ပရိဘောဂ လုပ်တဲ့ နေရာမှာ ဘယ်ပစ္စည်း၊ ဘယ်အသားကိုတော့ ပိုကြိုက်တယ် ဆိုတာမျိုး မရှိဘူးလို့ Sirboni Furnishings ရဲ့ ဒီဇိုင်နာနဲ့ တွဲဖက်တည်ထောင်သူ ကိုလင်းတင်ထွန်းနီ က ဆိုပါတယ်။ “ဒီဇိုင်းလိုအပ်ချက်အရ သံပဲ ဖြစ်ဖြစ်၊ ဝါးပဲ ဖြစ်ဖြစ်၊ သစ်ပဲ ဖြစ်ဖြစ်၊ ကြိမ်ပဲ ဖြစ်ဖြစ် အသုံးပြုပြီး သက်တောင့်သက်သာ ရှိဖို့ကိုတော့ အမြဲထည့်စဉ်းစားပါတယ်” လို့ သူက ဧရာဝတီကို ပြောပါတယ်။ပရိဘောဂ လုပ်တဲ့ နေရာမှာ ဘယ်ပစ္စည်း၊ ဘယ်အသားကိုတော့ ပိုကြိုက်တယ် ဆိုတာမျိုး မရှိဘူးလို့ Sirboni Furnishings ရဲ့ ဒီဇိုင်နာနဲ့ တွဲဖက်တည်ထောင်သူ ကိုလင်းတင်ထွန်းနီ က ဆိုပါတယ်။ “ဒီဇိုင်းလိုအပ်ချက်အရ သံပဲ ဖြစ်ဖြစ်၊ ဝါးပဲ ဖြစ်ဖြစ်၊ သစ်ပဲ ဖြစ်ဖြစ်၊ ကြိမ်ပဲ ဖြစ်ဖြစ် အသုံးပြုပြီး သက်တောင့်သက်သာ ရှိဖို့ကိုတော့ အမြဲထည့်စဉ်းစားပါတယ်” လို့ သူက ဧရာဝတီကို ပြောပါတယ်။
ရန်ကုန်မြို့ ၊ အင်းစိန်မြို့နယ်မှာရှိတဲ့ Sirboni Furnishings အရောင်းပြခန်းထဲက ပရိဘောဂထည်တွေက သူပြောတာကို သက်သေထူနေပါတယ်။ သစ်သားကို သားရေနဲ့ ပေါင်းစပ်ထားတဲ့ ခေါက်ထိုင်ခုံလေးက ပရိဘောဂဆိုင်တွေမှာ မြင်နေကျ ထိုင်ခုံမျိုးတွေနဲ့ မတူအမြင်ဆန်းပါတယ်။ သစ်သားချောင်းကြီး သုံးချောင်းကို ခြေထောက်အဖြစ် သုံးပြီး မှန်အခင်းနဲ့ စားပွဲ ဝိုင်းကြီး ကလည်း ရှေးဆန်ဆန် ဒီဇိုင်းမျိုး ဖြစ်ပါတယ်။
Sirboni Furnishings ပရိဘောဂထည် လုပ်ငန်းကို ၁၉၉၅ ခုနှစ်မှာ ဦးတင်ထွန်းနီ က စတင်လုပ်ကိုင်ခဲ့တာ ဖြစ်ပြီး စတင်ခဲ့တဲ့ အချိန်မှာတော့ စီးပွားဖြစ် လုပ်ငန်းအနေနဲ့ မဟုတ်ဘဲ မိသားစုလုပ်ငန်းတခု အနေနဲ့ ဝါသနာအရင်းခံပြီး လုပ်ကိုင်ခဲ့တာ ဖြစ်တယ် လို့ ဆိုပါတယ်။ ၂၀၁၂ ခုနှစ်က စပြီးတော့ ပြည်တွင်းဈေးကွက်မှာ အရောင်းမြှင့်ဖို့ ရည်ရွယ်ပြီး Sirboni ဆိုတဲ့ အမှတ်တံဆိပ်ကို ရွေးချယ်ခဲ့ပါတယ်။ Sirboni ဆိုတဲ့ အမှတ်တံဆိပ်ဟာ ကိုလင်းတင်ထွန်းနီ ရဲ့ အဘိုး ဖြစ်သူ ဦးဘိုနီကို အစွဲပြုပြီး နာမည်ရှေ့မှာ Sir ဆိုတာ ထည့်လိုက်တာ ဖြစ်တယ်လို့ ကိုလင်းတင်ထွန်းနီ က ရှင်းပြပါတယ်။
