စီးပွားရေး

ရန်ကုန်တိုင်းရှိ SMEs များကို တိုင်းအစိုးရက ကူညီရန် အစီအစဉ်ရှိ

Want create site? Find Free WordPress Themes and plugins.

ရန်ကုန်တိုင်း ဒေသကြီးအတွင်းမှ အလားအလာရှိသော အသေးစားနှင့် အလတ်စား (SMEs) လုပ်ငန်းများကို တိုင်းအစိုးရမှ ကူညီပေးမည် ဖြစ်ကြောင်း ယနေ့ ရန်ကုန်မြို့ရှိ UMFCCI တွင် ပြုလုပ်သည့် SMEs Development Strategy “Issues & Solutions” Forumပွဲတွင် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားလိုက်သည်။

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက “ချက်ချင်းအောင်မြင်နိုင်တဲ့ SMEs လုပ်ငန်း နယ်ပယ်တွေကို ဆွဲတင်ဖို့ ဖြစ်ပါတယ်။ အောင်မြင်နိုင်ချေရှိတဲ့ စီးပွားရေး လုပ်ငန်းတွေကို အကောင်ထည်ဖော်ဖို့ဖြစ်တယ်။ ဒီလိုနေရာမျိုးမှာ ကျနော်တို့ ငါးလုပ်ငန်းကို ပွင့်လင်းရာသီမှာ စလုပ်ဖို့ မျှော်မှန်းထားပါတယ်။ အထည်ချုပ်လုပ်ငန်းဆိုရင်လည်း အဆင့်မြင့်တင်နိုင်ဖို့ အတွက် မျှော်မှန်းထားတယ်။ ဒါက အကြမ်းဖျဉ်း ဆွေးနွေးနေတာ ဖြစ်ပါတယ်။ ကျနော်တို့ စီးပွားရေးမှာအောင်မြင်သွားရင် စဉ်ဆက်မပြတ် တည်ငြိမ်တဲ့ စီးပွားဖြစ်ရမယ်။ ဒါကြောင့် SMEs ကဏ္ဍကိုဖွံ့ဖြိုး တိုးတက်အောင် လုပ်ရမယ် ” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် စီးပွားရေးထူထောင်နိုင်ရန် လုပ်ဆောင်မည်ဆိုပါက SMEs လုပ်ငန်းများကို အခြေခံသည့် စီးပွားရေးလုပ်ငန်း တခုမထူနိုင်ပါက စီးပွားရေးကဏ္ဍတွင် အောင်မြင်နိုင်ရန် မရှိကြောင်း၊ SMEs လုပ်ငန်းများ အများဆုံးတည်ရှိရာ ရန်ကုန်တိုင်းကို စတင်ပြီး မြို့နယ် အလိုက် စာရင်း ကောက်ယူနိုင်ရန် ပြင်ဆင်သွားမည် ဖြစ်ပြီး မည်သည့်လုပ်ငန်းကို ကူညီနိုင်မည်ကို သိရှိအောင် ဆောင်ရွက်မည်ဟု သိရသည်။

ယင်းလုပ်ငန်းများအောင်မြင်နိုင်ရန် အတွက် အဓိကအားဖြင့် ငွေကြေးထောက်ပံ့ပေးနိုင်မှု၊ နည်းပညာ ပံ့ပိုးပေးနိုင်မှု နှင့် ကျွမ်းကျင်လုပ်သား မွေးထုတ်ပေးနိုင်ရန်တို့မှာ အကြမ်းဖျဉ်းအားဖြင့် လိုအပ်ကြောင်း၊ ပထမအဆင့်အနေဖြင့် စာရင်းပြုစုရမည် ဖြစ်ပြီး ဒုတိယအဆင့်တွင် ဘဏ်ကဏ္ဍနှင့် ပေါင်းစပ်လုပ်ကိုင်ရမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဝန်ကြီးချုပ်က ပြောသည်။

မြောက်ဥက္ကလာပမြို့နယ် စိန်ရတနာ ဆရာခိုပလပ်စတစ်ဗူး လုပ်ငန်းမှဦးဟန်ရွှေက “ဝန်ကြီးက ကျနော်တို့ SMEs လုပ်ငန်းတွေကို ကူညီပေးမယ်ဆိုရင်တော့ ကောင်းပါတယ်။ အရင်က ဒီလိုမျိုး မရှိဘူး။ အခုကျနော်တို့ကြုံနေတာက တချို့ကျတော့ ငွေရေးကြေးရေး အခက်အခဲရှိတယ်။ ဒါကြောင့် အောင်မြင်တဲ့ လုပ်ငန်းရှိသလို မအောင်မြင်တဲ့လုပ်ငန်းရှိတယ်” ဟုပြောသည်။

SMEs လုပ်ငန်း အချို့မှာ လုပ်ငန်းထပ်မံတိုးချဲ့လိုသော်လည်း မြေနေရာအခက်အခဲ၊ ငွေကြေးအရင်းအနှီး နှင့် လုပ်ငန်းလုပ်ကိုင်ရန် ပါဝါမီတာ အခက်အခဲများရှိနေသဖြင့် အစိုးရမှ ကူညီပေးလျှင် ပို၍ လုပ်ငန်းများ ဖွံ့ဖြိုးနိုင်ကြောင်း ၎င်းက ပြောသည်။

ယနေ့အထိ မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်း မှတ်ပုံတင်ထားမှု လုပ်ငန်းပေါင်း ၁ သိန်း ၂ သောင်းကျော်အနက် ၉၈ ရာခိုင်နှုန်းမှာ SMEs လုပ်ငန်းများဖြစ်သည်။

ရန်ကုန်မြို့တွင် အသေးစားနှင့်အလတ်စား စက်မှုလုပ်ငန်း စုစုပေါင်း ၈၀၀၀ ကျော် ရှိပြီး ဝန်ကြီးဌာနသို့ စာရင်းတင်ပြထားကြောင်း စက်ကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန SMEs ဖွံ့ဖြိုးရေးဌာန မှသိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading