မုတ်သုန်ရာသီဥတုတွင် မြန်မာနိုင်ငံ၏ ကမ္ဘာလှည့်ခရီးသည် ဝင်ရောက်မှုနည်းချိန်ဖြစ်သော်လည်း ဧပြီလမှစတင်သော မြစိမ်းရောင်ရာသီ လှုပ်ရှားမှုကြောင့် မြန်မာနိုင်ငံသို့ လာရောက်သော ပြည်ပ ခရီးသည် အရေအတွက် တိုးတက်လာပြီး ပုဂံ ရှေးဟောင်း ဗုဒ္ဓဘာသာ နယ်မြေသို့ ခရီးစဉ်များမှာ တနှစ်ပတ်လုံးဆက်လျက်ရှိနေသည်။
မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် -(MTF) ၏ အဆိုအရ လက်ရှိ ခရီးသွားလုပ်ငန်းသည် ၂၀၁၆ ခုနှစ် ပထမ ၆ လနှင့် နှိုင်းယှဉ်လျှင် ၁၀ ရာခိုင်နှုန်းတိုးတက်လာပြီး ထိုကာလအတွင်း ပြည်ပ ဧည့်သည် ၅၁၁၂၇၈ ဦးရှိရာမှ ၂၀၁၇ ခုနှစ် အလားတူကာလတွင် ပြည်ပဧည့်သည်အရေအတွက် ၅၆၂၈၄၈ အထိ တိုးတက်လာသည်။ ထိုစာရင်းများကို နိုင်ငံတကာမှ အဓိက ဝင်ပေါက် ၃ ခုဖြစ်သော ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်များမှ ကောက်ယူခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
မြန်မာနိုင်ငံသို့ပြည်ပခရီးသည်များ လာရောက်မှုမြင့်မားသော ရာသီမှာ အောက်တိုဘာလမှ မတ်လအထိဖြစ်ပြီး ဧပြီလနှောင်းပိုင်းမှ အောက်တိုလလယ် အထိ ဧည့်သည်နည်းပါးလေ့ရှိသည်။ ထိုကာလကို ကာမိစေရန် နှစ်စဉ်မိုးရာသီ အတွင်း ဧည့်သည်များများ လာရောက်ရေးအတွက် မြစိမ်းရောင်ရာသီဟူသော အမည်ဖြင့် ခရီးသွားမြှင့်တင်ရေးကို ခရီးသွားလုပ်ငန်းရှင်များက တွန်းအားပေးဆောင်ရွက်လျက်ရှိသည်။
MTF ကိုယ်စားလှယ်များ၏ အဆိုအရ ထိုကာလအတွင်း သွားရောက်လည်ပတ်ရန် အကောင်းဆုံး နေရာမှာ မြန်မာနိုင်ငံ အလယ်ပိုင်း ပုဂံ၊ မန္တလေးနှင့် ရှမ်းပြည်တောင်ပိုင်း ညောင်ရွှေ မြို့နယ်ရှိ အင်းလေးကန်တို့ဖြစ်ပြီး အင်းလေးသည် ရန်ကုန်ထက် မိုးရေချိန်နည်းသည့် ဒေသတခု ဖြစ်သည်။
“မိုးရာသီဆိုရင် ခရီးသည် လာရောက်မှုနည်းလေ့ရှိတယ်။ ဒါဟာ မိုးတွင်းမှာဆို မြန်မာနိုင်ငံကို သွားလို့မရဘူးဆိုတဲ့ ကမ္ဘာလှည့်ခရီးသည်တွေကြားမှာ နှစ်ပေါင်းများစွာစွဲနေတဲ့အမြင်ကြောင့်ပဲ။ တကယ်တမ်းကျတော့ ပုဂံကို သွားလို့ အကောင်းဆုံးအချိန်က မိုးတွင်းပဲ။ ပိုလည်းလှတယ်။ သစ်ပင်တွေနဲ့ စိမ်းစိုနေတယ်” ဟု MTF ဒုဥက္ကဌ ဖြစ်ပြီး ဈေးကွက်ရှာဖွေရေးကိုဦးဆောင်သူ ဒေါ်မေမြတ်မွန်ဝင်း ကပြောသည်။
ဇန်နဝါရီလမှ ဇွန်လအတွင်း ခရီးသည်ရောက်ရှိမှုတွင်လည်း ကိန်းဂဏန်းများတက်လာကြောင်း၊ ၂၀၁၇ ခုနှစ် ဇွန်လအထိ ခရီးသည်ပိုမိုရောက်ရှိပြီး၊ ထိုင်း၊ တရုတ်၊ စင်္ကာပူ၊ ပြင်သစ်၊ ဂျာမဏီ၊ ဆွစ်ဇာလန်နှင့် အိန္ဒိယနိုင်ငံမှ ခရီးသည် ဝင်ရောက်မှုလည်း တိုးတက်လာသည်ဟု သိရသည်။