အသက် ၂၅ နှစ်သာ ရှိသေးတဲ့ လူငယ်လုပ်ငန်းရှင် ကိုလင်းတင်ထွန်းနီ ကို မိသားစုပရိဘောဂ လုပ်ငန်း Sirboni ကို ပြည်တွင်း ဈေးကွက်မှာ ဘယ်လို ချဲ့ထွင်သွားမလဲ၊ သူ့ရဲ့ ဒီဇိုင်း စိတ်ကူးစိတ်သန်းတွေ၊ ထုတ်လုပ်မှုပိုင်း ဆိုင်ရာနဲ့ လုပ်ငန်း အခက်အခဲ စိန်ခေါ်မှုတွေ အကြောင်းကို ဧရာဝတီရဲ့ သတင်းထောက် တင်ထက်ပိုင် က တွေ့ဆုံမေးမြန်းထားပါတယ်။
မေး။ ။ ပရိဘောဂ ဒီဇိုင်နာ ဘယ်လို ဖြစ်လာခဲ့တာလဲ ပြောပြပေးပါလား။
ဖြေ။ ။ ကျနော် အမေရိကားကနေ Mechanical Engineering နဲ့ ဘွဲ့ရခဲ့ပါတယ်။ အဲဒါက ဒီပရိဘောဂလုပ်တာနဲ့ ဘယ်လို သက်ဆိုင်လဲ ခဏခဏ အမေးခံရပါတယ်။ အဓိကကတော့ ပရိဘောဂကလည်း ဆောက်လုပ်ရေး (construction) ပါပဲ။ ဒီပစ္စည်း (material) တခုကို နားလည်ပြီးတော့ သစ်ပဲ ဖြစ်ဖြစ်၊ ဝါးပဲ ဖြစ်ဖြစ်၊ သံပဲ ဖြစ်ဖြစ် ဒီပစ္စည်းကို နားလည်ပြီးတော့ အန္တရာယ်ကင်းတဲ့၊ တောင့်တင်းခိုင်မာမှုရှိတဲ့ ဆောက်လုပ်မှု တခုကို တည်ဆောက်နိုင်ဖို့ က ဘယ် ပရိဘောဂလုပ်လုပ် အရေးအကြီးဆုံးပါပဲ။ ဒါမှလည်း သုံးစွဲသူတွေ အတွက် အန္တရာယ်ကင်းမှာပါ။ ဒီဇိုင်းပိုင်းနဲ့ ပရိဘောဂပိုင်းကိုတော့ ကိုယ့်ဘာသာ သီးသန့် လေ့လာရပါတယ်။ ပြီးတော့ ကျန်တာကတော့ ကျောင်းက ရခဲ့တဲ့ engineering အသိပညာနဲ့ လုပ်ပါတယ်။
မေး။ ။ ဒီဇိုင်းပိုင်းနဲ့ ပတ်သက်ပြီး ဘယ်လို အရာတွေ၊ ဘယ်သူတွေဆီကနေ စိတ်ကူးစိတ်သန်း ရခဲ့တာလဲ။
ဖြေ။ ။ ဘယ်နေရာ ဘာပဲ ဖြစ်ဖြစ် ဒီဇိုင်းစိတ်ကူး စိတ်သန်းကို ယူပါတယ်။ ဖက်ရှင်ဒီဇိုင်းပဲ ဖြစ်ဖြစ် ဘယ်နေရာကမဆို ရရင် ရသလို ယူတယ် ဆိုတော့ ဆရာတွေကတော့ နယ်ပယ်တိုင်းမှာ ရှိပါတယ်။ တခါတလေလည်း ပန်းချီကား တချပ်ကနေ စိတ်ကူးစိတ်သန်း ရတာမျိုးတွေ ရှိပါတယ်။
