Huawei Consumer Business Group ရဲ့ ၂၀၁၇ ခုနှစ်အတွင်း ပထမနှစ်ဝက် စီးပွားရေးရလဒ်ကို ဇူလိုင်လ ၂၇ ရက်နေ့က တရုတ်နိုင်ငံ၊ ရှန်ကျန်းမြို့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထုတ်ပြန် ကြေညာလိုက်ပြီး ထုတ်ပြန်ချက်အရ ကမ္ဘာတဝှမ်း စမတ်ဖုန်းတင်ပို့မှုနဲ့ ရောင်းအားပမာဏဟာ သိသိသာသာ တိုးတက်လာတာ တွေ့ရပါတယ်။
International Data Corporation (IDC) ရဲ့ စစ်တမ်းအရ Huawei ဈေးကွက်ဝေစုဟာ ၂၀၁၇ ခုနှစ် ပထမ သုံးလပတ်မှာ ကမ္ဘာ့စမတ်ဖုန်း ဈေးကွက်ဝေစုရဲ့ ၉.၈ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပြီး အဆိုပါ တိုးတက်မှုဟာ အဓိက နေရာဒေသများမှာ ရှိတဲ့ အလယ်အလတ် (Mid-range) နဲ့ (High-end) အမြင့် စမတ်ဖုန်းများရဲ့ ရောင်းအား သိသိသာသာ တိုးတက်လာမှုကြောင့် ဖြစ်တယ်လို့ သိရပါတယ်။
“ကျနော်တို့ Huawei Consumer Business Group ရဲ့ ရလဒ်က အလျင်အမြန် တိုးတက်နေတာဖြစ်ပြီး နိုင်ငံတကာ High-end စမတ်ဖုန်း ဈေးကွက်မှာလည်း သိသိသာသာ ထိုးဖောက်နိုင်ခဲ့ပါတယ်။ ဒီတိုးတက်မှုက Huawei အမှတ်တံဆိပ်ရဲ့ အားသာချက်ကို အဓိက သက်သေပြနိုင်ခဲ့တာဖြစ်ပြီး သုံးစွဲသူတွေနဲ့ ကိုက်ညီမယ့် ထုတ်ကုန်များ အဆင့်မြင့် စမတ်ဖုန်း ဈေးကွက်မှာ ရပ်တည်နိုင်ခဲ့တဲ့ အရှိန်အဟုန်လည်း ဖြစ်ပါတယ်” လို့ Huawei Consumer Business Group ရဲ့ အမှုဆောင်အရာရှိချုပ် Mr.Richard Yu က ပြောပါတယ်။
ထုတ်ပြန်ချက်အရ Huawei ရဲ့ ၂၀၁၇ ခုနှစ်အတွင်း ပထမ ၆ လ ဝင်ငွေဟာ နှစ်စဉ်တိုးတက်မှုနှုန်း ၃၆.၂ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး တရုတ်ယွမ်ငွေ ၁၀၅.၄ ဘီလီယံသို့ မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ Huawei စမတ်ဖုန်း တင်ပို့မှုက အလုံးရေ ၇၃.၀၁ မီလီယံသို့ ရောက်ရှိခဲ့ပြီး နှစ်စဉ်တိုးတက်မှုနှုန်း ၂၀.၆ ရာခိုင်နှုန်း တိုးတက်ခဲ့တယ်လို့ သိရပါတယ်။
Huawei မှ အမှတ်တံဆိပ် ကြီးထွားလာမှုနဲ့အတူ လက်လီအရောင်းကွန်ယက်ကိုလည်း ထပ်မံ တိုးမြှင့်သွားမှာဖြစ်ပြီး ၂၀၁၆ ခုနှစ်၊ မေလမှာ ဆိုင်ပေါင်း ၃၅၀၀၀ ဖွင့်လှစ်ထားရာကနေ ၂၀၁၇ ခုနှစ် နှစ်ကုန်မှာ ဆိုင်ပေါင်း ၅၆၀၀၀ အထိ တိုးမြှင့် ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။
ဒါ့အပြင် Huawei ဟာ နည်းပညာနယ်ပယ်မှာ ကမ္ဘာကျော်ကုမ္ပဏီများဖြစ်ကြတဲ့ “Leica, Dolby, Microsoft, Intel, Google” စတဲ့ ကမ္ဘာ့နာမည်ကြီး အမှတ်တံဆိပ်များနဲ့လည်း ပူးပေါင်းပြီး ကိုယ်ပိုင်တီထွင် ဆန်းသစ်မှုများ ဖန်တီးပြုလုပ်လျက် ရှိပါတယ်။
လက်ရှိမှာလည်း Huawei ဟာ ဓာတ်ပုံပညာနဲ့ ဖက်ရှင်သဘောကျသူများအတွက် P Series၊ နည်းပညာနဲ့ စီးပွားရေး သမားများအတွက် High-end စမတ်ဖုန်း Mate Series၊ ဒီဂျစ်တယ်နဲ့ ဖျော်ဖြေရေးအသုံးပြုချင်သူများအတွက် Middle-end, Nova Series စမတ်ဖုန်းများကို ဈေးကွက်မှာ ထုတ်လုပ်ရောင်းချလျက်ရှိပါတယ်။
Huawei ဟာ တရုတ်နိုင်ငံမှာ ဈေးကွက်ဝေစု ၂၂.၁ ရာခိုင်နှုန်းနဲ့ ရပ်တည်လျက်ရှိပြီး စမတ်ဖုန်းတင်ပို့မှု နှစ်စဉ်တိုးတက်မှုနှုန်း ၂၄ ရာခိုင်နှုန်း တိုးတက်ခဲ့တယ်လို့ သိရပါတယ်။ ဥရောပမှာလည်း စမတ်ဖုန်းတင်ပို့မှု တိုးတက်မြန်ဆန်လာတာ တွေ့ရပြီး ဥရောပ အရှေ့အလယ်ပိုင်းနဲ့ မြောက်ပိုင်းဒေသတွေမှာ နှစ်စဉ်တိုးတက်မှုနှုန်း ၁၈ ရာခိုင်နှုန်း တဟုန်ထိုး တိုးတက်လာတာ တွေ့ရတယ်လို့ Mr.Richard Yu က ဆိုပါတယ်။
Huawei Consumer Business Group ဟာ ထိုင်း၊ မလေးရှား၊ ဂျပန်၊ တောင်ကိုးရီးယား စတဲ့ အာရှပစိဖိတ်နိုင်ငံများရဲ့ ဈေးကွက်မှာလည်း ထိုးဖောက်နိုင်ခဲ့ပြီး ရုရှားနိုင်ငံမှာလည်း ဈေးကွက်ဝေစုများ ရရှိလာခဲ့တယ်လို့ သိရပါတယ်။
Huawei ထုတ်ကုန်များနဲ့ ဝန်ဆောင်မှုများကို နိုင်ငံပေါင်း ၁၇၀ ကျော်မှာ ရရှိလျက်ရှိပြီး Huawei ထုတ်ကုန်များကို ကမ္ဘာ့လူဦးရေ ၃ ပုံ တပုံက သုံးစွဲလျက်ရှိပါတယ်။ ၂၀၁၅ ခုနှစ်မှာ စမတ်ဖုန်းတင်ပို့မှု တတိယနေရာကို ရောက်ရှိခဲ့ပြီး အမေရိကန်၊ ဂျာမနီ၊ ဆွီဒင်၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နိုင်ငံတို့မှာ သုတေသနစင်တာပေါင်း ၁၅ ခု တည်ထောင်ထားတယ်လို့ သိရပါတယ်။