ဇန်နဝါရီလမှ ဇွန်လအတွင်း မြန်မာနိုင်ငံသို့ လာရောက်သော ထိုင်းနိုင်ငံမှ ခရီးသည် အရေအတွက်မှာ ၁၁၀၀၀၀ ကျော်ဖြင့် အများဆုံးရှိပြီး တရုတ်နိုင်ငံမှ ၇၀၀၀၀ ခန့် လာရောက်သဖြင့် ဒုတိယအများဆုံးဖြစ်သည်။
MTF သည် ပြည်တွင်းပြည်ပ ခရီးသွားများ ပိုမိုဝင်ရောက်နိုင်ရေးအတွက် ဈေးကွက်မြှင့်တင်နေသောကြောင့် မြန်မာ့ ခရီးသွားလုပ်ငန်း၏ အနာဂတ် တိုးတက်လာမည် ဟု ယူဆပြီး “ကျမတို့မှာ မထိမတို့ရသေးတဲ့ သွားစရာ၊ လည်ပတ်စရာ လေ့လာစရာနေရာတွေ အများကြီးရှိတယ်။ ဒီလိုနေရာတွေကို ပြည်တွင်းခရီးသွားတွေ ပိုပြီးလာကြမယ်လို့လည်း ကျမတို့ ထင်တယ်။ ပြည်တွင်းခရီးသွားတွေ ပိုများလာခြင်းဟာ ခရီးသွားလုပ်ငန်း ရှင်သန်အောင် လုပ်ဆောင်နိုင်တဲ့ နည်းလမ်း တခုလည်း ဖြစ်ပါတယ်။” ဟု ဒေါ်မေမြတ်မွန်ဝင်းက ပြောသည်။
နယ်စပ်ဖြတ်ကျော်ဂိတ်များမှဝင်ရောက်လာသော ခရီးသည်များကိုမူ ခရီးသွားလုပ်ငန်း သို့မဟုတ် စီးပွားရေးလုပ်ငန်း ဝင်ရောက်လာခြင်း ဟုတ်၊ မဟုတ် ဆိုုသည့်အပေါ် မရှင်းလင်းသည့်အတွက် နိုင်ငံခြားခရီးသွား ဧည့်သည် ဝင်ရောက်မှုစာရင်းတွင် ထည့်သွင်းတွက်ချက်ခြင်းမရှိကြောင်း MTF ကဆိုသည်။
အာဆီယံ အဖွဲ့ဝင် ၁၀ နိုင်ငံတွင် မြန်မာနိုင်ငံသို့ ပြည်ပ ခရီးသည်လာရောက်မှုသည် ဒုတိယ အနည်းဆုံးဖြစ်သော်လည်း ပြည်တွင်းခရီးသွားလုပ်ငန်းသည် တိုးတက်နေသည်။
ပုဂံဒေသတွင် ခရီးသွားများအတွက် အခြေခံကျန်းမာရေးစောင့်ရှောက်မှု၊ အရေးပေါ်ကျန်းမာရေးဝန်ဆောင်မှုများနှင့် ကွင်းဆင်းထောက်ပံ့မှုများ ပေးနေသော မြန်မာခရီးသွားလုပ်ငန်းကျန်းမာရေးစောင့်ရှောက်မှုအသင်း (MTHA) ဥက္ကဋ္ဌ ဒေါက်တာကျော်ဇင်ဝင်း ၏ အဆိုအရ ပြည်ပခရီးသွား ၅၀ ခန့်နှင့် ပြည်တွင်းခရီးသွား ၇၀၀ ခန့်မှာ အသင်း၏ဆေးခန်းတွင် ကုသမှုခံယူခဲ့ကြောင်း၊ ဝန်ဆောင်မှုများကို လတ်တလောတွင် ပုဂံတွင်သာ ရရှိသေးသော်လည်း နောင်တွင် အခြားခရီးသွား လုပ်ငန်းနေရာများသို့လည်း တိုးချဲ့မည်ဟု သိရသည်။
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန (MOHT) ကလည်း MTF နှင့်ပူးပေါင်းဆောင်ရွက်နေပြီး MTF မှ ခရီး သွားလာရေး လုပ်ငန်းကဏ္ဍ ရေရှည်တည်တံ့သော ဖွံ့ဖြိုးမှု အတွက် MTHA နှင့် မြန်မာနိုင်ငံဧည့်လမ်းညွှန်များအသင်း အပါအဝင် ခရီးသွားလုပ်ငန်းဆိုင်ရာအဖွဲ့အစည်း ၁၁ ခုနှင့် ပူးပေါင်းဆောင်ရွက်နေသည်။
မြန်မာနိုင်ငံသည် “ အန်ကော- ပုဂံရှေးဟောင်းမြို့တော်နှစ်ခု၊ ခရီးစဉ်တခု” ဟူသော အစီအစဉ်ဖြင့် ကမ္ဘောဒီးယားနိုင်ငံမှ အန်ကောဝပ်နှင့် မြန်မာနိုင်ငံမှ ပုဂံ ပူးတွဲခရီးစဉ်ကိုလည်း ယခုနှစ်နှောင်းပိုင်းတွင် စတင်မည်ဟု ဟိုတယ်နှင့် ခရီး သွားလာရေး ဝန်ကြီးဌာန မှ သိရသည်။