မေး။ ။ Sirboni ကို တခြား ပရိဘောဂထုတ်လုပ်သူတွေနဲ့ မတူဘဲ ကွဲပြားစေတာက ဘာဖြစ်မလဲ။
ဖြေ။ ။ အဓိကကတော့ ကျနော်တို့က ဒီဇိုင်းကို အခြေခံပါတယ်။ ပြီးတော့ တာရှည်ခံမှုနဲ့ သုံးတဲ့ ပစ္စည်းကို အလေးထား ပါတယ်။ သုံးတဲ့ ပစ္စည်းနဲ့ ပတ်သက်ပြီး ရိုးသားပါတယ်။ သစ်ရဲ့ သဘောသဘာဝ၊ ဝါးရဲ့ သဘောသဘာဝကို အရမ်းကြီး ဖုံးကွယ်ထားမှု မရှိဘူး။ လိုအပ်သလောက်ပဲ coating တင်ပါတယ်။ မြင်လိုက်တာနဲ့ ဘာပစ္စည်း သုံးထားသလဲ ဆိုတာ တန်းသိတယ်။ ဆောက်လုပ်မှုအပိုင်းမှာလည်း ရိုးရာနည်းလမ်းတွေ သုံးပြီးတော့ တည်ဆောက်တာမျိုးတွေ ရှိပါတယ်။
မေး။ ။ Sirboni ရဲ့ ဒီဇိုင်းသင်္ကေတတွေက ဘာတွေ ဖြစ်မလဲ။
ဖြေ။ ။ ဒီဇိုင်းနဲ့ အဆင်း သဏ္ဌာန် အရတော့ ကျနော်တို့ ပရိဘောဂတွေက ကျေးလက် နည်းနည်းဆန်တယ်၊ ရှေးဆန်တဲ့ ပုံစံမျိုးတွေ ဖြစ်ပြီးတော့ လက်ရာမြောက်တဲ့ လက်မှုပညာတွေကိုလည်း တန်ဖိုးထား ထည့်သွင်းထားတဲ့ ဒီဇိုင်းပုံစံတွေ ဖြစ်ပါတယ်။ ကျနော်တို့ရဲ့ ဒီဇိုင်းတွေက ရေရှည် တည်တံ့မှုနဲ့ အသုံးပြုတဲ့ သူတွေ အတွက် ဘာနဲ့မှ မတူတဲ့ ခံစားမှု အတွေ့အကြုံ မျိုးကို ပေးနိုင်ဖို့ ကြိုးစားပါတယ်။ ဒီ ပရိဘောဂထည် တခုဟာ သုံးတဲ့သူ အတွက်အနှောင့်အယှက် တခုလို ဖြစ်မနေဘဲ သူ့ဘဝထဲကို တဖြည်းဖြည်းနဲ့ မသိမသာ စိမ့်ဝင်သွားစေနိုင်မယ့် ဒီဇိုင်းမျိုးတွေကို ထုတ်လုပ်ပါတယ်။
မေး။ ။ ရေရှည်တည်တံ့မှုရှိတဲ့ ဒီဇိုင်းမျိုးဆိုတာကို ရှင်းပြပေးပါဦး။
