မြန်မာနိုင်ငံတွင် အမေရိကန်ဘဏ်များ စီးပွားရေးလုပ်ကိုင်ခွင့်ကို ပိတ်ပင်ထားသော အမေရိကန်ပြည်ထောင်စု မျိုးချစ်ဥပဒေ the USA Patriot Act ပုဒ်မ ၃၁၁ နှင့် ၃၁၂ ကို ပြန်လည်ဖယ်ရှားပေးရန် မြန်မာနိုင်ငံတွင် အခြေစိုက်သော အမေရိကန်လုပ်ငန်းရှင်များအသင်းက ၎င်းတို့၏ အစိုးရကို တောင်းဆိုလိုက်ကြောင်း သိရသည်။
မြန်မာနိုင်ငံရှိ အမေရိကန်ကုန်သည်ကြီးများအသင်း (AMCHAM) သည် ဘဏ္ဍာရေးဝန်ဆောင်မှုလုပ်ငန်း ၁၃ ခုကို ဦးဆောင်ပြီး နေပြည် တော်နှင့် ရန်ကုန်ရှိ အစိုးရအရာရှိများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ ခရီးစဉ်အတွင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် စကော့မာရှယ် အပြင် သံရုံးဝန်ထမ်းအသီးသီးနှင့်လည်း တွေ့ဆုံခဲ့သည်။
အဆိုပါအဖွဲ့သည် အထက်ပါ ပုဒ်မများကို ရုပ်သိမ်းရေးအတွက် ကူညီပေးရန် အမေရိကန်သံရုံးအရာရှိများကို တောင်းဆိုခဲ့သည်။ ယင်း၏ ရည်မှန်းချက်မှာ မြန်မာနိုင်ငံဈေးကွက်နှင့် အခွင့်အလမ်းများကို အမေရိကန် ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများအနေဖြင့် ပိုမိုနားလည်စေရန် ဖြစ်ကြောင်း AMCHAM က ဆိုသည်။ ၎င်းတို့က အမေရိကန် ဘဏ်လုပ်ငန်းများကို မြန်မာနိုင်ငံတွင် လာရောက်လုပ်ကိုင်ရန်လည်း တိုက် တွန်းခဲ့သည်။
တားဆီးပိတ်ပင်မှုများသည် အမေရိကန်လုပ်ငန်းများ မြန်မာနိုင်ငံတွင် လုပ်ငန်းလုပ်ကိုင်ခြင်း၊ အထူးသဖြင့် မြန်မာနိုင်ငံသို့ ကုန်ပစ္စည်း များ တင်ပို့ခြင်း၊ ရင်းနှီးမြှုပ်နှံခြင်းနှင့် စီးပွားရေး၌ ပါဝင်ရာတွင် အခြား ပြည်ပလုပ်ငန်းများနှင့် တန်းတူ ခြေကုပ်ရယူခြင်းတို့ကို ပြင်းထန်စွာ ထိခိုက်စေသည်ဟု AMCHAM ၏ အမှုဆောင် ဒါရိုက်တာ ဂျူဒီဘန်းက ပြောသည်။
အမေရိကန်ဘဏ်များအား မြန်မာနိုင်ငံတွင် လုပ်ငန်းဆောင်ရွက်ခြင်းကို တားဆီးထားသော အထက်ပါ ပုဒ်မနှစ်ခုကို ရုပ်သိမ်းရေး အား ထုတ်မှုကို မြန်မာနိုင်ငံသားများဘဏ်၏ အမှုဆောင်ချုပ် ဒေါက်တာသောင်းဟန်က ကြိုဆိုလိုက်သည်။ အမေရိကန်အစိုးရက ၎င်းတို့၏ ဘဏ်များကို မြန်မာနိုင်တွင် လုပ်ကိုင်ခွင့်ပေးခြင်းသည် နိုင်ငံဖွံ့ဖြိုးမှုနှင့် ပြည်တွင်းဘဏ်များအတွက် နည်းပညာအထောက်အပံ့ကဲ့သို့ သော အကျိုးကျေးဇူးများရရှိစေမည်ဟု ရှင်းပြပြီး မြန်မာဘဏ်လုပ်ငန်းများ တည်ငြိမ်ရေးအတွက်လည်း ကောင်းမွန်စေမည်ဟု သူက ဆက်ပြောသည်။
“ကမ္ဘာ့စီးပွားရေးအသိုက်အဝန်းမှာ အမေရိကန်က တကယ့်အရေးပါတဲ့အခန်းကဏ္ဍက ပါဝင်တယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် ကျနော် တို့ကတော့ ကြိုဆိုတယ်။ တကမ္ဘာလုံးက ဒေါ်လာနဲ့ အလုပ်လုပ်နေကြတာ။ ကျနော်တို့ ဒါကို ရှောင်လွဲလို့ မရပါဘူး။ ဒါကို မြန်မြန် ဖြစ်လာစေချင်တယ်’’” ဟု ဒေါက်တာ သောင်းဟန်က ပြောသည်။
ဘဏ်များဝင်ရောက်လုပ်ကိုင်လာလျှင် အမေရိကန်နိုင်ငံမှ ပုဂ္ဂလိကကုမ္ပဏီများသည်လည်း မြန်မာနိုင်ငံသို့ ဝင်ရောက်လာနိုင်ကြောင်း သူက ပြောသည်။
သုံးရက်ကြာခရီးအတွင်း အမေရိကန်အရာရှိများနှင့် စီးပွားရေးလုပ်ငန်းရှင်များသည် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်၏ စီပွားရေးအကြံပေး၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဘဏ္ဍာရေးဝန်ကြီး၊ ဗဟိုဘဏ်နှင့် ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်းဌာနမှ အရာရှိများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
၎င်းတို့သည် မြန်မာ့အာမခံလုပ်ငန်း လုပ်ထုံးလုပ်နည်း ကြီးကြပ်ရေးအဖွဲ့နှင့်လည်း တွေ့ဆုံခဲ့ပြီး ပြည်တွင်းအာမခံလုပ်ငန်းဈေးကွက်သို့ ပြည်ပအာမခံလုပ်ငန်းများ ဝင်ရောက်လာနိုင်ရေးအတွက် ပြုပြင်ပြောင်းလဲရေးများ ဆောင်ရွက်ရန် အကြံပေးခဲ့သည်။
“ကောင်းမွန်တဲ့ စီးပွားရေးတခုဆိုတာ ပြည်တွင်းပြည်ပကုမ္ပဏီတွေအတွက် ကန့်သတ်ခွဲခြားထားတဲ့ လုပ်ထုံးလုပ်နည်းတွေမရှိတာ မ တူညီ ကွဲပြားမှုနဲ့ တီထွင်ဆန်းသစ်မှုတွေကို အားပေးတာ လုပ်ငန်းတွေကို တန်းတူညီမျှ အခွင့်အရေးတွေနဲ့ ယှဉ်ပြိုင်စေတာဖြစ်ပါတယ်” ဟု လည်း AMCHAM ၏ ကြေညာချက်တွင် ဖော်ပြထားသည်။