ထိုစီမံချက်ကို အကောင်အအထည်ဖော်ရန် နားလည်မှုစာချွန်လွှာကို စက်တင်ဘာလတွင် လက်မှတ်ရေးထိုးရန် ပြင်ဆင်နေကြောင်း၊ ယခုကဲ့သို့ ခရီးစဉ် ဆောင်ရွက်လာနိုင်ခြင်းက ပုဂံသို့ ပြည်ပခရီးသွားများ ပိုမို လာရောက်လည်ပတ် လာမည်ဟု MOHT မှ ခရီးသွားလုပ်ငန်းမြှင့်တင်ရေး ညွုန်ကြားရေးမှူး ဦးလှမြင့်က ပြောသည်။
နှစ်စဉ် ပုဂံသို့ ခရီးသည် ၃၀၀၀၀၀ ခန့် လာရောက်လေ့ရှိပြီး အန်ကောဝပ်သို့နှစ်စဉ် နိုင်ငံခြားမှ လည်ပတ်သူ တသန်း ကျော်လာရောက်ကြသည်။ ပုဂံသည် အန်ကောဝပ်လောက် ခရီးသည်များ လာရောက်ခြင်း မရှိသေးပေ။
မြန်မာနိုင်ငံတွင် လတ်တလော သဘာဝအခြေခံ ခရီးသွားလုပ်ငန်းနေရာ ၂၁ ခုရှိပြီး ၁၆ ခုမှာ လည်ပတ်လျှက်ရှိကာ ကျန်နေရာများမှာ ဖော်ထုတ်ဆဲအဆင့်တွင် ရှိနေသည်။ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ရန်ကုန်တိုင်းများနှင့် ရှမ်း၊ ကရင်နီနှင့် ကချင်ပြည်နယ်များတွင် ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်းနေရာများ ရှိသည်။ အဏ္ဏဝါခရီးသွားလုပ်ငန်းကို မြိတ်ကျွန်းစုတွင် လုပ်ဆောင်နေသည်။
ပဲခူးရိုးမသစ်တောအတွင်း အုတ်တွင်းနှင့် ပေါက်ခေါင်းမြို့အနီးရှိ သဘာဝအခြေခံခရီးသွားလုပ်ငန်းနေရာများကို ဇူလိုင်လကုန်တွင် ဖွင့်လှစ်မည်ဖြစ်သည်။
ပဲခူးရိုးမ သဘာဝအခြေခံ ခရီးသွားလုပ်ငန်းနေရာသည် ရန်ကုန်- မန္တလေးအဝေးပြေးလမ်း မိုင်တိုင်အမှတ် ၄၃ အနီးတွင် တည်ရှိပြီး၊ ပြည်ပခရီးသည်များအနေဖြင့် ကရင်လူမျိုးစု ယဉ်ကျေးမှုကိုလေ့လာနိုင်ပြီး ခြေလျင်ခရီးကြမ်းနှင်ခြင်း၊ ဆင်စီးခြင်းနှင့် ငှက်မျိုးစိတ် အမျိုးမျိုးကိုလေ့လာခြင်းတို့ကို ပြုလုပ်နိုင်သည်။
ဇူလိုင်လ ၂၉ ရက်နေ့တွင် ဖြိုးစည်သူ ကုမ္ပဏီကတည်ဆောက်ထားသော Bago Yoma Eco resort ဟိုတယ်ကို ဖွင့်လှစ်မည်ဖြစ်ပြီး ထိုစခန်းသို့ လည်ပတ်သူများအနေဖြင့် ပဲခူးရိုးမ သဘာဝဟိုတယ် တွင် တည်းခိုနိုင်မည်ဖြစ်သည်။
ထိုစခန်းသို့ ရန်ကုန်-မန္တလေးလမ်းမှ အုတ်တွင်းသို့ ဝင်သည့်လမ်းမှ သွားနိုင်သလို ပြည် သို့မဟုတ် တောင်ငူလမ်းမှလည်း သွားရောက်နိုင်ပြီး ၂ ရက်ခန့်အချိန်ယူလေ့လာလျှင် အကောင်းဆုံးဖြစ်သည်ဟု MOHT မှ ပြည်သူ့ဆက်ဆံရေးနှင့် ပြန်ကြားရေး ညွုန်ကြားရေးမှူး ဦးမြင့်ထွေးက ဆိုသည်။
MOHT သည် ၂၀၁၇- ၁၈ ကာလအတွင်း မြန်မာနိုင်ငံသို့ ပြည်ပခရီးသည်များ ပိုမိုလာရောက်စေရန် ရည်မှန်းထားပြီး နောက်ထပ် သဘာ၀ အခြေခံခရီးသွားလုပ်ငန်းနေရာများ၊ ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်းအစီအစဉ်နှင့် အဏ္ဏဝါ ခရီးသွားလုပ်ငန်းများ ဖော်ထုတ် ဆောင်ရွက်နေသည်။