ဖြေ။ ။ ရေရှည်တည်တံ့မှု ဆိုတာက ကြာကြာ အသုံးခံနိုင်မှု၊ ခိုင်ခံ့မှုက စ,ပါတယ်။ ၂၁ ရာစုမှာ လူတွေအားလုံး အလုပ် များကြ ပါတယ်။ ပစ္စည်းတခု ပျက်သွားရင် ပြင်ဖို့ အတွက် အားစိုက်ရတာ အသစ်တခု ဝယ်လိုက်တာထက် ပိုခက်ပါတယ်။ ပထမဆုံး ဒီပစ္စည်းတခုကို မပစ်လိုက်ရအောင် ကြာကြာသုံးလို့ ရအောင် ဘယ်လို တည်ဆောက်မလဲ ဆိုတာက စ,ပါတယ်။ ဒုတိယ ကတော့ ပရိဘောဂ လုပ်ဖို့ သုံးတဲ့ ပစ္စည်းရွေးချယ်မှုပါ။ ပစ္စည်းတခုနဲ့ တခုက သဘောသဘာဝ မတူတဲ့ အတွက် တည်ဆောက်ရပုံခြင်း မတူပါဘူး။
ပြီးတော့ ပစ္စည်းကို ရွေးချယ်တဲ့ အခါမှာလည်း သစ်ဆိုရင် တရားဝင်သစ် ဖြစ်ဖို့၊ ဝါးဆိုရင်လည်း စိုက်ခင်းတွေဆီက လာတဲ့ ဝါး ဖြစ်ဖို့ အရေးကြီးပါတယ်။ စီးပွားရေး လုပ်ပြီ ဆိုရင်တော့ အနည်းနဲ့ အများ ကတော့ ရေရှည် အကျိုးမဖြစ်ထွန်းနိုင်တဲ့ လုပ်ကိုင်ပုံတွေ အနည်းနဲ့ အများ ပါလာနိုင်ပါတယ်။ ဒါပေမယ့် နည်းနိုင်သမျှ နည်းအောင် လျှော့ချဖို့က အရမ်းအရေးကြီး ပါတယ်။ မြန်မာနိုင်ငံမှာ သစ်တောတွေလည်းတော်တော် ပြုန်းတီးနေပါပြီ။ အဲဒါကြောင့် ရေရှည်တည်တံ့တဲ့ လုပ်ကိုင်ပုံတွေက အင်မတန် အရေးပါပါတယ်။
မေး။ ။ ပြည်တွင်းဈေးကွက်ရဲ့ တောင်းဆိုမှုကရော ဘယ်လိုရှိလဲ။
ဖြေ။ ။ ပြည်တွင်းဈေးကွက် တောင်းဆိုမှုကတော့ နည်းပါသေးတယ်၊ ဒါပေမယ့် အများကြီး အဆင်ပြေပါတယ်။ ကျနော်တို့ လုပ်ငန်းကျယ်ပြန့် တိုးတက်လာဖို့ အတွက် အများကြီး အထောက်အကူ ပြုပါတယ်။ အခက်အခဲ ကြီးကြီး မားမားတော့ မရှိပါဘူး။ ပြည်ပဈေးကွက် တောင်းဆိုမှုတွေလည်း ရှိပါတယ်။ ဒါပေမယ့် ကျနော်တို့က ပြည်တွင်း ဈေးကွက်ကို ပိုအာရုံစိုက်ပါတယ်။ ဒီလို ဒီဇိုင်းမျိုးတွေကို ပြည်တွင်းသုံးစွဲသူတွေ နှစ်သက်မှုက နောက် ၄ – ၅ နှစ်မှာ ပိုများလာမယ် လို့ တထစ်ချ ယုံကြည်ပါတယ်။
မေး။ ။ ပရိဘောဂထည်တွေ လုပ်ဖို့ သုံးတဲ့ materials တွေကို ဘယ်လို ရွေးချယ်လဲ၊ ဘယ်ပစ္စည်း၊ ဘယ်အသားကို တော့ ပိုကြိုက်တယ် ဆိုတာမျိုးရှိလား။
