင်ရွက်ရသည့် တက်ကြွ လှုပ်ရှားသူများ သို့မဟုတ် နိုင်ငံရေး အကျဉ်းသားများ အနေအထားမှ ပြန်လည်ချိန်ညှိခြင်းများ ပြုလုပ်နေကြရသည်ဟု သူက ဆိုသည်။

“သူတို့ အကောင်းဆုံး ကြိုးစားနေကြတယ်။ သူတို့ လာဘ်မစားဘူး။ စောဒကတက်နေတဲ့သူတွေကို မေးလိုက်ပါ။ စစ်တပ် က နောက်တခါ အာဏာပြန်ယူစေချင်သလားလို့” ဟု ဦးဝင်းထိန်က ပြောသည်။

( Financial Times သတင်းစာပါ Michael Peel ၏ Myanmar blackouts recall darker days ကို ဘာသာပြန်သည်)

Did you find apk for android? You can find new Free Android Games and apps.
Loading