ဖြေ။ ။ ဘယ်ပစ္စည်း၊ ဘယ်အသားကိုတော့ ပိုကြိုက်တယ် ဆိုတာမျိုး မရှိပါဘူး။ ဒီဇိုင်းကို ဦးစားပေးတဲ့ လုပ်ငန်း ဖြစ်တဲ့ အတွက်ကြောင့်ပါ။ အဆင်ပြေရင် ပြေသလို ဒီဇိုင်း လိုအပ်ချက်အရ သံပဲ ဖြစ်ဖြစ်၊ ဝါးပဲ ဖြစ်ဖြစ်၊ သစ်ပဲ ဖြစ်ဖြစ်၊ ကြိမ်ပဲ ဖြစ်ဖြစ် အသုံးပြုပါတယ်။
မေး။ ။ ပြည်တွင်းဈေးကွက်ကို ဘယ်လိုချဲ့ထွင်ဖို့ စဉ်းစားထားလဲ။
ဖြေ။ ။ Branding ကို ပိုအာရုံစိုက် လုပ်သွားမှာ ပါ။ ဒီပရိဘောဂထည် ထုတ်လုပ်တဲ့ လုပ်ငန်းတွေမှာ Branding နဲ့ Marketing ပိုင်း အားနည်းပါတယ်။ လုပ်ငန်းနယ်ပယ် တခုလုံး အတွက်တော့ ကျနော်တို့ ကိုယ်စားပြု မပြောနိုင်ပါဘူး။ ဒါပေမယ့် ကျနော် မြင်ရသလောက်တော့ ဒီမားကက်တင်း ပိုင်းမှာ ဖန်တီးမှု အားနည်းတယ်။ လူတွေကို ကိုယ့်ပစ္စည်း ကြိုက်လာအောင် မဆွဲဆောင်နိုင်ဘူး။ ဘယ်အပိုင်းမှာပဲ များနေလဲ ဆိုတော့ အသုံးတည့်မှုနဲ့ ဈေး အပေါ်မှာပဲ ရှိနေတယ်။ ဒီ ပစ္စည်းတခုသုံးလို့ အဆင်ပြေမလား၊ ပြေတယ် ဆိုရင် ဈေးကို ကြည့်တယ်၊ ဈေးက သက်သာလား၊ သက်သာတယ် ဆိုရင် သုံးတယ်။ စိတ်ခံစားမှုနဲ့ ဝယ်တဲ့ဟာမျိုး အားနည်း နေသေးတယ်။
ကျနော်တို့ အနေနဲ့ကတော့ အဲဒီအပိုင်းကို သွားတယ်။ စိတ်ခံစားမှုနဲ့ ပစ္စည်းက သက်သာချင်မှလည်း သက်သာမယ်၊ ဒါပေမယ့် ဒီပစ္စည်းလေးတခုကို နှစ်နှစ်ကာကာ ကြိုက်လို့ ဝယ်တယ် ဆိုတဲ့ဟာမျိုးကို ဖန်တီးချင်တယ်။ အဲဒါမျိုး ဖန်တီးဖို့ အတွက် မာကတ်တင်း လုပ်တဲ့ အခါမှာ ဆိုရှယ်မီဒီယာကနေ တဆင့် Storytelling နဲ့ သုံးစွဲသူတွေကို ကိုယ့်အမှတ် တံဆိပ်က ဘာကို ကိုယ်စားပြုလဲ၊ ဘာဖြစ်ချင် နေတာလဲ၊ သူတို့ကို ဘယ်လို အကျိုးပြုမလဲ ဆိုတာ ရှင်းပြရင်းနဲ့ ဖြည်းဖြည်း ဖြည်းဖြည်းပဲ Brand က ကျယ်ပြန့်လာမယ် လို့ မျှော်လင့်ပါတယ်။
ဖြေ။ ။ အဓိကက ထုတ်လုပ်မှု အပိုင်းမှာ အခက်အခဲတွေ အများကြီး ရှိပါတယ်။ ပြီးတော့ အစိုးရ အကူအညီပေါ့။ ပြည်တွင်းမှာ ကုန်ပစ္စည်းတခု ထုတ်လုပ်ဖို့ ဆိုတာမှာ အစိုးရ အခန်းကဏ္ဍက အရမ်းအရေးကြီး ပါတယ်။ မြန်မာပြည်မှာ စားသုံးမှု (consumption) က အရမ်းမြင့်တက် လာပါပြီ။ နိုင်ငံခြား ကုန်ပစ္စည်း အမှတ်တံဆိပ်တွေလည်း ဝင်လာပြီ။ ဒါပေမယ့် နိုင်ငံခြား ရင်းနှီးမြှုပ်နှှံမှုရဲ့ ဒီ အမြတ်ဖြစ်ထွန်းမှု ပိုက်ဆံတွေက မြန်မာပြည်ထဲမှာ လည်ပတ်နေတာ မဟုတ်ပါဘူး။ ဒါကြောင့် စားသုံးမှု (consumption) ထက် ထုတ်လုပ်မှု (production) က ပိုများနေမယ် ဆိုရင် အဆင်ပြေမှာပါ။
အဲဒီတော့ ကျနော်တို့ လုပ်ငန်းတွေ အနေနဲ့ ကျွမ်းကျင်လုပ်သား ပြဿနာတွေ ရှိလာတယ်။ နိုင်ငံက ကျွမ်းကျင်လုပ်သား တွေ ပြည့်ပြည့်ဝဝ မထုတ်လုပ်ပေး နိုင်သေးဘူး။ ပြီးတော့ လျှပ်စစ်မီးနဲ့ တခြား အခြေခံအဆောက်အအုံ ကအစ အရမ်း အရေးကြီးပါတယ်။ ဒီဟာတွေ ရှိမှ ကုန်ပစ္စည်းတွေကို ဈေးသက်သက်သာသာနဲ့ ထုတ်နိုင်မှာ ပါ။ နောက်တခုက ဒီဇိုင်းတွေ နဲ့ လက်မှုပညာတွေ၊ ဒီလက်မှုပညာတွေဟာ တိုးတက်ပြီးသားနိုင်ငံတွေမှာ တိမ်ကောသွားဖို့ အရမ်းလွယ်ပါတယ်။ ဒီတိမ်ကောသွားမယ့် ဟာတွေကို ထိန်းသိမ်းဖို့ဆိုတာ ပုဂ္ဂလိက ကဏ္ဍ တခုတည်းနဲ့ မရပါဘူး။ အစိုးရကလည်း ဒီဟာတွေကို ထိန်းသိမ်းပြီးတော့ ကူညီဖို့ လိုအပ်ပါတယ်။
မေး။ ။ ပရိဘောဂထည်ပစ္စည်း လုပ်တဲ့ နေရာမှာ ဘယ်ဟာက အရေးအကြီးဆုံးလဲ။
ဖြေ။ ။ အရေးအကြီးဆုံးရယ်လို့တော့ မရှိဘူးလို့ ထင်တယ်။ အရေးကြီးတဲ့ ဟာတွေထဲကမှ အရေးအကြီးဆုံး ဆိုရင် တော့ ပရိဘောဂ ဆိုတာ လူတွေ အတွက် ထုတ်လုပ်ထားတဲ့ ပစ္စည်း ဖြစ်ပါတယ်။ အဲတော့ လူတွေကို သက်သောင့်သက်သာ ဖြစ်စေဖို့က အရေးအကြီးဆုံးလို့ မြင်ပါတယ်။ သက်တောင့်သက်သာ မရှိရင် ပစ္စည်း material ကုန်တာပဲ အဖတ်တင်တယ်။ ပြီးတော့ ခိုင်ခံမှုပါ။ သက်တောင့်သက်သာလည်း ဖြစ်ရမယ်၊ ခိုင်ခံ့မှုလည်း ရှိရမယ်။ အဲဒီ နှစ်မျိုးကတော့ အရေးအကြီးဆုံးလို့ ထင်ပါတယ်။
မေး။ ။ ပရိဘောဂလုပ်တယ် ဆိုတာ အပေါ် ဘယ်လိုခံယူထားလဲ။
ဖြေ။ ။ ပရိဘောဂ လုပ်တယ် ဆိုတာမှာ နှစ်ပိုင်းရှိပါတယ်။ ဒီဇိုင်းနဲ့ တည်ဆောက်မှုပါ။ ဒီဇိုင်းဆိုတာက အနုပညာဆန်ပြီး တည်ဆောက်မှု အပိုင်းကတော့ နည်းပညာပိုင်း ဆန်ပါတယ်။ အစကနေ အဆုံးအထိတော့ အနုပညာနဲ့ နည်းပညာကို ပေါင်းစပ်ပြီး နှစ်ဖက် ဘက်မျှအောင် လုပ်ထားတဲ့ အရာလို့ မြင်ပါတယ်။
မေး။ ။ လုပ်ထားခဲ့သမျှ ဒီဇိုင်းတွေထဲကမှ ဘယ်ဒီဇိုင်းကို အကြိုက်ဆုံးလဲ။
ဖြေ။ ။ Library Chair လို့ ခေါ်တဲ့ ခုံပါ။ ကျနော် အမေရိကားမှာ ကျောင်းတက်ခဲ့တုန်းက စာကြည့်တိုက်တခုမှာ ကျနော် အမြဲ ထိုင်ခဲ့တဲ့ ခုံလေးတခု ရှိပါတယ်။ ကျနော် အဲဒီခုံလေးကို စိတ်ထဲမှာထားပြီးတော့ ဒီဇိုင်းကို သူ့ထက်ပိုကောင်းအောင် လုပ်လိုက်တယ်။ ကျနော် ဒီဟာကို နာမည်ပေးထားတာလည်း Library Chair လို့ နာမည်ပေးထားတယ်။ အဲဒီ ဒီဇိုင်းကို ကျနော် သဘောကျပါတယ်။
မေး။ ။ ဘယ်တုန်းက လုပ်ခဲ့တာလဲ။
ဖြေ။ ။ ၂၀၁၆၊ မနှစ်တုန်းက ပါ။
မေး။ ။ ဘယ်လို ပရိဘောဂမျိုးက ကိုလင်းတင်ထွန်းနီ အတွက် မရှိမဖြစ်လဲ၊ ဘာကြောင့်လဲ။
ဖြေ။ ။ ထိုင်ခုံပါ။ ကျနော် ကျောင်းသားဘဝတုန်းက အမေရိကားမှာ တအိမ်ပြီးတအိမ် ခဏခဏပြောင်းတယ်။ အိမ်ပြောင်းတဲ့ အခါမှာကျနော် အမြဲတမ်း ဘာပရိဘောဂမှ ပါမလာဘူး။ မပါလာတဲ့အခါမှာ ထိုင်ခုံလေးတလုံးက ဘယ်လောက်အထိ အရေးကြီးလဲ ဆိုတာ သိလာရတယ်။ တခါတလေကျ အိမ် ပြောင်းပြီးပြီးချင်း ကြမ်းပြင်ပေါ်မှာ ထိုင်ပြီး ထမင်းစားရမျိုးတွေ ရှိတယ်။ အဲဒီလို ဆိုတော့ ထိုင်ခုံတလုံးက အရမ်းအရေးကြီးတယ် လို့ ထင်ပါတယ်။ ပြီးတော့ ထိုင်ခုံဆိုတာ ကလည်း လူတယောက်နဲ့ ထိတွေ့မှု အများဆုံးပရိဘောဂ တမျိုးပါ။ စားပွဲဆိုတာ ပစ္စည်းပဲ တင်တာလေ။ ထိုင်ခုံက ထိုင်တာ ရှိတယ်။ ရွှေ့တာပြောင်းတာ ရှိတယ်။ သက်တောင့်သက်သာ ရှိဖို့အတွက်က ထိုင်ခုံက အရေးအကြီးဆုံး ပါပဲ။